နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ရတနာပုံခန်းမ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်  မေ  ၁၇

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊  တိုင်းရင်းသားအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရတနာပုံခန်းမအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ကြသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရတနာပုံခန်းမဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပြီး ခန်းမ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးမြို့သည် လမ်းပန်းဆက်သွယ်မှု အချက်အခြာကျသည့် နေရာတွင်တည်ရှိပြီး မြန်မာနိုင်ငံအထက်ပိုင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဗဟိုဖြစ်ကြောင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးလာမှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့် မြို့ကြီးတစ်မြို့ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရတနာပုံခန်းမကြီးသည် မန္တလေးနှင့်အနီးဝန်းကျင်တွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် အခန်းကဏ္ဍများအတွက် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်စေပြီး ကောင်းမွန်သော ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်မီမီ ဆောင်ရွက်ပေးနိုင်သော ခန်းမအဆောက်အဦကြီး တစ်ခုဖြစ် ကြောင်း။

အမရပူရခေတ်တွင် ရွှေမြို့တော်ကို “အမရပူရ”၊ နန်းမြို့တော်ကို “မြနန်းဘုံစံ”၊ ရွှေနန်းတော်ကို “အောင်နန်းစံရာ” ဟု ခေါ်ဝေါ်ခဲ့ကြပြီး ရတနာပုံ(မန္တလေး) ခေတ်တွင် ရွှေမြို့တော်ကို “ရတနာပုံ”၊ နန်းမြို့တော်ကို “ လေးကျွန်းအောင်မြေ”၊ ရွှေနန်းတော်ကို “မြနန်းစံကျော်” ဟုအသီးသီး ခေါ်ဝေါ်ခဲ့ကကြောင်းနှင့် မန္တလေးမြို့စတင်တည်ထောင်စဉ် က “ရတနာပုံ” ဟုအမည်သမုတ်ခဲ့သော်လည်း နောင်အခါ “မန္တလေးတောင်” ကိုအစွဲပြု၍ “မန္တလေး” ဟုအမည်ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်ကို မှတ်သားတွေ့ရှိရကြောင်း၊ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်ကြီးကို တည်ထောင်ခဲ့သည့် အတွက် “ အုတ် ကျစ် ကျော် အေး မန္တလေး” ဟုလည်း မှတ်ယူခဲ့ကြပြီး မြန်မာနိုင်ငံ၏ မင်းနေပြည်တော်ဖြစ်ခဲ့သည့် အားလျော်စွာ ထီးသုံးနန်းသုံး ဝေါဟာရအပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦအများအပြား ကျန်ရှိ ခဲ့သည့် မြို့တော်တစ်ခုလည်းဖြစ်ကြောင်း။

မန္တလေးရတနာပုံခေတ်တွင် မြန်မာ့လက်မှုအနုပညာများဖြစ်သော ပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်ပညာရပ်များ၊ ကြေးထည်ဖြင့်ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်းများ၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းထိမ် လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊ မျက်ပါးခတ်လုပ်ငန်းစသည့် မြန်မာ့လက် မှု အနုပညာများ ထွန်းကားခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မင်းတုန်းမင်းကြီးသည် သာသနာကို လေးစားသောမင်းဖြစ်သည့် အားလျော်စွာ ၁၂၃၃ ခုနှစ်တွင် ပိဋပတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကမ္ဗည်းအက္ခရာ တင်ပြီး မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားဝန်းအတွင်း စိုက်ထူကိုးကွယ်ခဲ့ကြောင်း၊ ဘုရား ဝန်းအတွင်းရှိ နှစ် ၁၅၀ နီးပါးသက်တမ်းရှိပြီဖြစ်သည့် ပိဋကတ်ကျောက်စာများကို ကမ္ဘာ့ အကြီးဆုံးစာအုပ်ကြီးဟု ယူနက်စကိုအဖွဲ့က Memory of the World Register စာရင်း တွင် သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ၂၀၁၃ ခုနှစ်၌ စာရင်းသွင်းခံခဲ့ရမှုသည် မန္တလေးမြို့၏ နက်ရှိုင်းသော ယဉ်ကျေးမှုကို မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုခြင်းဖြစ်သည် ကိုတွေ့ရှိရကြောင်း။

