နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာ ဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လမ်းညွှန်မှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာ ဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လမ်းညွှန်မှာကြား

နေပြည်တော်၊ ဧပြီ - ၁၈

          ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေး ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ အစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ် ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့ အပါအဝင် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ လေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်သည်များအနေဖြင့် မိမိလုပ်ဆောင်နေသည့်အလုပ်များကို ပိုမိုကောင်းမွန်အောင် ကြံဆလုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေးနှင့် မိမိကိုယ်ကိုမိမိ အဆင့်မြှင့်တင်နေခြင်းဖြစ်သည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် လေ့ကျင့်ရေးနှင့်ပတ်သက်၍ မှာကြား နိုင်ရေး ယခုကဲ့သို့ စုစုစည်းစည်းဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တပ်မတော်တိုင်းတွင် စွမ်းရည်ထက်မြက်ရေးအတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်ပြီး စွမ်းရည် စွမ်းအားရှိသည့် အရည်အချင်းရှိသည့် တပ်မတော်ကို လေ့ကျင့်ရေးဖြင့် တည်ဆောက် ရမည်ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အခြေခံလေ့ကျင့်ရေးနှင့် တန်းမြင့် လေ့ကျင့်ရေးတို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်စေရေးအတွက် စိတ်ဓာတ်၊စည်းကမ်းကောင်းရန်၊ ကျန်းမာကြံ့ခိုင်မှုရှိရန် လိုအပ် မည်ဖြစ်ကြောင်း၊ ချွေးထွက်များမှ သွေးထွက်နည်းမည် ဟူသည့် ဆောင်ပုဒ်နှင့်အညီ သင်တန်းကျောင်းများတွင် လေ့ကျင့်ပေးသည်များရှိသကဲ့သို့ တစ်ဦးချင်း နေ့စဉ် လုပ်ဆောင်နေရသည့် တာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်လိုက်နာခြင်းသည် လည်း လေ့ကျင့်ရေးဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဟူသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း သင်ကြားပေးထားသည့်အတိုင်း လိုက်နာ နေထိုင်ခြင်းသည် တစ်ဦးချင်းနှင့် တစ်ဖွဲ့၏အရည်အချင်းကို ထိန်းသိမ်း မြှင့်တင် နေခြင်းဖြစ်သည်ဟုခံယူရမည်ဖြစ်ကြောင်း၊ စစ်သားတစ်ဦး၏ အလုပ်သည် သင်ကြား ပေးထားသည့်အတိုင်း လုပ်ဆောင်ခြင်းပင်ဖြစ်ပြီး မိမိအရည်အချင်းကို မြှင့်တင်ရန်၊ မိမိအရည်အသွေးကိုမြှင့်တင်ရန် မိမိကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးမှစ၍ ဝတ်စားဆင်ယင်မှုပုံစံကျအောင် နေထိုင်ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးနှင့် ပတ်သက်လာပါက စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်ရမည်ဖြစ်ပြီး နေ့စဉ် မိမိ ကိုယ်ကိုစနစ်တကျ နေထိုင်တတ်မှုနှင့် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများကို ဘဝတစ်လျှောက်လုံး အသားကျ ဖြစ်အောင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း။

စနစ်တကျရေးဆွဲထားရှိသည့် သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံရမည်

စစ်သည်တိုင်းကို စစ်အခြေခံလေ့ကျင့်ရေးမှသည် တာဝန်ထမ်းဆောင်သည့် နေရာဌာနအပေါ် မူတည်၍ တစ်ဆင့်မြင့် လေ့ကျင့်ရေးများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့သို့ သင်ကြားပေးရာတွင်လည်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းသည် အဓိကကျပြီး သင်ရိုးညွှန်းတမ်းရေးဆွဲရာ၌ နိုင်ငံတော်၏ ကာကွယ်ရေးမူဝါဒနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ မိမိတပ်များ၏ စွမ်းရည်ကို မြှင့်တင်နိုင်မှု ရှိ၊ မရှိ သုံးသပ်ဆောင်ရွက် ရမည်ဖြစ်ပြီး ပိုမိုပြည့်စုံကောင်းမွန်စေရေး နိုင်ငံတကာမှ သင်ရိုးညွှန်းတမ်းများကို လေ့လာ၍သော်လည်းကောင်း၊ ခေတ်အလိုက် သင်ကြားရာမှ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်၍သော်လည်းကောင်း ရေးဆွဲရမည်ဖြစ်ပြီး ကောင်းမွန်သည့် လေ့ကျင့် ရေးမှ ကောင်းမွန်ပြီး အရည်အသွေးရှိသည့် စစ်သည်များကို မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် တတ်ကျွမ်းသည့် စစ်သည်များကို မွေးထုတ် ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများ ပြည့်စုံ စွာရှိရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာလျင် လေ့ကျင့်သားပြည့်ဝမည်ဖြစ်ပြီး တစ်ဦးချင်း ကိုင်တွယ်ရမည့် လက်နက်နှင့် လက်ရုံး တပ်ဖွဲ့များအလိုက် ကိုင်တွယ်ရသည့် ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်မည်ဖြစ် ကြောင်း။

