နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၆/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၆/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၆/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒေသအလိုက် စားနပ်ရိက္ခာပေါများရေးနှင့်ပတ်သက်၍ တွန်းအား ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စားရေးဖူလုံမှုရှိသော်လည်း အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ဒေသအလိုက် ဖူလုံမှု မရှိသည့် နေရာဒေသများရှိကြောင်း၊ ဒေသတွင်းဆန်ဖူလုံမှုဖြင့် ကျေနပ်မနေဘဲ စပါးအထွက် နှုန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် စပါးစိုက်တောင်သူများ၏ ဝင်ငွေ တိုးတက် လာမည်ဖြစ်ကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား နိုင်ငံစီးပွားရေးနှင့် အခြေခံလုပ်သား လစာကိုအခြေခံတွက်ချက်၍ ထိုက်သင့်သည့်ဈေးနှုန်းဖြင့် သတ်မှတ် ပေး ထားကြောင်း၊ ဆန်ဖူလုံရေးနှင့်ပတ်သက်၍ အထွက်နှုန်းတိုးအောင်ဆောင်ရွက်၍ ဆန်ဖူလုံ အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက်အကျိုးရှိမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ မြေဩဇာ၊ ဒီဇယ်ဆီများ ဖြစ်နိုင်သမျှ ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ ထို့အတူအခြားစိုက်ပျိုးရေး ထွက်ကုန်များကိုလည်း အထွက်နှုန်းတိုးအောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် စိုက်ပျိုးရေး ထွက်ကုန်များ အထွက်နှုန်းတိုးတက်အောင် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ အကောင်းဆုံးအခွင့်အလမ်းများ စုဝေးနေ သည့်နေရာဖြစ်ပြီး သွားလာမှုအဆင်ပြေသည့် နေရာတစ်ခုဖြစ်သဖြင့် အဆိုပါ အားသာချက် များကိုအသုံးချ၍ ကြိုးစားဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရန်ကုန်တိုင်းသည် ထိပ်ဆုံးသို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အာဆီယံတွင် ဧပြီ ၂၄ ရက်၌ အာဆီယံ အထူးကိုယ်စားလှယ်ရွေးချယ်စေလွှတ်ရေးအပါအဝင် အကြမ်းဖျဉ်းအားဖြင့် သဘောတူညီ ချက် ၅ ချက်ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင်နိုင်ငံရေးအရ ပြန်လည်ရင်ကြား စေ့ရေးနှင့် ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံမှပူးပေါင်း ဆောင်ရွက်ပေး နိုင်မည့် ကိစ္စရပ်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံပဋိဉာဏ်၊ အာဆီယံကတိ ကဝတ်များဖြင့် ရပ်တည်ဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခြင်းထက် အခြားစွက်ဖက်မှုအချို့ရှိသည်ကိုတွေ့ရှိရသဖြင့် အတတ်နိုင်ဆုံး ပြေလည်အောင် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ယနေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၆ နှစ် မြောက်နေ့ဖြစ်ပြီး အခမ်း အနားတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ အနေဖြင့် တိုးတက်အောင်ဆက်လက်ဆောင်ရွက်ရန်၊ လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များကိုလည်း ဖိတ်ခေါ်ပါကြောင်းနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒ၊ နိုင်ငံအကျိုးရှိစေမည့် အကြောင်းချင်းရာများကို Video Message ဖြင့်ပေးပို့သော မိန့်ခွန်းတွင် အပြည့်အစုံထည့်သွင်းပြောကြားခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းထားသည့် EAO အဖွဲ့များမှ ကာယကံမြောက် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ထားသူများနှင့် လက်နက်နှင့်တကွဖမ်းဆီးရမိ သူများမှအပ ကျန်အဖွဲ့ဝင်များ၏ အမှုစွဲဆိုထားမှုများကို ပိတ်သိမ်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း။
