နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN အား ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် သံတမန်ဆောင်ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များဆောင်ရွက် နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်နှင့်အညီ မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H. E. Mr. PRAK Sokhonn ၊ ဝါရင့်ဝန်ကြီး၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Mr. CHAM Prasidh၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ကမ္ဘောဒီးယား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အထွေထွေ အတွင်းရေးမှူး H.E. Mr. SOK Chenda Sophea ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) Lt. Gen. Hun Maneth တို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။