နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ - ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက် လုပ်ရပ်များကြောင့် သံဃာတော်များနှင့် ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည့်ပြည်သူ့ဝန်ထမ်းများ၊ မိခင်နှင့်ကလေးငယ်များ အပါအဝင်အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့မှု၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းများကြောင့် အစိုးရပိုင်အဆောက်အဦများ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရမှု၊ အကြမ်းဖက်လုပ်ရပ်များ အပေါ် မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ကာကွယ်တုံ့ပြန်ရေးဆောင်ရွက်ရာတွင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ် လေးစားလိုက်နာဆောင်ရွက်လျက်ရှိမှု၊ တည်ဆဲဥပဒေချိုးဖောက် ထားသူများကို ဥပဒေအရအရေးယူ ဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာ ထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များပေးလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် အပစ်အခတ်ရပ်စဲရေးကြေညာထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိမှု၊ ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်များသည် NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကိုလိုက်နာမှုမရှိသည့် EAOများမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိသည့် အခြေ အနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်လာရေး အစိုးရမှတစ်စိုက် မတ်မတ်ကတိကဝတ်ထားရှိ ဆောင်ရွက်နေမှု၊ ပြည်သူများအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးကို ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုအခြေ အနေများ၊ အာဆီယံမှပေးအပ်မည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ကို ဖြန့်ဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာပြဿနာများကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာ၍တပ်မတော်က နိုင်ငံ့ တာဝန်ထမ်းဆောင်ခဲ့ရမှုသည် ပြည်တွင်းရေးအခြေအနေဖြစ်သော်လည်း ဆက်စပ် နေသည့် ဒေသတွင်းအခြေအနေများကြောင့် အာဆီယံ၏ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ် အား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံ အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။