မိမိတို့အနေဖြင့်မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိပြီး ယင်းသည် နိုင်ငံ့အရေး ကိစ္စပင်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ ကိစ္စများ နှင့်ပတ်သက်၍လည်း တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှလည်း EAO အဖွဲ့အချို့အနေဖြင့် နိုင်ငံရေး မတည်ငြိမ် မှုကို အသုံးချ၍ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများ ပြုလုပ်လာသဖြင့် ထိန်းသိမ်း ဆောင်ရွက်နေရမှုများရှိကြောင်း၊ ယခုအခါပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာပြီး ပြည်သူများ၏ သတင်းပေးမှုများနှင့် ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက် မှုများကြောင့် ဖမ်းဆီရမိမှုများ များစွာပြုလုပ်လာနိုင်ကြောင်း၊ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အရေးအကြီးဆုံးဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည့် ဒေသများ တွင် သတင်းရရှိမှု ပိုမိုမြန်ဆန်ကာ ဒေသတည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးတည်ဆောက် နိုင်သည်ကို တွေ့ရှိရကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ ပိုငွေပြခဲ့သော်လည်း ကုန်သွယ်မှုနှုန်းမှာ ကျဆင်းခဲ့ကြောင်း၊ မိမိတို့ တစ်နိုင်ငံတည်း ကုန်သွယ်မှုကျဆင်းနေခြင်းမဟုတ်ဘဲကမ္ဘာနှင့်အဝန်းဖြစ်ပေါ်နေခြင်းဖြစ်ပြီး နိုင်ငံတကာတွင် လည်း ကျဆင်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မဖြစ်မနေသုံးစွဲရသည့် စားသောက်ကုန်များ မှလွဲ၍ ကျန်ရှိသည့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုကျဆင်းလာကြောင်း၊ မိမိတို့နိုင်ငံတွင် ဘိလပ်မြေများ လုံလောက်စွာထုတ်လုပ်နိုင်သည့် စက်ရုံများရှိပြီး ကုန်ကြမ်းများလည်း လုံလောက်စွာရှိကြောင်း၊ နိုင်ငံအတွင်း ဘိလပ်မြေလုံလောက်စွာ ထုတ်လုပ်နိုင်ရေး အသုံးချဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး အများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ အဆိုပါကျေးလက်နေပြည်သူ များ၏ စားဝတ်နေရေးနှင့်စီးပွားရေးကို ပြစ်ပယ်ထား၍မရကြောင်း၊ စိုက်ပျိုးရေးတွင် အရေး အကြီးဆုံးလိုအပ်ချက်မှာ မြေဩဇာနှင့် ရေလုံလောက်စွာရရှိရေးပင်ဖြစ်ကြောင်း၊ မြေဩဇာ ရရှိရေးအတွက် ပြည်ပမှဈေးနှုန်းကြီးမြင့်စွာဖြင့် တင်သွင်းနေရပြီး ပြည်တွင်း၌ လိုအပ်ချက် များစွာရှိကြောင်း၊ မြေဩဇာနှင့်ပတ်သက်၍ တိရစ္ဆာန်များနှင့် သစ်ဆွေးမြေများမှ ရရှိနိုင်သည့် သဘာဝဓာတ်မြေဩဇာ Bio Fertilizer ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ နိုင်ငံအတွက် ယူရီယားဓာတ်မြေဩဇာထုတ်လုပ်ရေး မရှိမဖြစ်လိုအပ်သဖြင့် ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ယူရီယားဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံအား အပြည့်အဝလည်ပတ်ခြင်းဖြင့်ပြည်တွင်း မြေဩဇာလိုအပ်မှုကိုအထိုက်အလျောက် အကျိုးရှိမည်ဖြစ်သဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အဓိကလိုအပ်ချက်မှာ သဘာဝ ဓာတ်ငွေ့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား အကြောင်း အမျိုးမျိုးဖြင့် ပြည်ပသို့ရောင်းချနေခြင်းများရှိကြောင်း၊ ပြည်ပနှင့်စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း၌အကျိုးရှိစွာအသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်ရမည့် မူဝါဒကို ထည့်သွင်းချမှတ် ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သည့် ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်တို့မှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝ ဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းများကို လျှော့ချနိုင်ပြီး သဘာဝဓာတ်ငွေ့များ အား အခြားနေရာများတွင် အသုံးပြု၍ရကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ ခေတ်မီသည့် မွေးမြူရေးစနစ်များဖြစ်ရန်လိုကြောင်း၊ တပ်မတော်တွင် ဥစားကြက်များမွေးမြူရာတွင် ခေတ်မီအအေးခန်းစနစ်(Evaporated Cooling System)ဖြင့် မွေးမြူလျက်ရှိပြီး ကြက်ဥများအထွက်နှုန်းကောင်းမွန်သဖြင့် စီးပွား ရေး အရ တွက်ခြေကိုက်ကြောင်း၊ သို့သော် နိုင်ငံတကာနှင့်ယှဉ်ပါက မွေးမြူရေးလုပ်ငန်း များတွင် နည်းပညာအရ နောက်ကျမှုရှိနေသေးကြောင်း၊ မိမိတို့အနေဖြင့်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာလုပ်ငန်းများမှ ဖောက်ထွက်၍ ခေတ်မီနည်းစနစ် များဖြင့် ကြိုးစား ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏အဓိကစီးပွားရေးကို ဆောင်ရွက်ပေးနေ သည့် ကျေးလက် နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ ထပ်မံတိုးမြှင့်ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်တွင် ပြည်တွင်းဖြစ်ကိုအားပေးရန်နှင့် ပြည်တွင်း