နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် စီမံကိန်းနေရာသို့ ရောက်ရှိကြရာ စီမံကိန်းဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင် နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စီမံကိန်းဥက္ကဋ္ဌ က မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နေမှုအခြေအနေများအား စီမံကိန်း အကွက်ချပုံစံငယ်ဖြင့် ရှင်းလင်းတင်ပြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စီမံကိန်းအတွင်းရှိ စက်မှုဇုန်နယ်မြေသို့ ရောက်ရှိကြရာ စီမံကိန်း ဥက္ကဋ္ဌ နှင့် အထွေထွေမန်နေဂျာ ဒေါက်တာ ထွန်းထွန်းအောင် တို့က စက်မှုဇုန် နယ်မြေ အတွင်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်မည့် အခြေအနေများ၊ ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က စီမံကိန်းဧရိယာသည် အပူပိုင်းဒေသဖြစ်သဖြင့် စီမံကိန်း နယ်မြေ ဧရိယာအစပ်များနှင့် လစ်လပ်မြေနေရာများတွင် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် စိမ်းလန်း စိုပြေသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နယ်မြေ အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရာ၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်လျှောက်ထားစေခြင်းဖြင့် လုပ်ငန်း များ ဆောင်ရွက်ရာ၌ ပိုမို မြန်ဆန်စေမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက် ၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသည့် လျှပ်စစ်ဓာတ်အားအပြင် မိုးရွာရက်နည်းပြီး ပူပြင်းသည့် ဒေသဖြစ်သည့်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲ နိုင်ရေးအတွက်လည်း လုပ်ဆောင်ကြစေလိုကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အတွင်း ဆောင်ရွက်မည့် တိုင်း ဒေသကြီး မွေးမြူရေးဇုန် မြေနေရာသို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်း က မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အကြားရှိ မြေဧက ၃၀၀၀ ကျော်ကို မွေးမြူရေးဇုန် အဖြစ်ဆောင်ရွက်ရန် လျာထားဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မန္တလေးတိုင်း ဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင် က လျာထားဆောင်ရွက်မည့် မွေးမြူရေးဇုန်အတွင်းသို့ ရေရရှိရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ် က မွေးမြူရေးဇုန်များအဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသနှင့် ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းနိုင်မည့် စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ရေရှည်ကို မျှော်တွေး၍ သေချာစွာ တွက်ချက်ဆောင်ရွက်ကြရန်လိုအပ်သည့် အခြေ အနေများ၊ မွေးမြူရေးဇုန်အတွင်း ဧရိယာတစ်ခုသတ်မှတ်၍ solar plants တစ်ခု ဆောင်ရွက်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မြစ်ရေတင်ခြင်းနှင့် မွေးမြူရေး လုပ်ငန်းအတွက် လိုအပ်သည့်နေရာများတွင် အသုံးချနိုင်မည်ဆိုပါက အကျိုးအမြတ် ရရှိနိုင်သည့် အခြေအနေများနှင့် မြေဧရိယာများအား မွေးမြူရေးဇုန်အဖြစ် သတ်မှတ် ဆောင်ရွက်ရာတွင် ဥပဒေနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။