နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အကျဉ်းချုပ်အချက် အလက်များ၊ နှစ်အလိုက် ရဲရွာတမံ ရေသိုလှောင်မှုအခြေအနေများ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေများ၊ ရဲရွာရေလှောင်တမံ နှစ်အလိုက် ရေဝင် ရောက်မှုအခြေအနေများ၊ ရေလှောင်တမံရေအမြင့်အလိုက် စက်တစ်လုံးထုတ်လုပ် နိုင်မှု စွမ်းအားများ၊ ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းအိမ်ယာများ ပြုပြင်ဆောင်ရွက် နေမှုအခြေအနေများ၊ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စက်အမှတ်(၄)အကြီးစားပြုပြင်ခြင်းဆောင်ရွက်ခဲ့မှု အခြေ အနေများ၊ မြစ်ငယ်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် အရင်းအမြစ်များ၏ လျှပ်စစ်စီမံကိန်းများ ၏ အခြေအနေများ၊ နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက် များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အထက်ရဲရွာစီမံကိန်းဆိုင်ရာအချက် အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အလယ်ရဲရွာရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများ၊ ၂၀၂၂ ခုနှစ် အတွင်း ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများမှ လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နေမှု အခြေအနေများနှင့် နှစ်အလိုက် ဓာတ်အားတိုးတက် သုံးစွဲမှုအခြေအနေများ၊ ဓာတ်အားလိုအပ်ချက်၊ ထုတ်လုပ်နိုင်မှုနှင့် ဝန်အားလျှော့ချ ရမည့်အခြေအနေများ၊ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများ၊ သဘာဝဓာတ်ငွေ့ဖြင့်လက်ရှိ ဓာတ်အားထုတ်လုပ်နေမှု အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေအားလျှပ်စစ်စီမံကိန်းသည် ရေရှည်ဆောင်ရွက်ရသည့် စီမံကိန်းများဖြစ်ကြောင်း၊ အထက်ရဲရွာနှင့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဒီးဒုတ် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုကြောင်း၊ LNG ဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ကုန်ကျစရိတ်ကြီးမြင့်ကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဆောင်ရွက်ရာတွင်လည်း ပြည်ပကုမ္ပဏီများကိုသာမက ပြည်တွင်း ကုမ္ပဏီများမှလည်း ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရန်လိုကြောင်း။
“လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်ရန်” ဟု ယခင်က သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းသည် စီးပွားရေးအရ တွက်ခြေ ကိုက်ကြောင်း၊ လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက် တွင်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော်လည်း သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့ မှုများရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား သည် မရှိမဖြစ်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် ငွေကြေးကုန်ကျမှုများစွာဖြင့် အချိန်ကြာမြင့်စွာတည်ဆောက် ရကြောင်း။
ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးအား တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသောအကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍မရအောင် အတိုင်းအတာကြီးမား ကြောင်း၊ ယခုရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသောလျှပ်စစ်ယူနစ်များ၏ တန်ဖိုးကိုတွက်ချက်ပါက စက်ရုံတည်ဆောက်မှု ကုန် ကျစရိတ်အား ပြန်လည်ရရှိပြီးဖြစ်သည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အတွက် များစွာအထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ်များစွာရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများစွာရှိကြောင်း၊ လက်ရှိဆောင်ရွက် နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကိုလည်း လုပ်ငန်းများပြီး မြောက်အောင်မြင်စေရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လို ကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ် အားသုံးစွဲရာတွင်လည်း မလိုအပ်သည့်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို လျှော့ချရန်လို ကြောင်း၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် LED မီးကဲ့သို့သော မီးများပြောင်းလဲ အသုံးပြုရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများထုတ်လုပ်မှုပိုင်းတွင် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုသကဲ့သို့ သုံးစွဲမှုအပိုင်းကိုလည်း တတ်နိုင်သမျှလျှော့ချရန် လိုကြောင်းဖြင့်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် ရဲရွာရေအားလျှပ်စစ်စီမံကိန်းဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှူး ဦးခင်မောင်တင့်က လက်ခံရယူသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ရဲရွာရေလှောင်တမံပေါ်သို့သွားရောက်၍ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။