နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၃၁

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC–II) ညီလာခံခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြ များ၊ အထောက်အကူပြုများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကို မောင်နှမ များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်က အမှာ စကား ပြောကြားရာတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မူလထားရှိသည့် ရည်မှန်းချက်အတိုင်း ခမ်းခမ်းနားနား ထည်ထည် ဝါဝါ ပြည့်ပြည့်စုံစုံဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊  အမျိုးသားယဉ်ကျေး မှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား သွေးစည်းချစ်ကြည်မှု ပိုမိုရရှိအောင် ကြိုးစားနိုင်ကြပါစေကြောင်း နှင့်ရရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်ကို မြင့်မားအောင် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ် ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ရင်း နှုတ်ခွန်းဆက်သပါကြောင်း။

အလွန်နက်နဲသိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ် လူငယ်မောင်မယ် များအကြားတွင် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစားလာကြ စေရန်၊ မိမိနိုင်ငံမိမိလူမျိုး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင် လိုသည့်ဇာတိမာန်နှင့် မျိုးချစ်စိတ်များ အစဉ်ထာဝရ ရှင်သန်နိုးကြားထက်မြက် နေစေရန် စသည့်ရည်ရွယ်ချက်များနှင့် မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင် ကျင်းပခဲ့ပါကြောင်း။

ထို့နောက် ငါးနှစ်ကျော်ကာလရပ်တန့်ခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးအဖြစ် ပြန်လည်စတင် ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်ဆိုပါကဒုတိယမြောက်အနေဖြင့် (၂၄)ကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ထို့ကြောင့်ယခုလိုကောင်းမြတ်သည့် အချိန်အခါသမယတွင် ဆုချီးမြှင့်ပွဲ အခမ်း အနားကို မင်္ဂလာရှိစွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပရာ၌ ဗဟိုအဆင့် ပြိုင်ပွဲ ဝင်အင်အားသည် ကြိုတင်မျှော်မှန်းထားသည်ထက် ပိုမိုပြီးယှဉ်ပြိုင်နိုင်ခဲ့ သည်ကိုတွေ့ရှိခဲ့ ရပါကြောင်း၊ အဆိုပါကာလသည် ကိုဗစ်-၁၉ ရောဂါ၏ အငွေ့အသက်များ ကျန်ရှိနေဆဲ အချိန်အခါဖြစ်သော်လည်း မူလမျှော်မှန်းထားသည်ထက် ပိုမိုသာလွန်သည့် ပြိုင်ပွဲဝင်အင် အားများနှင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို လေ့လာထောက်ရှုခြင်း အားဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အကြောင်းကြောင်းကြောင့် ရပ်နား ထားခဲ့ရသော်လည်း ယခုပြိုင်ပွဲကြီးကို အလေးထားမျှော်လင့်ကြသည့် သမ္ဘာရင့်ဝါရင့် ပညာရှင်ကြီးများနှင့် မျိုးဆက်သစ်အနုပညာရှင် မြောက်မြားစွာရှိနေကြသည်ကို တွေ့ရှိနိုင် ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ် မြောက်အဖြစ် ကျင်းပပြီးစီးသွားခဲ့သည့် ပြိုင်ပွဲကြီး တွင် ဗဟိုအဆင့်ပြိုင်ပွဲဝင် အင်အားသည် ၁၈၃၈ ဦး ရှိခဲ့ပါကြောင်း၊ ယခုနှစ် (၂၄)ကြိမ်မြောက် ဗဟိုအဆင့်တွင် ပြိုင်ပွဲဝင်အင်အား ၂၃၀၆ ဦးရှိသည့်အတွက် ယခင်နှစ် ကထက် ၄၆၈ ဦး ပိုမိုပါဝင် လာသည်ကိုတွေ့ရသဖြင့် ဝမ်းသာအားရဖြစ်မိပါကြောင်း။