၁၈၈၅ ခုနှစ်တွင် တိုင်းတပါး ကျူးကျော်သိမ်းပိုက်မှုခံခဲ့ရကာ နန်းတွင်း လက်ရာ ပစ္စည်းများကိုဖျက်ဆီး၍ အချို့ကိုယူဆောင်သွားခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗုံးဒဏ်ကြောင့် မီးလောင်ကျွမ်းခဲ့ရသဖြင့် စစ်ဘေးစစ်ဒဏ်ကို ခံစားခဲ့ရသော်လည်း ရိုးရာ အမွေအနှစ်များ လက်ဆင့်ကမ်းနိုင်သည့် မန္တလေးမြို့သည် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ ဘာသာရေး၊ ယဉ်ကျေးမှ၊ ပညာရေးနှင့် စီးပွားရေးအဓိကဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရှေးကာလကပင် မန္တလေးမြို့သည် ကမ္ဘာ တွင် လူသိများသည့်အတွက် အင်္ဂလန်နိုင်ငံမှ စာရေးဆရာတစ်ဦးဖြစ်သူ “ဘီသီယာ မေရီ ခရိုကာ” Bithia Mary Croker (U.K)က The Road To Mandalay – Tale Of Burma ဆိုသည့် စာအုပ်ကို ၁၉၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး အဆိုပါခေတ်က မန္တလေးမြို့၏ ကြီးကျယ်ခန်းနားမှု၊ သာယာလှပမှု၊ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုများကို ဖော်ညွှန်း ရေးသားထုတ်ဝေခဲ့ရာ လူကြိုက်များသည့်အတွက် အကြိမ်ကြိမ်ထပ်မံ ထုတ်ဝေခဲ့ရ ကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံသား တေးဂီတ ပညာရှင်တစ်ဦးဖြစ်သည့် “အိုလေ စပိခ်-စ်” Oley Speaks က On The Road To Mandalay ဆိုသည့် သီချင်းကို ၁၉၀၇ ခုနှစ်တွင်ရေးသားစပ်ဆိုခဲ့ရာ မန္တလေးမြို့ကို ဖော်ညွှန်းသော အောင်မြင်သည့်သီချင်း အဖြစ် ကမ္ဘာတွင် လူသိများနာမည်ကြီးခဲ့သည်ကို တွေ့ရှိရကြောင်း။

မန္တလေးဟုဆိုလိုက်ပါက ဂီတစာဆို အကျော်အမော်ဟုဆိုရမည့် အလင်္ကာ ကျော်စွာဘွဲ့ရ ဆရာကြီး မြို့မငြိမ်းပါမှ ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ဆရာကြီး၏ တေးဂီတပြုစု ဖွဲ့ဆိုမှုများသည် ယနေ့ထက်တိုင် ခေတ်မီဆဲ၊ ကျော်ကြားဆဲ၊ ဂန္ထဝင်မြောက်ဆဲဖြစ်ကြောင်း၊ အလားတူ ဆရာကြီးမြို့မငြိမ်းဟု ပြောလိုက်ပါက ဆရာကြီးတို့စတင်တည် ထောင်ခဲ့သည့် မြို့မတေးဂီတအဖွဲ့သည်လည်း ခွဲခြားလို့မရနိုင် ကြောင်း၊ ထို့ကြောင့် ယနေ့ ဖွင့်ပွဲအခမ်းအနားတွင် မြို့မတေးဂီတအဖွဲ့က ပါဝင်ဖျော်ဖြေ ပေးနိုင်ပါက ကောင်းမွန်မည် ဟု ဆန္ဒပြုခဲ့ပြီး ယခုခဲ့သို့ပါဝင်ဖျော်ဖြေပေးသည့် အတွက် အင်မတန်ဝမ်းမြောက် ကျေးဇူး တင်ကြောင်း။