သင်ကြား၊ သင်ယူခဲ့ရသည့် ပညာရပ်များကိုအသုံးချ၍ လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေး အရည်အသွေးပြည့်ဝသည့် နည်းပြများဖြင့် သင်ကြားပေးရမည်

ထို့ပြင် နည်းပြများသည်လည်း အရည်အသွေး ပြည့်ဝရန်လိုပြီး အရည်အချင်းရှိ သည့် နည်းပြများဖြစ်ရန်လိုကြောင်း၊ နည်းပြများအနေဖြင့် ကိုယ်တိုင် ဖတ်ရှုလေ့လာ မှတ်သား၍ တစ်ဦးချင်းအရည်အသွေးရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ပြီး သင်တန်း သားများ နားလည်သဘောပေါက်အောင် သင်ကြားပြသပေးနိုင်သည့် အရည်အချင်း များရှိရမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသားများ၏ အထင်ကြီး လေးစားမှုခံရသည့် နည်းပြများဖြစ်စေရေး မိမိတို့တစ်ဦးချင်း၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သင်တန်းသား အချိုးနှင့် နည်းပြ အချိုးကို အမြဲလေ့လာဆန်းစစ်နေရမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြားလေ့ကျင့် ပေးလိုက်မှသာလျင် လက်တွေ့နယ်ပယ်၌ ကောင်းမွန် စွာ အသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း၊  တစ်ဦးချင်း Check လုပ်ရမည်ဖြစ်ပြီး စည်းကမ်းရှိ အောင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားမပြည့်ဝခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေနိုင်သည့်အတွက် စနစ်တကျလေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်း။

တစ်ဦးချင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကို စစ်သားကောင်း ပီသအောင် လေ့ကျင့်တည်ဆောက်ပေးရမည်

ထိုသို့ လေ့ကျင့်ဆောင်ရွက်ပေးရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင် အောင် လေ့ကျင့်ပေးရန်လိုကြောင်း၊ အာဟာရပြည့်မီအောင် တွက်ချက်၍ ပြည့်ပြည့် ဝဝကျွေးရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးမှသာလျင် စစ်သည်တစ်ဦးချင်း ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးလာမည်ဖြစ်ကာ စစ်သားကောင်းတစ်ယောက်ပီသသည့် ရုပ်ပိုင်းဆိုင်ရာကို တည်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကောင်းမွန်မှသာလျင် စိတ်ဓာတ် ပိုင်းလည်းကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ စိတ်ပိုင်းဆိုင်ရာကို လည်း အားပေးမြှင့်တင်၍ လေ့ကျင့်ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ သင်တန်း သား တစ်ဦးချင်းစီ၏ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို နည်းပြများအနေဖြင့် သိရှိနေရ မည်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အဆင့် နှင့်လျော်ညီသည့် အတွေးအခေါ်ပိုင်းကို တိုးတက်ဖွံ့ဖြိုးအောင် သင်ကြားလေ့ကျင့်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးမှသည် အရည်အသွေး ပြည့်ဝကောင်းမွန်သည့် အရာရှိ၊ စစ်သည်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းများအလိုက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများကို စနစ်တကျနှင့် ဖိဖိစီးစီး ဆောင်ရွက်ကြရန်လိုကြောင်း ဖြင့် မှာကြား သည်။

ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်၊ လေ့ကျင့်ရေးသင်တန်းကျောင်းများအလိုက် လေ့ကျင့်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် အထွေထွေလိုအပ်ချက်များ တင်ပြ

