နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘုတ်ပြင်းမြိုနယ်ရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု
နေပြည်တော်၊ ဇန်နဝါရီ - ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဘုတ်ပြင်း မြို့ရှိ၊ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့ သွားရောက် ကြည်ရှုလေ့လာသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကတနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးခိုင်ထူး၊ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ ဦးအန်းဘန်တို့ က တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းစတင်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရန်ကျန် ရှိသည့် နေရာများတွင် ဆက်လက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်သို့အခွန်ငွေများပေးသွင်းမှု အခြေအနေများ၊ ကုမ္ပဏီဖွဲ့စည်းမှုနှင့် ဝန်ထမ်း များ ခန့်အပ်ထားရှိမှုအခြေအနေများ၊ မျိုးများအား အဆင့်ဆင့်ပျိုးထောင် စိုက်ပျိုးမှု အခြေအနေများ၊ ဆီသီးများအား အရည်အသွေး စစ်ဆေးခြင်းနှင့် အရည်အသွေး ကိုက်ညီသည့် ဆီများထုတ်လုပ်နိုင်ရေး အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ထုတ်လုပ်သည့်ဆီကြမ်းများအား ရန်ကုန်မြို့ရှိ ဆီချောထုတ်လုပ်ရေး စက်ရုံသို့ ပို့ဆောင်လျက်ရှိမှုအခြေအနေများ၊ ဆီအုန်းကိုအခြေခံ၍ စားသုံးဆီများနှင့် ဆပ်ပြာများ ထုတ်လုပ်နေမှုအခြေအနေများ၊ ဆီသီးခိုင်များထွက်ရှိမှုနှင့် ဆီကြမ်းနှင့် ဆီချော (စာအုန်းဆီ) များထုတ်လုပ်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက်လည်း ဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများစိုက်ပျိုးဆောင်ရွက်လျက်ရှိမှုနှင့် ယခု ထက်ပိုမို စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးပြီး စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးခြင်းမရှိခြင်းကြောင့် အမှန်တကယ်စိုက်ပျိုးဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အမှန်တကယ်အသုံးချခြင်း ရှိ/မရှိကို မြေယာမူဝါဒ၊ မြေယာဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံးစိစစ်တင်ပြ ဆောင် ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဆီအုန်းစိုက်ပျိုးရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးအား နိုင်ငံတော်၏ဆန်အိုးကြီးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုး ဖြစ်ထွန်းသည့် တနင်္သာရီတိုင်းဒေသကြီးကိုလည်း ဆီအိုးကြီး အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် လည်း ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှ စားသုံးဆီများရရှိသကဲ့သို့ အခြားထုတ်ကုန်များ ကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုး မြေများတွင် အမှန်တကယ်စိုက်ပျိုးရန်နှင့် ဆီအုန်းများအား စားသုံးဆီထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဆောင်ရွက်ရန်လိုကြောင်း။
ဆီအုန်းများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ မြေကောင်းမွန် ရန်နှင့် ရေလုံလောက်စွာရရှိရန်ဆောင်ရွက်ပြီး စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုး နိုင်မည်ဆိုပါက အထွက်နှုန်းများပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့်အသုံးမပြုစေရေး တာဝန်ရှိသူများက ဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်ရန်လိုကြောင်း၊ သက်တမ်းကုန်ဆုံးတော့မည့် အပင်များပြန်လည်ဖြည့်စွက် စိုက်ပျိုးရာတွင် လစ်ဟာမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီး အပိုင်းလိုက်ခွဲ၍ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပင်များ ကုန်ကြမ်းများထုတ်လုပ်နိုင်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားပြီး စားအုန်းဆီများအား ပြည်ပမှနှစ်စဉ် ဆီတန်ချိန် များစွာတင်သွင်းခဲ့ရကာ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့်တင်သွင်း ခဲ့ရသဖြင့် နိုင်ငံတော်မှ ငွေကြေးများစွာသုံးစွဲခဲ့ရကြောင်း၊ ပညာရှင်များ၏ တွက်ချက်မှု အရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက်ဆီလိုအပ်ချက်သည် ၁ ဒသမ ၅၈ ကျပ် သားဖြစ်၍ ၁ နှစ်လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပြီး တစ်ဖက်မှ ဆီစားသုံးမှုလျှော့ချ သကဲ့သို့ တစ်ဖက်တွင် ဆီအထွက်နှုန်းတိုးစေရန်အတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကိုယ်စီကျန်းမာသောဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စားသုံးဆီများတင်သွင်းမှုလျှော့ချနိုင်ရေး အတွက် ယခုစားသုံးဆီထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ အနေဖြင့် ယခုထက်ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း၊ စိုက်ဧကများအား မှန်မှန်ကန်ကန် စနစ်တကျဖြင့်စိုက်ပျိုး၍ အထွက်နှုန်းတိုးမြင့်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား ပြုပြင်ပြောင်းလဲရန်လိုကြောင်း၊ နိုင်ငံအတွက်နစ်နာမှုများစွာ ဖြစ်ပေါ်လျက်ရှိသဖြင့် အားလုံးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကော့သောင်းဒေသနှင့် ဘုတ်ပြင်းဒေသ များတွင် ဆီအုန်းများရာနှုန်းပြည့်စိုက်ပျိုးကြရန်လို ကြောင်းဖြင့်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအားပေးအပ်ပြီး တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်း ဆီကြမ်းထုတ်လုပ်ရေး စက်ရုံအတွင်း စက်ရုံလည်ပတ်ဆောင်ရွက် နေမှု အခြေအနေများအားကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ ထွက်ရှိသည့် ဆီသီးခိုင် များနှင့် ဆီသီးခိုင်မှတစ်ဆင့် ကာနယ်ဆီ၊ ဆီကြမ်းဆီ၊ စားအုန်းဆီနှင့် ဆပ်ပြာများ ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။