နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တက်ရောက်ဖွင့်လှစ်‌

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တက်ရောက်ဖွင့်လှစ်‌

နေပြည်တော် ဇန်နဝါရီ ၂၉

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အား ကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ကျင်းပရာနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနားဖျော်ဖြေရေးတွင် ပါဝင်သည့် ကျောက်ဆည်ဆင်အက အဖွဲ့အား ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြ သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် လူငယ်နှင့်စာပေပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြန်ကြားရေးဝန်ကြီးဌာနပြခန်းများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြခန်းများ၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းများနှင့် လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်းများနှင့် ပညာရေးဝန်ကြီးဌာန ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် အသေးစိတ်လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များကိုမေးမြန်းပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကာတွန်းရုပ်ပြောင်ပန်းချီရေးဆွဲခြင်း၊ ပန်းချီပြိုင်ပွဲ၊ အိမ်ဆောက်ကစားခြင်း၊ စကား ပုံဆက်ကစားခြင်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူ လေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့အသံတေးဂီတအဖွဲ့၊ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေတင်ဆက်သည့် သွေးရင်းများပီပီ၊ ပြည်မြန်မာ၊ လူချွန်လူကောင်း၊ လုလင်ငယ်သွေးနှင့် သွေးချင်းတို့ ဌာနေမြန်မာပြည် သီချင်းများဖြင့် သရုပ်ဖော်သီဆိုကပြမှုများကို ကြည့်ရှုအားပေးကြ သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့ထံ  ကျောင်းသား၊ ကျောင်းသူ ၂ ဦးက လူငယ်နှင့်စာပေပွဲတော် အထိမ်း အမှတ် အမှတ်တရပစ္စည်းကိုပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်မှုတွင်ပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုလက်ဆောင်များနှင့် အားကစားပစ္စည်းများပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော်တွင် ပြခန်းပေါင်း ၄၀ ကျော်ပြသထားပြီး ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။