နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ အဖွဲ့အစည်းများကို တာဝန်ပေးခြင်းများရှိကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများအား ဖြေရှင်းပေးရန်နှင့် ယင်းသို့ ဖြေရှင်းဆောင်ရွက်ပြီးမှသာ ကျန်ရှိသည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် တပ်မတော်အနေဖြင့် တောင်းဆိုခဲ့ကြောင်း၊ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ယင်းအဆင့်မှာ မဖြစ်နိုင်ခဲ့ဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ် အခြေအနေကြေညာသည့်အဆင့်အထိ ရောက်ခဲ့ရကြောင်း၊ မိမိတို့လိုလားချက်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆောင်ရွက်ခဲ့သည့် မဲစာရင်းနှင့်ပတ်သက်၍ အခြေအနေ အမှန်အတိုင်း ဖြစ်စေရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းမှာ ဥပဒေ အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ယခုကဲ့သို့ အရေးပေါ် အခြေအနေ ကြေညာသော်လည်း လုပ်ငန်းများရပ်ဆိုင်းထား၍မရကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးပါကြောင်း၊ ဝန်ကြီးများတာဝန်ပေးအပ် ရာတွင် လုပ်ငန်းအတွေ့အကြုံရှိသူ၊ အရည်အချင်းရှိသူ ပုဂ္ဂိုလ်များကိုသာ ရွေးချယ် တာဝန်ပေးခြင်း ဖြစ်ကြောင်း။

အလားတူပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအား တာဝန်ပေးအပ်ရာတွင် လည်း အတွေ့အကြုံရှိသူ၊ အရည်အချင်းရှိသူ၊ မိမိတို့သွားနေသည့်လမ်းကြောင်း ပေါ်တွင် မှန်မှန်ကန်ကန်ရပ်တည်ဆောင်ရွက်မည့်သူများကို စဉ်းစားကာ တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေရာအားလုံးမှာ အရေးကြီးသည့် နေရာများဖြစ်ပါ ကြောင်း၊ ထို့ကြောင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံး စည်းကမ်းနှင့်အညီ ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စည်းကမ်းနှင့် လုပ်သည်ဆို၍ အရှိန်ရပ်နေ၍ မရပါကြောင်း လုပ်စရာရှိသည်များ ရှေ့ဆက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကြေညာသည့် အရေးပေါ်ကာလသည်တစ်နှစ်သာဖြစ်ပါကြောင်း၊ တစ်နှစ် ဖြစ်သည့် အတွက် တစ်နှစ်အတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှာ ကာလတို၊ ကာလ ရှည်လုပ်ဆောင်ရမည့် အရာများရှိပါကြောင်း၊ အဓိကအားဖြင့် ကာလတိုအတွင်း လတ်တလောဖြေရှင်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များကို စည်းကမ်းနှင့်အညီ ထက်ထက်မြက်မြက် ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ အတွေ့အကြုံများအား အသုံးချဆောင်ရွက်ပေးစေလိုကြောင်း။

မိမိအနေဖြင့် တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်များသည် အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်အားထားပါကြောင်း၊ အားလုံးမိမိတို့နှင့်အတူ လက်တွဲလုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း၊ တပ်မတော် စတင်တာဝန်ယူကတည်းက ကြေညာပြီးဖြစ်ကြောင်း၊ မိမိတို့သည် ခေတ္တထိန်းပေး သည့်သဘော ဖြစ်ကြောင်း၊ ခေတ္တ ထိန်းပေးရာတွင် နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေး နှင့်ပတ်သက်သည့်မူဝါဒ၊ စီးပွားရေးနှင့် ပတ်သက်သည့် မူဝါဒလုံးဝပြောင်းလဲ မည်မဟုတ်ကြောင်း၊ လက်ရှိသွားနေသည့် နိုင်ငံရေး လမ်းစဉ်အပေါ်တွင် လုံးဝပြောင်း လဲခြင်း မရှိကြောင်း၊ ယင်းအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ကို ပြောကြား လိုကြောင်း၊ ယင်းအတွက် တိုင်းပြည်၊ ပြည်သူလူထုအနေဖြင့် ပူပန်ကြောင့် ကြစွာဖြင့် ရှိနေချိန်တွင် မိမိတို့၏လုပ်ဆောင်ချက်ဖြင့် ပြည်သူများအား စိတ်အေးလက်အေး နှင့် အလုပ်လုပ်ကိုင်နိုင်ရန် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည် ကြောင်း။

မိမိတို့အနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒအနေဖြင့် ပြောင်းလဲစရာ အကြောင်းမရှိကြောင်း၊ ဆောက်လုပ်ဆဲ လမ်း၊ တံတားလုပ်ငန်းများ၊ တည်ဆောက် ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ဝန်ကြီး ဌာနများနှင့် လုပ်ဆောင်နေသည့်ကဏ္ဍများရှိကြောင်း၊ ယင်းလုပ်ငန်းများကို စည်းကမ်း နှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲတွင် တိုင်ကြားမှု များရှိသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငန်း များကို ပြန်လည်စိစစ်ပြီးမှ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်ကြားမှုများ၊ ပြဿနာများမရှိဘဲ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ဆောင် နေသည့် လုပ်ငန်းများကို ဆက်လက်ခွင့်ပြုသွားရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မရပ်ထားဘဲ ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းရှင်များကို ပြောကြား ထားပြီးဖြစ်ပါကြောင်း။

သို့မှသာ လုပ်သားများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကြမည်ဖြစ်ကြောင်း၊ ဝင်ငွေရရှိမှ လူမှုစီးပွားများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း COVID-19 နှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို အလေးထား လိုက်နာရမည်ဖြစ်ကြောင်း၊ မလေးစား၊ မလိုက်နာသည့် လုပ်ငန်းများကို ရပ်ဆိုင်း ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများနှင့် လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်လျှင် မိမိတို့အနေဖြင့် ခွင့်မပြုနိုင်စရာ အကြောင်းမရှိကြောင်း။
တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ပေးကြရန်နှင့် စာရင်းဇယား များ မှန်မှန်ကန်ကန်ဖြစ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားပြီး ဖြစ်ပါကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများအားလုံးကို စာရင်းဇယား အတိုင်း၊ စာရင်းစစ်၏ Process အတိုင်း မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ညှိ၍ ဆောင်ရွက်ခြင်းများ ဖြစ်မလာစေရန် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုး၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထောင်စုရှေ့ နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေတို့က ဌာနအ လိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် COVID-19 ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးတုန့်ဆိုင်းလျက်ရှိ ကြောင်း၊ ထို့ကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပို့ဆောင်ဆက်သွယ်ရေးစသည့်ကဏ္ဍများ အားလုံးကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ပတွင်ကောလာ ဟသတင်းများထွက်ပေါ်နေသည့် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ တန်ငွေစက္ကူများ ဖျက်သိမ်းမည်ဆိုသော သတင်းမှားများပျံ့နှံ့ခဲ့မှုကြောင့် အဆိုပါသတင်းများမှန်ကန်မှု မရှိကြောင်းကို နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများသည် ဌာနများ၊ အဖွဲ့အစည်းများ၏ အဆုံးအဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် လုပ်ငန်းများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဥပဒေ၊ စည်းကမ်းများ နှင့်အညီ ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။