ကုန်းဘောင်မင်းဆက် နန်းစိုက်ရာ ရတနာပုံမန္တလေးမြို့သည် နန်းအဆောင် အယောင်နှင့် ခမ်းနားသကဲ့သို့ မြို့ပြင်လေးရပ်တွင်လည်း အရောင်းအဝယ်များဖြစ်ထွန်းရာ လူဦးရေ ၂ သိန်းခန့်အထိ နေထိုင်ခဲ့ပါကြောင်း၊ မင်းတုန်းမင်းလက်ထက် မန္တလေး မြို့ပြင် လေးရပ်တွင် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ ယိုးဒယား(ထိုင်း)၊ တရုတ် စသည့် လူမျိုးပေါင်းစုံ သက်ဝင်လှုပ်ရှားခဲ့ပြီး နေထိုင်ရေးအတွက် အလုပ်အကိုင်နှင့် လူမျိုး အမည်အလိုက် နေရာချထားပေးခဲ့သကဲ့သို့ ကိုးကွယ်ယုံကြည်မှုအနေဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် စေတီ၊ ပုထိုးနှင့် ဘုရားရှိခိုး ကျောင်းများကိုလည်း ဆောက်လုပ်ခွင့်ပြုခဲ့သည်ကို မှတ်တမ်းများအရ လေ့လာသိရှိခဲ့ရ ကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင်တည်ရှိ သကဲ့သို့ မြန်မာ့ ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက် ပိုင်း ဒေသများ၏ အဓိကစီးပွားရေးဗဟိုချက်ဖြစ်ပြီး မှတ်တမ်းများအရ လူဦးရေ ၁ ဒသမ ၄ သန်းရှိပြီး ကိုးကွယ်ယုံကြည်မှုအနေဖြင့် ဗုဒ္ဓဘာသာ ၉၃ ဒသမ ၈ ရာခိုင်နှုန်း၊ ခရစ်ယာန် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဟိန္ဒူ ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အစ္စလာမ် ၄ ရာခိုင်နှုန်းနှင့် အခြား ၀ ဒသမ ၈ ရာခိုင်နှုန်းတို့ပေါင်းစည်းနေထိုင်ကြသည့် နေရာဒေသလည်းဖြစ်ကြောင်း။

မြန်မာနိုင်ငံအထက်ပိုင်း၏ ယဉ်ကျေးမှုနှင့် စီးပွားရေးဗဟိုချက်မဖြစ်သည့် မန္တလေး မြို့ကြီးတွင် ယခုကဲ့သို့ရတနာပုံခန်းမကြီး တည်ဆောက်ဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်အဆင့်အခမ်းအနားကြီးများအပါအဝင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများ ကျင်းပနိုင်ရန်၊ မြို့ဂုဏ် ကျက်သရေဆောင် ခမ်းနားထည်ဝါသည့် ခန်းမကြီးအဖြစ် တည်ရှိနေစေရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများစွာဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့တွင် တည်ဆောက်ထားရှိပြီးဖြစ်သည့် ခန်းမများရှိပြီးဖြစ်သော်လည်း တိုးပွားလာသောလူဦးရေ၊ မြင့်မားလာသော လူနေမှုအဆင့်အတန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ်အခြေခံ၍ လူဦးရေပိုမိုဝင်ဆံ့နိုင်သည့် ကျယ်ဝန်းမှု၊ ခေတ်မီဆန်းသစ်မှု၊ နည်းပညာအသုံးချနိုင်မှုများဖြင့် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများပေးနိုင်မည့် ခန်းမကြီးတစ်ခုလိုအပ်သည်ကို တွေ့ရှိရကြောင်း၊ မိမိကိုယ်တိုင်လည်း မန္တလေး တွင်လူလားမြောက်ခဲ့ခြင်းဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတတ်နိုင်သည့် အချိန်တွင် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ယခုနေရာတွင် ယခုကဲ့သို့ခန့်ညားထည်ဝါသော ခန်းမကြီး တစ်ခုအဖြစ် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်ကတည်းက ရည်ရွယ်ဆုံးဖြတ်ခဲ့ပြီး အကောင်အထည်ဖော်စေခဲ့ခြင်းဖြစ်ကြောင်း၊ ရတနာပုံခန်းမကြီးအား ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်၍ စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ ကြောင်း၊ မန္တလေးမြို့၏ အချက်အခြာနေရာတစ်ခုဖြစ်သည့် ၇၈ လမ်း၊ ၃၈ လမ်းထောင့် မြေဧရိယာ ၆ ဧကပေါ်တွင် ဆောက်လုပ်ထားရှိခြင်းဖြစ်ပြီး တည်ဆောက်ရာတွင် မန္တလေး မြို့၏ ကျက်သရေဆောင်နန်းမြို့မြန်မာမှုအသွင်အပြင်နှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်၍ မြို့တော်ဂုဏ်အင်္ဂါရပ်နှင့်လိုက်ဖက်တင့်တယ်စေမည့် ဒီဇိုင်းများအဖြစ် ပုံဖော်ဖန်တီးပြီး ခန်းနားထည်ဝါစွာတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။