စီးပွားရေးကို ပိုမိုအားပေးရန် လိုအပ်ကြောင်း၊ ပြည်သူများချမ်းသာကြွယ်ဝခြင်းသည် နိုင်ငံချမ်းသာကြွယ်ဝခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူကိုဆင်စီးမြင်းရံဖြင့် လူမှုဘဝမြင့်မြင့် မားမားနေထိုင်နိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ လိုအပ်သည် များ ထိန်းကျောင်းပေးခြင်းနှင့်အားပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးနှင့်ပတ်သက်၍ ယခင်လများထက် ကျဆင်းမှုများရှိသော်လည်း ယခုထက်ထပ်မံကျဆင်းရန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် စစ်ဆေးမှုများအား ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်တိုဘာ ၁၄ ရက် ည ထုတ်ပြန်ချက်အရ ရောဂါပိုး တွေ့ရှိသူ ၁၅၁၄ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးရှိကြောင်း၊ တွေ့ရှိသူရာခိုင်နှုန်း ၈ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိနေကြောင်း၊ ပညာသင်ကြားနေသည့် ကျောင်းသားများ ကာကွယ်ဆေး ထိုးနှံရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးနှံသူများ များပြားလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း၊ ရောဂါပိုးတွေ့ရှိရာတွင် ရှမ်းပြည်နယ်သည် အရေအတွက် အများဆုံးဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရမည့် အခြေအနေတွင် ရှိနေဆဲဖြစ်သဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်းလိုက်နာ နေထိုင်ကြရန်လိုကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ရောဂါ ကူးစက်မှုနှုန်းကျဆင်းသည့် အချို့မြို့နယ်များအား ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လုံးဝစိတ်ချရသည့် အနေအထားသို့မရောက်ရှိသေးကြောင်း၊ ပြည်ပမှကာကွယ်ဆေးများ ရောက်ရှိမှုမှာ ဝယ်ယူထားသည့်ကာကွယ်ဆေးနှင့် လှူဒါန်းထားသည့်ကာကွယ်ဆေး Does စုစုပေါင်း ၂၃၈၂၃၆၀၀ ဖြစ်ကြောင်း၊ ယခုလ ၁၄ ရက်အထိ ကာကွယ်ဆေး Does ထိုးပြီး သူစုစုပေါင်း ၁၂၂၉၁၁၄၈ ဦးရှိပြီး ထပ်မံထိုးနှံပေးနေဆဲ ဖြစ်ကြောင်း၊ ပြည်ပမှကာကွယ် ဆေးများ ထပ်မံဝယ်ယူရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုရာခိုင်နှုန်းများ ကျဆင်းခဲ့ခြင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပြည်သူများ၏ အပြည့်အဝပူးပေါင်း ဆောင်ရွက်မှုနှင့် အောက်ဆီဂျင်လုံလောက်အောင်ကြိုးပမ်းနိုင်မှု၊ ကုသဆေးအား One Stop Services ဖြင့် အခွန် “0” ဆောင်ရွက်ပေးမှု၊ ထိုက်သင့်သော ကာကွယ်ဆေးထိုးနှံပေးနိုင်မှု တို့ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံ သာယာဝပြောရေးကိစ္စများတွင် ကဏ္ဍပေါင်းစုံမှစဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်းဖြင့်မှာ ကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဦးရွှေကြိမ်းတို့က နိုင်ငံတော်နှင့် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်နေသည့် ဥပဒေများ ပြန်လည် ပြဋ္ဌာန်းပေးရေး၊ နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ဥပဒေ များအား ဖျက်သိမ်းရေး၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ ဆောင်ရွက်ရေး၊ အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပြေလည်စေရေး အတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရေး၊ လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးသော အာဏာရှင်ဆန်သည့် ပါတီကြီးဝါဒမဖြစ်စေရန်၊ ဖက်ဒရယ်စနစ် အတွက် အထောက်အကူပြုစေရန် ရွေးကောက်ပွဲစနစ်အား အချိုးကျကိုယ်စားပြု(PR)စနစ် ကျင့်သုံးနိုင်ရေး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲမသမာမှုများကိစ္စရပ်များကို နိုင်ငံတကာ နှင့် ပြည်သူလူထုပိုမိုသိရှိအောင် ဆောင်ရွက်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားရေး၊ ပြည်သူလူထုအတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ဗဟိုဘဏ်မှကြီးကြပ် ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်၏မူဝါဒများအပေါ် ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ဆောင်ရွက်ရေး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် တိရစ္ဆာန်ဆေးနှင့်အစာ ထုတ်လုပ်မှုအပိုင်းအား နိုင်ငံတော်အစိုးရက ကြပ်မတ်ဆောင်ရွက်ရေး၊ နေပြည်တော်ရှိ ချောင်းမကြီးဆည်မှ ပေးဝေသည့်ဆည်ရေ အရည်အသွေး ကောင်းမွန်စေရန် ရေအရည် အသွေး ပုံမှန်စစ်ဆေးပေးရန်နှင့် ဆည်လုံခြုံရေးတိုးမြှင့်ချထားပေးရေး၊ ဘဏ်ဝန်ထမ်းများ အကျင့်ပျက်ခြစားမှု မရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားရေး။