ပြိုင်ပွဲဝင်ဘာသာရပ်များအနေဖြင့်အဆိုပြိုင်ပွဲတွင်အမျိုးအစား(၃)မျိုး၊ အကပြိုင် ပွဲတွင်အမျိုးအစား(၈)မျိုး၊ အရေးပြိုင်ပွဲတွင်အမျိုးအစား (၄)မျိုး၊ အတီးပြိုင်ပွဲတွင် အမျိုးအစား(၁၃)မျိုး၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား(၂၈)မျိုးကို ကျင်းပပေးခဲ့ပါကြောင်း၊ အဆိုပါ ပြိုင်ပွဲများတွင် ဝါသနာရှင်(ပထမတန်း) အဆင့်၊ ဝါသနာရှင်(ဒုတိယတန်း) အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ် အတွင်း) အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း) အဆင့်ဆိုပြီး အဆင့် (၅)ဆင့် သတ်မှတ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း။

ပြီးခဲ့သည့်နှစ်က ရွှေတံဆိပ်ဆွတ်ခူးရရှိသူ (၁၈၁)ဦး၊ ငွေတံဆိပ်ဆွတ်ခူးရရှိသူ (၁၄၃)ဦး၊ ကြေးတံဆိပ်ဆွတ်ခူးရရှိသူ (၁၂၁)ဦး၊ နှစ်သိမ့်ဆုရရှိသူ (၅၆)ဦးနှင့် အထူးဆု ရရှိသူ(၂)ဦး၊ စုစုပေါင်း (၅၀၃)ဦးရှိခဲ့ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ဆုအရေ အတွက် သည် ရွှေတံဆိပ် (၁၇၁)ဦး၊ ငွေတံဆိပ် (၁၅၆)ဦး၊ ကြေးတံဆိပ် (၁၅၆)ဦးနှင့် နှစ်သိမ့်ဆုနှင့် အထူးဆုများချီးမြှင့်ပေးမည်ဖြစ်သည့်အတွက် ယမန်နှစ်ကထက် ဆုအရေအတွက် ပိုမို ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း။

ယနေ့အချိန်အခါတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အနာဂတ် နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်သွေးစည်းမှု၊ နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ အခြားတစ်ဖက်မှလည်း နိုင်ငံတော်၏အနာဂတ်ကို ဖန်တီးကြမည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏သားကောင်းရတနာ၊ သမီး ကောင်းရတနာ မျိုးဆက်သစ်များဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးလျက်ရှိပါကြောင်း။

ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန် နှင့် ပြည့်စုံနေရန်အတွက် ပြုစုပျိုးထောင်ရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အခြေခံသည့် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို ထပ်ဆင့်ပြောကြားလိုပါကြောင်း။

ထို့ပြင် မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ ဆက်လက်ထွန်းကားပြန့်ပွားလာသည်နှင့်အမျှ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ တွင် အမျိုးသားရေးလမ်းကြောင်းမှန် အတိုင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မြင့်မားလာ မည်ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။

ယခုကဲ့သို့ကိုယ်စီရရှိခဲ့ကြသည့် အောင်မြင်မှုများ၊ အပြန်အလှန်ချစ်ကြည် ခိုင်မြဲ သည့် မေတ္တာတရားများကိုအခြေခံပြီး မိမိတို့၏ နေရပ်ဒေသများကို ပြန်လည်ရောက် ရှိကြသည့်အခါ မိမိတို့ဒေသအကျိုး၊ နိုင်ငံတော်အကျိုး၊ နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကို ကျရာအခန်းကဏ္ဍများမှနေပြီး ဆတက်ထမ်းပိုးတိုး၍ သယ်ပိုးနိုင်ကြပါ စေကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် သာယာလှပသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြ ပါစေကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ အကအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရှမ်းတိုင်းရင်းသားရိုးရာ အကအဖွဲ့က ရှမ်းရိုးရာအကဖြင့် စုပေါင်း ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက မဟာဂီတအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် ပထမတန်းနှင့် ဒုတိယတန်း (အမျိုးသမီး) ပြိုင်ပွဲတို့တွင် ဆုရရှိကြ သူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီး မြှင့်ကြသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ၏ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးနှင့် ကောင်စီဝင်တို့၏ ဇနီးတို့က မဟာဂီတ အဆိုပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် ၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း) (အမျိုးသမီး) ပြိုင်ပွဲများ တွင်ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက  မဟာဂီတအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာ အဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း)(အမျိုးသား)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို လည်းကောင်း၊ ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း) (အမျိုးသား)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ကောင်စီဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ က ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအ ဆင့်၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း) (အမျိုးသမီး)ပြိုင်ပွဲ၊ အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင် ရေးတေးသီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ကြသည်။