ရတနာပုံခန်းမကြီးသည် လူဦးရေ ၁၂၀၀ ဝင်ဆန့်ပြီး စီးပွားရေး၊ကျန်းမာရေး၊ ပညာရေးနှင့် နည်းပညာပိုင်းဆို်ငရာ အလုပ်ရုံဆွေးနွေးပွဲ(Workshop)များ၊ အစည်းအဝေး (Meeting)များ၊ ရှင်ပြုရဟန်းခံ နားထွင်းနားသအလှူပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အထိမ်းအမှတ် ညစာစားပွဲ၊ အငြိမ့်ပွဲ၊ ပဒေသာကပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ စသည့်အခမ်းအနား ပွဲများအပြင် ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ ဈေးရောင်းပွဲတော်များနှင့် နိုင်ငံတကာကုန်စည် ပြပွဲများကိုပါ ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခေတ်မီနည်းပညာများနှင့် ဓာတ်လှေကား၊ စက်လှေကားများ၊ အသံပိုင်းဆိုင်ရာစနစ်များ၊ မီးသတ်စနစ်နှင့် လုံခြုံရေးစနစ်များကိုပါ ထည့်သွင်းတည်‌ ဆောက်ထားကြောင်း။

မြန်မာနိုင်ငံ၏ ကုန်းဘောင်မင်းဆက်မြို့တည်နန်းတည်ရာ ဖြစ်ခဲ့သည့် မန္တလေးမြို့ သည် သမိုင်းအစဉ်အလာရှိမှုနှင့်ယဉ်ကျေးမှုအစဉ်အလာကြီးမားမှုများဖြင့် ထင်ရှားသည့် မြို့တစ်မြို့လည်းဖြစ်ကြောင်း၊ ထို့အပြင်မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာမှုများပြားသော ဒေသဖြစ်သည့် အတွက် မြို့တော်အင်္ဂါရပ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် မြို့ကျက်သရေဆောင် ခန်းမကြီးတစ်ခုကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ ယခုလက်ရှိရတနာပုံခန်းမကြီးနှင့် ကပ်လျက်တည်ရှိသည့် ၃၈ လမ်း ဖောက်လုပ်ထားသောမြေဧရိယာသည် ရှေးယခင်ကတည်းက တပ်ပိုင်မြေဖြစ်ပြီး အများပြည်သူ အသုံးပြုနိုင်ရန်အလို့ငှာ လမ်းမကြီးဖြတ်သန်းဖောက်လုပ်နိုင်ရေးအတွက် မိမိတာဝန်ယူသည့်အချိန်တွင် တပ်မတော်မှ မြို့တော်စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ကျွဲဆည်ကန်စက်မှုဇုန် (၂) အနီးမြို့သစ်မှ ရန်ကုန်-မန္တလေးကားလမ်းမကိုပတ်သွားနေရခြင်းကြောင့် ကမ္ဘာ့ရတနာဘဏ်အနီးတွင် ရှိသည့် တပ်မတော်ပိုင်ကန်တိုမင်မြေပေါ်ဖြတ်သန်း၍ လမ်းနှစ်ခုဆက်ပြီးဖောက်လုပ်နိုင် ရေး တင်ပြလာခဲ့သည့်အတွက် လွှဲပြောင်းပေးခဲ့ရာ ယခုဖောက်လုပ်ထားသော ၁၁၇ လမ်း အဖြစ်မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မန္တလေးတောင်ခြေအနီး အိမ်ခြေ ၆၁၁ လုံး၊ အိမ်ထောင်စု ၇၈၉ စုရှိသည့် ဘုန်းတော်တိုးရပ်ကွက်ကြီးတစ်ခုလုံးသည် တပ်မြို့ စည်ပင်ကန်တိုမင်နယ်မြေအတွင်းတွင်ရှိသည့်အတွက် မြို့၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ၏ အကျိုးစီးပွားတိုးတက်စေရေးအလို့ငှာ မိမိတို့မှ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည့်အတွက် လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေချောမွေ့စေရေးနှင့် မြို့ကွက်ပုံစံစနစ်တကျ ဖြစ်စေရေးတို့အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်းကိုလည်း အသိပေးပြောကြားလိုကြောင်း။