ထို့နောက် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော် အုပ်ချုပ်မှုကျောင်း တို့အပါအဝင် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ လေ့ကျင့်ရေး သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက သက်ဆိုင်ရာ တက္ကသိုလ်၊ လေ့ကျင့် ရေးကျောင်းများအလိုက် သမိုင်းအကျဉ်း၊ လေ့ကျင့်ရေး ဆောင်ရွက်ပေးနေမှု အခြေ အနေများ၊ တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ သင်တန်းသားများ၏ စိတ်ဓာတ် စည်းကမ်း ကောင်းမွန်မှု၊ လေ့ကျင့်သင်ကြားနိုင်မှုတို့ကို ဆန်းစစ်သုံးသပ်ချက်များနှင့် တွေ့ရှိချက် များ၊ အထွေထွေလိုအပ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က တပ်မတော်တွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နည်းပြများ၏ အရည်အချင်းမြှင့်တင်နိုင်‌ရေး နည်းပြမွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်တန်းသားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တက္ကသိုလ်များ၊ သင်တန်းကျောင်းများအလိုက် အထွေထွေလိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပြင်ဦးလွင်သည် တပ်မတော်၏ လေ့ကျင့်ရေး ဘူမိနဿန်မြေဖြစ်သည့်အတွက် စံနမူနာပြ ဖြစ်ရမည်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စစ်အတတ်ပညာသည် မိမိ ကိုယ်ကို ကာကွယ်နိုင်ရန်ဖြစ်ပြီး လုပ်ငန်းပိုင်းနှင့်သက်ဆိုင်သည့် အတတ်ပညာသည် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူကောင်းမွန်စေရန် ဖြစ် ကြောင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် ပတ်သက်၍ မွမ်းမံသင်တန်းများကို သင့်တော်သည့် ကာလအပိုင်းအခြားများအလိုက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် သင်တန်းသားအချင်းချင်း အတွေ့အကြုံများဖလှယ်နိုင်မည်ဖြစ်ပြီး တပ်ဖွဲ့၏အရည် အသွေးပိုင်းကိုလည်း ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရုံးတပ်ဖွဲ့အလိုက် အမျိုး သမီး အရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်လျက်ရှိပြီး ညီရင်းအကို၊ မောင်ရင်းနှမ စိတ်ဓာတ်တို့ဖြင့် လက်တွဲခေါ်ဆောင်သင်ကြားပေးရန်လိုကြောင်း၊ တစ်ဦးချင်း အပြန် အလှန် လေးစားစွာဖြင့် စောင့်ရှောက်ရန်လိုပြီး အမျိုးသမီး စစ်သည်များ၏ အရည် အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း။

လေ့ကျင့်ရေးသည် တပ်မတော်၏စွမ်းရည်မြှင့်တင်ရေးတွင်အဓိကကျပြီး စွမ်းရည်  ကို မြှင့်တင်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအချင်းချင်း အပြန်အလှန် လေးစားစွာဖြင့် ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံးမှ လာရောက်သင်ယူနေကြသည့်သင်တန်းသားများကို လေ့ကျင့်ပေးနေရသူများဖြစ်သည့် အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကောင်းမွန်အောင် စံနမူနာပြ နေထိုင် လေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဥပဒေဒီပလိုမာ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်မတော်အုပ်ချုပ်မှုကျောင်းအတွင်း ဥပဒေဒီပလိုမာ သင်တန်းသားအရာရှိများအား တွေ့ဆုံ၍ တပ်မတော်သားများအနေ ဖြင့် ဥပဒေကို သိရှိနားလည် လိုက်နာရန်လိုအပ်သည့်အတွက် ဥပဒေသင်တန်းများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်း ဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိ လိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေ၏ အနှစ်သာရနှင့် အခြေခံကို သိရှိမှသာလျင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သင်ကြားပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပညာရပ်များကို အမှန်တကယ်သိရှိတတ်မြောက်အောင် သင်ယူကြစေလိုကြောင်း၊ နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြသည် ဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေ သိသင့်သိထိုက်သည့် ပညာရပ် တစ်ခုပင်ဖြစ်ကြောင်း။

ဥပဒေပညာရပ်သည် မိမိတို့၏ အုပ်ချုပ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်စေ မည်ဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များသို့ ပြန်လည်ရောက်ရှိပြီး တစ်ဆင့်မြင့်ရာထူးတာဝန် များကို ထမ်းဆောင်မည်ဆိုပါက အထောက်အကူများစွာ ဖြစ်ပေါ်စေနိုင်မည်ဖြစ် ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပေးသည်များကို ကြိုးစားသင်ယူခြင်းသာ မက ဥပဒေ၏ အနှစ်သာရကိုလည်း ဖတ်မှတ်လေ့လာရန်လိုကြောင်း၊ သင်တန်းပြီးစီး ပါကလည်း မိမိတို့၏ ရဲဘော်ရဲဘက်များ၊ စစ်သည်များကို ဥပဒေနှင့် ပတ်သက်သည့် အသိပညာများကို မျှဝေပေးရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖွဲ့ဝင်များသည် သင်တန်းအထောက်အကူပြဆိုင်ရာ ဥပဒေစာအုပ်စာတမ်း များ၊ စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။