နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ - ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် တို့ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်တက္ကသိုလ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးနှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်သမိုင်းအကျဉ်းနှင့် ပညာရေးဝန်ထမ်းများ ခန့်အပ်ထားရှိမှု အခြေအနေ များ၊ ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တက်ရောက်မှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ထားရှိမှု အခြေအနေများ၊ ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ တက္ကသိုလ်အတွင်း မိုးလုံလေလုံအားကစားရုံတစ်ခု၊ ရေသိုလှောင်ကန်တစ်ခုတို့ အပါအဝင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ထားဝယ်တက္ကသိုလ်မှ ပညာသင်နှစ်အလိုက် ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်ခဲ့မှု အခြေအနေများ၊ တက္ကသိုလ်တွင် အမှန်တကယ်လိုအပ်သည့် သင်ကြားမှုသင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်သည် ၁၉၇၇ ခုနှစ်တွင် ဒေသကောလိပ်အဆင့်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် တက္ကသိုလ် ရွှေရတုနှစ်သို့ တိုင် ရောက်ရှိတော့မည်ဖြစ်သဖြင့် ရွှေရတုအတွက် ကြိုတင်ပြင်ဆင်ထားရန်လို ကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ စာပေပညာသင်ကြားခြင်း သီးသန့်မဟုတ်ဘဲ အတတ် ပညာများကို သင်ကြားပေးခြင်း၊ လေ့လာသင်ယူစေခြင်းတို့ပင်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ သင်ကြားခဲ့ရချိန်တွင် အသက်အရွယ်တန်းတူ ဖြတ်သန်းခဲ့ရပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ပတ်ဝန်းကျင် ပြောင်းလဲမှုအလိုက် လေ့လာ သင်ယူခဲ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင်အသစ်ကို ရင်ဆိုင်ကြုံတွေ့ ရမည်ဖြစ်သဖြင့် တက္ကသိုလ်များသည် ပတ်ဝန်းကျင်ကောင်း၊ အတွေ့အကြုံကောင်း များရရှိပြီး ၎င်းတို့၏ ဘဝတစ်လျှောက်ဖြတ်သန်းမှုတွင် လက်တွေ့အသုံးချနိုင်မည့် အသုံးဝင်နိုင်မည့် စာပေပညာ၊ လူမှုဆက်ဆံရေးပညာတို့ကို ရရှိသွားရန် လိုအပ်မည် ဖြစ်ကြောင်း။
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသည့် ပညာတတ်လူသားအရင်းအမြစ်များ များစွာမွေးထုတ်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ အခြေခံပညာသင်ကြားသည့် အသက်အရွယ်မှစ၍ နှစ်စဉ်တန်းစဉ် ကူးပြောင်းမှု ရာခိုင်နှုန်းကို မြင့်မားလာအောင်လုပ်ဆောင်ပြီး အမှန်တကယ် တတ်မြောက်မှုရှိအောင် သင်ကြားပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းများ နည်းပါးလာသည့် အခြေအနေကို စိစစ်ခဲ့ရာတွင် တန်းစဉ် ကူးပြောင်းမှုများ၌ အမှန်တကယ် တတ်မြောက်မှုမရှိခဲ့ခြင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းများနှင့် အထက်တန်းအဆင့်စာမေးပွဲမေးခွန်းတို့တွင် ခက်ခဲမှုကွာဟ ချက်မြင့်မားနိုင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တန်းစဉ်ကူးပြောင်းမှုများတွင် အမှန်တကယ် တတ်မြောက်မှုရှိအောင် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူချက်များအရ မိမိတို့နိုင်ငံတွင် စာမတတ် မြောက်သူဦးရေ ၁၀ သန်းကျော်ခန့်ရှိသည်ကို တွက်ချက်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျောင်းနေ အရွယ်ကလေးမှန်သမျှ ကျောင်းတက်ရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် စာပေပညာ တတ်မြောက်မှုရှိအောင် သင်ကြားပေးနိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းများ၊ တက္ကသိုလ်များကို ဖွင့်လှစ်၍ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် ကျောင်းတက်ရောက်၍ စာပေပညာများ သင်ယူရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ရပ်တည်နိုင် ရန်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက ပူးပေါင်းပါဝင်၍ ပညာရေး ကို အားပေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
တက္ကသိုလ်တွင် ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာပေပညာ၊ အတတ်ပညာတို့တွင် စိတ်ပါဝင်စားမှုရှိရန်၊ အမှန် တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ အလွတ်ကျက်ပညာရေး သဘောမျိုးမဟုတ်ဘဲ သင်ယူလေ့လာခြင်း Study စနစ်ဖြင့် သင်ကြားမှုစနစ်ဖြစ်ရန် လိုပြီး ဆရာနှင့် ကျောင်းသား အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ စာပေ ဘာသာပညာရပ်များကို လေ့လာဖတ်ရှု မှတ်သားခြင်းတို့ လုပ်ဆောင်စေရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ၊ စိတ်ကြည်နူးချမ်းသာမှုရှိစွာဖြင့် ပညာသင်ယူနိုင်ရေးအတွက်လည်း ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အပန်းဖြေရိပ်သာအပါအဝင် နေချင့်စဖွယ် ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ လောင်းလုံ၊ သရက်ချောင်းနှင့် အခြား အလှမ်းကွာဝေးသည့်ဒေသများမှ လာရောက် ပညာသင်ကြားသူများအတွက် နေထိုင် စားသောက်မှု အဆင်ပြေအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် အခြားအရေးပေါ် အခြေအနေများအတွက်လည်း ကြိုတင်မျှော်မှန်း ပြင်ဆင် ဆောင်ရွက်ပေးထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်မှုရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့်အတွက် ဥပဒေနှင့် စီးပွားရေးအတတ်ပညာကို နိုင်ငံနှင့် အဝန်း သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်တိုင်းတွင် ယခင်သင်ကြားပေး လျက်ရှိသည့် ဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာ ဘာသာရပ်နှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး လုပ်ဆောင်စေလျက်ရှိကြောင်း၊ ပြည်နယ် နှင့် တိုင်းဒေသကြီးတို့၌ Ph.D ဘွဲ့အထိ သင်ကြားပေးအပ်နိုင်သည့် တက္ကသိုလ် တစ်ခုစီရှိစေရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
မိမိတို့ တာဝန်ကျရာဒေသ၏ ပညာရည်အဆင့်အတန်းမြင့်မားစေရေးအတွက် သင်ကြားရေးတာဝန်များကို လာရောက်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများ အားလုံးကို အသိအမှတ်ပြုပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပညာရေး မြှင့်တင်မှု ကဏ္ဍအတွက် လိုအပ်သည်မှန်သမျှကို ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်ရှိ ဆိပ်ကမ်းသာပန်းခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပန်းခြံ သန့်ရှင်း သာယာလှပရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ခံတံတားသို့ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဆိပ်ခံ တံတားအဆင့်မြှင့်တင်ရေး၊ ထားဝယ်မြစ် အဆင့်မြှင့်တင်ရေးနှင့် ထားဝယ်ကမ်းနားလမ်း တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ လမ်းညွှန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။