နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်

 
နေပြည်တော် ဇန်နဝါရီ ၂၈

 
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်သည့် ၂၀၂၂ ခုနှစ် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအနီးရှိ စက်စက်ယိုကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဦးစောဒယ်နီယယ်၊ ဦးရွှေကြိမ်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာ နိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(ရန်ကုန်)၊ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်(နေပြည်တော်)နှင့် မွေးမြူရေးလုပ်ငန်းကုမ္ပဏီများ မှ တာဝန်ရှိသူများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ တို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာအစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိမိအနေဖြင့် အမျိုးသား ရေးလုပ်ငန်းစဉ်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး သာယာဝပြောသည့်နိုင်ငံဖြစ်ပေါ် စေရန်၊ နိုင်ငံတွင်စားရေရိက္ခာပေါများပြီး နိုင်ငံသူနိုင်ငံသားများအားလုံးဝဝလင်လင်ဖြင့် အာဟာရ ပြည့်ဝစွာကျွေးမွေးနိုင်သည့် နိုင်ငံဖြစ်စေရန်ဆိုသည့် မူဝါဒများပင်ဖြစ် ကြောင်း၊ “အူမတောင့်မှ သီလစောင့်နိုင်မည်” ဆိုသည့် မြန်မာစကားရှိပါကြောင်း။
မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့်အတွက် စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ နိုင်ငံတွင်ရှိသည့် လူဦးရေအများစုမှာ စိုက်ပျိုးရေး ကိုအဓိကပြုလုပ်ကြပြီး မွေးမြူရေးကိုလည်းတွဲဖက် လုပ်ကိုင်ကြသူများရှိသကဲ့သို့ မွေးမြူရေးလုပ်ငန်းသီးသန့် ဆောင်ရွက်ကြသူများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကိုသာမက မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်ရေး လိုအပ်သည့်သဘာဝ သယံဇာတ အရင်းအမြစ်များရှိပြီးဖြစ်သည့်အတွက် မျိုးကောင်းမျိုးသန့်များနှင့် ထုတ် လုပ်မှုဆိုင်ရာနည်းပညာများကို ပူးပေါင်းလိုက်မည်ဆိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒ ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တစ်ခုအဖြစ် မလွဲမသွေ‌ဖြစ်လာမည်ဟု ယုံကြည်ကြောင်း။
မိမိတို့နိုင်ငံတွင် အဓိကစားသုံးသည့် အသားငါး ၅ မျိုးရှိသည်ဟု လေ့လာမိ ကြောင်း၊ ၎င်းတို့မှာ ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးတို့ပင်ဖြစ်ပြီး အသား ၄ မျိုးနှင့်‌ ရေထွက်ပစ္စည်းတစ်မျိုးတို့ပင်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံတွင် ဒေသနွားကောင်ရေ ၈ ဒသမ ၈ သန်း၊ နို့စားနွားကောင်ရေ ၅ သောင်းကျော်၊ နွားနောက်ကောင်ရေ ၅ သောင်းကျော်၊ ကျွဲကောင်ရေ ၁ ဒသမ ၆ သန်းကျော် မွေးမြူထားရှိပြီး စုစုပေါင်း ကျွဲနွား ကောင်ရေ ၁၀ ဒသမ ၆ သန်းကျော် ရှိကြောင်း၊ အလားတူ ၂၀၂၁ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းများအရ ဝက်ကောင် ရေ ၃ ဒသမ ၇ သန်း၊ အသားစားကြက် ၃၀ ဒသမ ၈ သန်း၊ ဥစားကြက် ၂၈ ဒသမ ၅ သန်း၊ ဒေသကြက် ၃၈ ဒသမ ၅၅ သန်း၊ သိုးဆိတ် ၂ ဒသမ ၂၂ သန်းရှိသဖြင့် များပြား သည့် မွေးမြူမှုပင်ဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင်လည်း တိရစ္ဆာန် သားငါများ မွေးမြူသည့် နိုင်ငံများရှိသကဲ့သို့ သားငါးများတင်သွင်းသည့် နိုင်ငံများလည်းများစွာရှိကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ မှလည်း မိမိတို့နိုင်ငံမှ မွေးမြူရေးထုတ်ကုန်ပစ္စည်းများကို တင်သွင်းနေသည့်နိုင်ငံများဖြစ်ကြောင်း၊ ပြည်တွင်း တွင်မွေးမြူထုတ်လုပ်သည့် တောင်သူများ အကျိုးစီးပွားဖွံ့ဖြိုးအောင်မြင်စေရေး အတွက် ကျွဲနွားများကိုလည်း ပြည်ပသို့တရားဝင် တင်ပို့ရောင်းချခွင့်များကိုလည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှစ၍ခွင့်ပြုပေးခဲ့ကြောင်း၊ တရားဝင်ကုန်သွယ်မှု အနေဖြင့် မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တရားဝင် အများဆုံးတင်ပို့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း တရားဝင်ရော တရားမဝင်လမ်းကြောင်းများမှပါ တစ်ဆင့်တင်ပို့သည့် လုပ်ငန်းများရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များကို တင်ပို့ ရောင်းချနိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ရောဂါ ကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ တရားဝင်တင်ပို့ခြင်းများ ရှိသကဲ့သို့ တရားမဝင်တင်ပို့ရောင်းချခြင်းများရှိသော်လည်း စနစ်တကျမွေးမြူရောင်းချခြင်းမရှိ သည့်အတွက် နိုင်ငံတွင်ဆုံးရှုံးနစ်နာမှုများရှိနေ သည်ကို တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှအသားစားသုံးမှုကို ကြည့်မည် ဆိုပါက ကြက်သား ၉ ဒသမ ၅ ပိဿာ၊ ဝက်သား ၃ ပိဿာ၊ အမဲသား ၁ ဒသမ ၇ ပိဿာနှင့် ဆိတ်သား ၀ ဒသမ ၂၄ ပိဿာရှိသည်ဟု တင်ပြချက်များအရ သိရှိရ ကြောင်း၊ သို့သော်လေ့လာချက်များအရ လူတစ်ဦးသည် တစ်ရက်လျှင် အသားငါးအား ၅ ကျပ်သားမှ ၁၀ ကျပ်သားအထိ စားသုံးရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ လက်ရှိ မွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းများအရ အသားလိုအပ်ချက်ပမာဏကို လုံလောက်အောင် ထုတ်လုပ်ပေးနိုင်သည့် အခြေအနေရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မွေးမြူသူတစ်ဦးချင်းနှင့် အသားထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်တွင် ရှိသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်လုပ် ဆောင်နေသည့်လုပ်ငန်းကို တွဲဖက်လုပ်ဆောင်နေသည့် တောင်သူများကိုလည်း စနစ်ကျသည့် ခေတ်မီသည့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည် ဆိုပါက ထိရောက်ပြီး အကျိုးရှိမည်ဖြစ်ကြောင်း၊ စနစ်ကျသည့်မွေးမြူရေးဆိုသည်မှာ မိရိုး ဖလာအရ လွှတ်မွေးခြင်း၊ လှောင်မွေးခြင်းနှင့် လှန်မွေးခြင်းဟူ၍ သုံးမျိုးတွေ့ရှိရ ကြောင်း၊ များသောအားဖြင့်လွှတ်မွေးကြပြီး တချို့က လှောင်မွေးခြင်းနှင့် လှန်မွေးခြင်း များကို ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း၊ အထူးသဖြင့် စားကျက်ဖြင့် မွေးမြူ သည့်စနစ်မှ တိရစ္ဆာန်အစာကို စိုက်ပျိုးရိတ်သိမ်း ကျွေးမွေးသည့်စနစ်ကို အမြန်ဆုံးကူး ပြောင်းဆောင်ရွက် သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ရှိသည်ကို မိမိအနေဖြင့် လေ့လာသိရှိရကြောင်း၊ မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရန်၊ မြေဆိုသည်မှာ တိရစ္ဆာန် မွေးမြူရေးတွင် လုံလောက်ပြီး ပတ်ဝန်းကျင်ကောင်းမွန်သည့်မြေများရှိရန် လိုအပ်ကြောင်း၊ အလားတူ တိရစ္ဆာန်များကိုလည်း ရေကောင်း၊ ရေသန့်များ တိုက်နိုင် ရန်လိုပ်ကြောင်း၊ အစာကျွေးခြင်းများအပါအဝင် နည်းစနစ်တကျ ထားသို သိုလှောင် ခြင်းများဖြင့်မွေးမြူနိုင်ရန်လိုကြောင်း၊ ဇီဝပြောင်းလဲမှုဖြစ်စဉ်များကိုလေ့လာကြည့်ပါက ရေ၊ အစာနှင့် ဆေး မလွဲမသွေလိုအပ်ကြောင်း၊ ထို့ကြောင့်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ပါက အထက်ပါ နည်းလမ်း ၄ မျိုးဖြင့် ဆောင်ရွက်ကြရန် မိမိအနေဖြင့် အကြံပြုတိုက်တွန်းပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုများရှိပြီး မွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်မှုများရှိခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကျဆင်းအောင် ထိန်းသိမ်းနိုင်သည့် အခြေအနေ ကို ရရှိနေပြီဖြစ်သည့်အတွက် ရပ်တံ့သွားသည့် လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးစားနေသည့် ကာလအတွင်းတွင် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂၂) ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းရန်အတွက် အရေးပါသည့်ကြိုးစားအားထုတ်မှု ဖြစ်ကြောင်း။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက် လာသည် နှင့်အမျှ လူတစ်ဦးချင်းဝင်ငွေမြင့်မားလာပြီး အသားနှင့် နို့ထွက်ပစ္စည်းများ စားသုံးမှု နှုန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “တို့အနာဂတ်ကောင်းမွန်ဖို့၊ မွေးမြူ ထုတ်လုပ်ကြပါစို့” ဆိုသည့် ပြပွဲ၊ ပြိုင်ပွဲ၏ ဆောင်ပုဒ်အတိုင်း အရည်အသွေး ကောင်းမွန်ပြီး ဘေးကင်းလုံခြုံသည့် အသား၊ နို့၊ ဥတို့ကို မွေးမြူထုတ်လုပ်ခြင်း၊ ပြည်တွင်းတွင်လည်း အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ခြင်း၊ ပြည်ပသို့လည်း တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် မြန်မာပြည်သူပြည်သားများ၏ အနာဂတ်ဘဝ သာယာဝပြော လာနိုင်မည်ဟု ယုံကြည်ကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ်တွင်ပါသည့် နိုင်ငံတော် တွင်စားရေးရိက္ခာပေါများရေးသည် ယခုပြပွဲတွင် ပါဝင်ဆင်နွှဲကြသည့် သူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများနှင့် တာဝန်ရှိသူများအားလုံး အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ကြ ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းပါကြောင်းပြောကြားသည်။
ဆက်လက်ပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးကပြပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် နွား၊ ကျွဲ၊ သိုး၊ ဆိတ် တိရစ္ဆာန်များပြသထားမှုနှင့် ယှဉ်ပြိုင်နေမှုများ၊ ကုမ္ပဏီပြခန်းများနှင့် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းဆိုင်ရာ အစားအစာနှင့် ဆေးဝါးများ၊ စက်ကိရိယာများနှင့် တန်ဖိုး မြှင့် ထွက်ကုန်များပြသထားမှုကို စိတ်ပါဝင်စားစွာလိုက်လံကြည့်ရှုကြပြီး တာဝန်ရှိ သူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည် များကို အကြံပြု ဆွေးနွေးမှာကြားသည်။
အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့ပူးပေါင်းပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၀၂၂ ခုနှစ် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြခန်းပေါင်း ၁၄၅ ခန်းအား ဇန်နဝါရီ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြသသွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းရရှိသည်။