၎င်းနောက် ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲအခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)(အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးကိုယ်စားပြု မခင်ရတနာမိုးမြင့်က “ရွာသာယာ”သီချင်းဖြင့်သီဆိုဖျော် တင်ဆက် သည်။

ထို့နောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက အကပြိုင်ပွဲ ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာ အဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့်ပံ့ပိုးဆိုင်း ဆုရရှိသူများကိုလည်းကောင်း၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ ၊ ကွက်စိပ်ပြိုင်ပွဲ၊ ကဗျာလွတ်ပြိုင်ပွဲ၊ ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပံ့ပိုးဆိုင်း ဆုရရှိကြသူများ ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြ သည်။

ယင်းနောက် အကပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပြိုင်ပွဲ၌ရွှေတံဆိပ်ဆုရရှိသည့် ကရင်ပြည်နယ်ကိုယ်စားပြုမမေစနိုးက ကပြဖျော်ဖြေသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများက အရေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အရေးပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု မဟန်စုစုစံက “ဝါကျွတ်ခါမီ တူရာသီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက စောင်းအတီးပြိုင်ပွဲ၊ စန္ဒရားအတီး ပြိုင်ပွဲ၊ ဆိုင်းအဖွဲ့လိုက် အတီးပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်အမြင့် တပ်မတော်အရာရှိကြီးများက ဒိုးပတ်အတီးပြိုင်ပွဲ၊ အိုးစည်အတီးပြိုင်ပွဲ၊ တယောအတီး ပြိုင်ပွဲ၊ နှဲပြိုင်ပွဲ၊ ပုလွေပြိုင်ပွဲ၊ မယ်ဒလင်အတီးပြိုင်ပွဲ၊ ပတ္တလားအတီးပြိုင်ပွဲ၊ ဂီတာအတီး ပြိုင်ပွဲနှင့် ဒုံမင်းအတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စောင်းအတီးပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု မရှင်းသဒ္ဒါထက်အောင်က တီးခတ်ဖျော်ဖြေသည်။

ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသက်အကြီးဆုံး၊ အသက်အငယ်ဆုံးနှင့် မသန်စွမ်းပြိုင်ပွဲဝင်  ၈ ဦးကို အထူးဆုများ ပေး အပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် အဖွဲ့များနှင့် ကြိုးဆွဲအဖွဲ့ထူးချွန်ဆု၊ ဆိုငိုပြောအဖွဲ့ထူးချွန်ဆု၊ ဇာတ်ပို့ဆိုင်းအဖွဲ့ ထူးချွန်ဆု နှင့် ဇာတ်ညွှန်းဆုရရှိသူများကို  ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟော်သဓာ ဇာတ်တော်ကြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် အဖွဲ့နှင့် ဇာတ်သရုပ်ဆောင်ထူးချွန်ဆုရရှိသည့် မဟော်သဓာမင်းသားဆု၊ အမရာမင်းသမီးဆု၊ ကေဝဋ်ပုဏ္ဏားဆု၊ နှစ်ပါးသွားဆု၊ ဇာတ်ညွှန်ဆု၊ ပံ့ပိုးဆိုင်းဆုနှင့် ဒါရိုက်တာဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။             ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှုများမှာ  ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၃)ဆု၊ မန္တလေးတိုင်းဒေသကြီးမှ (၈၁)ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ(၅၆)ဆု၊ ကရင်ပြည်နယ်မှ (၃၁)ဆု၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ(၃၂)ဆု၊ ပဲခူးတိုင်းဒေသကြီးမှ (၄၀)ဆု၊ မွန်ပြည်နယ်မှ (၃၂)ဆု၊ ရခိုင်ပြည်နယ် မှ(၁၇)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၉)ဆု၊ ကချင်ပြည်နယ်မှ (၁၉)ဆု၊ ကယား ပြည်နယ်မှ (၁၆)ဆု၊ ရှမ်းပြည်နယ်မှ (၁၅)ဆု၊ ချင်းပြည်နယ်မှ (၁၄)ဆုနှင့် မကွေးတိုင်း ဒေသကြီးမှ (၁၆)ဆုရရှိခဲ့ကြကြောင်း သတင်းရရှိသည်။  AA