နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် - ၂၆
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ့တပ်မတော်၏ (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
    
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEV၊ Head of Moscow Buddhist Society ဖြစ်သူ Mr. Bair B.TSYMPILOV၊ ရုရှားနိုင်ငံ စစ်ဘက်၊ အရပ်ဘက် မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံစစ်သံမှူး Col Sergey S. KURCHENKO တို့ တက်ရောက် ကြသည်။
    
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်၏ (၇၅)နှစ်မြောက်စိန်ရတု နှစ်ပတ်လည်နေ့ကို ၂၀၂၀ ပြည့်နှစ်တွင်ကျရောက်ခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိ သဖြင့် ယခုနှစ်တွင် ကျရောက်သည့် (၇၆)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့်ပေါင်း၍ ပြုလုပ်မည် ဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ပါဝင်တက်ရောက်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုများနှင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ များကြားမှ ယခုကဲ့သို့ ပါဝင်တက်ရောက်ရန် လာရောက်ခြင်းကို ဝမ်းမြောက်စွာကြိုဆို ပါကြောင်းနှင့် မိမိတို့နှစ်နိုင်ငံသည် အလှမ်းဝေးသော်လည်း တစ်ဦးနှင့်တစ်ဦးလေးစားတန်ဖိုး ထားမှုများကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်းဖြင့် ဦးစွာပြောကြားသည်။
    
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး ကပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဖြစ်သူ Army General Sergei Kuzhygetovich Shoigu ကလည်း မြန်မာ့တပ်မတော်၏(၇၆)နှစ်မြောက်တပ်မတော်နေ့ အတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုပေးအပ်လိုက်ပါကြောင်းနှင့် ကာကွယ်ရေး ဝန်ကြီးကိုယ်စား မြန်မာ့တပ်မတော်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို ပါသည်ဟု ပြောကြားလိုပါ ကြောင်း၊ မြန်မာနိုင်ငံ၏ တည်ရှိမှုသမိုင်းကြောင်းကို လေ့လာခဲ့ ရာတွင် မြန်မာ့တပ်မတော်၏ တည်ရှိမှုနှင့် များစွာဆက်နွယ်နေသည်ကို လေ့လာတွေ့ရှိရပြီး မြန်မာ့တပ်မတော်မှ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပ ရန်စွယ်မှန်သမျှကို ခေတ်အဆက်ဆက် မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်း ပြီး တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် သမိုင်းကြောင်းအရ တူညီမှုရှိပြီး တပ်မတော်နေ့အကြိမ်အရေအတွက်များသည်လည်း တူညီမှုရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၇၅) နှစ်မြောက် Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အဆွေတော် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင် ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။ 
    
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက မြန်မာ့တပ်မတော်၏ အရေးပါမှုကို မြင်တွေ့နိုင်မည်ဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှစ၍ ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခများကို အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော်ကြီး မပြိုကွဲအောင် ခေတ်အဆက်ဆက် ထိန်းကြောင်းလုပ်ဆောင်ခဲ့ရသည်ကို မည်သူမျှငြင်း၍ရနိုင်မည်မဟုတ်ကြောင်း၊ တပ်မတော်အနေ ဖြင့် ပြည်သူလူထု၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ် ဆောင်ပေးခဲ့သော်လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ဒီမိုကရေစီနိုင်ငံရေးကိုလိုလားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မရိုးသား သည့် နိုင်ငံရေးအဖြစ်ပုံဖော်လုပ်ဆောင်ခဲ့ပြီးနိုင်ငံတော်၏ အာဏာကို မတရားသောနည်းလမ်းများ ဖြင့် ရယူနိုင်ရန် လုပ်ဆောင်ခဲ့မှုများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်ကို ရယူထိန်းသိမ်းခဲ့ရပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တတာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်ပြီး နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းအောင် တည်ဆောက်ပြီးပါက ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ပေးသွားမည်ဖြစ်ကာ အေးချမ်းတည်ငြိမ် သော ဒီမိုကရေစီစည်းကမ်းပြည့်ဝသည့် နိုင်ငံတော်ဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
    
ဆက်လက်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လေ့ကျင့်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ သင် တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကာကွယ်ဆေးနှင့် နည်းပညာ ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက် ရေးဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
    
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးအား နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲ ရေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင် ဓားကို ဂုဏ်ပြုပေးအပ်သည်။
    
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးက ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်  ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် တို့ကို “တိုက်ပွဲဝင် သွေးသောက် စိတ်မြှင့်တင်မှု” (For Strengthening of Combat Companionship-in-Arms) ဆုတံဆိပ်ကို ပေးအပ် ချီးမြှင့် သည်။
    
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် သိမ်းဆည်းရမိခဲ့သည့် ဆူပူအကြမ်းဖက်လှုပ်ရှားမှုများတွင် အသုံးပြုလာသော ဒေသန္တရလုပ် လက်နက်၊ ကိရိယာပစ္စည်းများ စသည်တို့ကိုခင်းကျင်းပြသထားရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ရုရှားသတင်းမီဒီယာများက လေ့လာကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။