ရခိုင်ပြည်နယ်ရှိ ဒီရေတောများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် လူမှုကွန်ရက်စာမျက်နှာများကို ကြပ်မတ်ဆောင် ရွက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းသူကျောင်းသားကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံခြားဝင်ငွေရရှိမည့် ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် လွယ်ကူလျင်မြန်ချောမွေ့ရေး၊ ဆောက်လုပ်ရေးသုံးပစ္စည်းအချို့အား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ ချင်းပြည်နယ်ရှိ တောင်တန်းဒေသများ၌ မဟာဓာတ်အား လိုင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးတို့မှ တစ်ဆင့် လျှပ်စစ်ဓာတ် အား ရရှိအသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးရေး၊ စပါး ရိတ်သိမ်း ချွေလှေ့ စက်များအတွက် လိုအပ်သည့် စက်သုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် အစိုးရရုံးဌာနများ တိုးချဲ့ဖွင့်လှစ်ရေးတို့နှင့်စပ်လျဉ်း ၍ ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည့် ဥပဒေများ ပြန်လည်ပြဋ္ဌာန်းရေးနှင့် မလိုအပ်သည့်ဥပဒေများ ဖျက်သိမ်းရေးတို့နှင့်စပ်လျည်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းနှင့်စပ်လျဉ်း၍ စပါးဈေးနှုန်းသတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်း များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ အခြေခံဝန်ထမ်းများ၏ အခြေခံလစာ ရရှိမှုအပေါ် ချိန်ထိုးစဉ်းစားခဲ့ကြောင်း၊ အချိုးကျကိုယ်စားပြု (PR) စနစ်နှင့်စပ်လျဉ်း၍ မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်မရှင်အနေဖြင့် သက်ဆိုင်ရာ ပါတီများနှင့်ဆွေးနွေးနေကြောင်း၊ NGO ၊ INGO အဖွဲ့များနှင့်လည်း ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊
ပြည်ပပို့ကုန် တင်ပို့မှုများနှင့် စပ်လျဉ်း၍ ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီအောင် ဦးစွာဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ သံရုံးအချို့တွင် စီးပွားရေးသံမှူးများ ထားရှိပြီး နိုင်ငံခြားသို့ ပြည်တွင်းထုတ် ကုန်အမယ်သစ်များ တင်ပို့နိုင်ရေးဈေးကွက်ရှာဖွေ ဆောင်ရွက် ရန် တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်တွင် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ပါ ကြံဆ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုလည်း လိုအပ်ပါ ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အစိုးရရုံးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရေး နှင့်စပ်လျဉ်း၍ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်မည့်ရုံး၊ ဌာနများ ထားရှိနိုင်ရေး ဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒီရေတော၊ ဓနိတောများနှင့်စပ်လျဉ်း၍ ပြန်လည်ထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့် ကာကွယ် ဆေး များကိုလည်း ထပ်မံမှာယူထားကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့ ရည်မှန်းဆောင်ရွက်နေသည်မှာ တိုင်းပြည် သာယာဝပြောရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာရေး ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့တိုင်းပြည်သည် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော ရှက်ဖွယ်ရာဖြစ်သည့် မရိုးသားမှုများသည် တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်ပင်ဖြစ်ပြီး သင်ခန်းစာယူကြရန်လိုကြောင်း၊ နောင်လာနောက်သားများအတွက် ကောင်းမွန်သော အမွေကောင်းများသာ ထားရှိပေးခဲ့လိုပြီး အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း အမြင်ကျယ်ကျယ်စဉ်းစား၍ တိုင်းပြည်ကောင်းကျိုးအတွက် စဉ်းစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။