သမိုင်းအစဉ်အလာကြီးမားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်း များရှိနေသည့် မန္တလေးမြို့တွင်လိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦများ ယခုကဲ့သို့ တည်ဆောက်ပေးခြင်းဖြင့် ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို ခမ်းနားထည်ဝါစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေပြည်သူများ၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း တစ်တပ်တစ်အားအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူရခြင်းသည် အရေးပေါ်ကာလ ခဏတာမျှ ဖြစ်သော်လည်း တတ်နိုင်သမျှ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေးကဏ္ဍတွင် နောက်ကျမကျန်ခဲ့ရအောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း သည် ပဲ၊ နှမ်း၊ ငရုတ်အပါအဝင် နှစ်ရှည်သီးနှံများ အဓိကထားစိုက်ပျိုး ထုတ်လုပ်ပြီး ရွှေချည်ထိုး၊ ကြိုးကြီးချိပ်အပါအဝင် အထည်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နေသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ ဒေသ ထုတ်ကုန်ကို အခြေခံသည့် စက်မှုလုပ်ငန်းများ၊ အခြားစက်မှုလုပ်ငန်းများ များစွာ ဆောင်ရွက်နေသည့်အတွက် ရေခံမြေခံကောင်းသည့် မန္တလေးတိုင်းသည် နိုင်ငံတော်က အားကိုးရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို အဓိကအခြေခံသည့် တန်းဖိုး မြင့်ထုတ်ကုန်လုပ်ငန်းများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ စီမံကိန်းများညွှန်ကြားရေမှူး ဦးခင်မောင်စိုးက ရတနာပုံခန်းမ တည်ဆောက် ဆောင်ရွက်ခြင်းဆိုင်ရာများနှင့် ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေများအား Video Clip များဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ကျေးဇူးတင်စကားပြောကြားရာတွင် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ နှင့်ပတ်သက်သည့် အမျိုးမျိုးသော အခမ်းအနားများ အစည်းအဝေးပွဲများအား အဆင့် အတန်းမီစွာကျင်းပ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ မန္တလေးမြို့အတွက် ကျက်သရေဆောင် ခန်းမကြီးတစ်ခုကို ဖြည့်ဆည်းဆောက်လုပ်ပေးသည့်အတွက် ကျေး ဇူးတင်ရှိပါကြောင်း၊ အလားတူ ၇၈ လမ်းမှ ၇၃ လမ်းအထိ ပိတ်နေသောလမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ပိုင် မြေပေါ်မှ လမ်းဖောက်လုပ်ခွင့်ပေးခဲ့သည့်အတွက် မန္တလေးမြို့တော်သူ မြို့တော်သားများ နှင့် မန္တလေးတက္ကသိုလ်တွင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု ကိုလွယ်ကူချောမွေ့စေခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရတနာပုံခန်းမ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့နှင့် မြို့မတူရိယာအဖွဲ့မှ ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် အကအလှတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့နှင့် မြို့မတူရိယာအဖွဲ့အား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာပုံခန်းမအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းသတင်းရရှိသည်။