နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် Governor House ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် Governor House ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ - ၁၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး‌ တင်အောင်စန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာများအား ရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင် တို့က အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင်သစ်တောများပြုန်းတီးခြင်းကြောင့် ရေ အရင်းအမြစ်များအားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှု မရှိခြင်း၊ ဒေသတွင်း အပူချိန်နှုန်းထားမြင့်မားလာခြင်း၊ ရေဝင်ပေါက်များမှ ရေဝင်ရောက်မှု အားနည်းခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များ တွင် ရေခမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ထိုသို့ကြုံတွေ့ခဲ့ရမှု ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ခရီးစဉ်လမ်းညွှန်ချက်နှင့်အညီ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်သည့် ရေဝင်ပေါက်များ၊ စိမ့်စမ်းနေရာများ၊ မြေအောက် ရေနုတ်မြောင်း များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ  ရေလမ်း ကြောင်း ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများ ပြန်လည် စီးဝင်လျက်ရှိသည့်အခြေအနေများ၊ ဥယျာဉ် သန့်ရှင်းသာယာ လှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ်ရှိနေစေရေး ရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ land mark ဖြစ်ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အမျိုးသား ဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်း မဟုတ်ဘဲ ဥယျာဉ် သို့လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များသာယာ လှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှသာလျင် လာရောက်လည်ပတ်သူများ ကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရောက်ရန်နှင့် ရေကိုထိန်းသိမ်းနိုင်ရေး အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  ညှိနှိုင်း ဆောင်ရွက်၍ ဝိုင်းဝန်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကန်တော်ကြီး ဥယျာဉ်၏ ဧရိယာ ၄၃၆ ဧကကျော်တစ်ခုလုံးကို ထိန်းသိန်းစောင့်ရှောက်ရန်လိုကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးရွာသွန်းမှု အားနည်းသည်ကို တွေ့ရှိရပြီး ၂၀၂၁ ခုနှစ်တွင် မိုးရွာရက်များခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးရွာသွန်းမှု များပြားမည်ဟု ခန့်မှန်းချက် များအရ သိရှိရကြောင်း၊ ယခင်က ပြင်ဦးလွင်မြို့သည် သစ်ပင်သစ်တောများ အလွန် ပေါများပြီး ထင်းသုံးစွဲမှု များပြားခြင်း၊ မီးသွေးဖုတ်ခြင်းတို့ကြောင့် သစ်ပင်သစ်တော များ ပြုန်းတီးမှု များပြားလာကြောင်း၊ ထို့ကြောင့် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြေရန် ရည်ရွယ်၍ အရိပ်ရကော်ဖီ စိုက်ဧကများစွာကို ပြင်ဦးလွင်မြို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကော်ဖီခြံနှင့်တွဲလျက် အရိပ်ရသစ်ပင်များဖြင့် ပြန်လည်စိမ်းလန်းစိုပြေရေး ရည်ရွယ်ခဲ့သော်လည်း စနစ်တကျ စိုက်ပျိုးမှုမရှိခြင်းကြောင့် ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးခြံ များကို အလုံပိတ်စနစ်ဖြင့် ကာရံခြင်းတို့ကြောင့် စိမ့်ရေစီးဆင်းမှုကို အဟန့်အတား ဖြစ်စေသည့်အတွက် ရေဝင်ရောက်မှု နည်းပါးလာခြင်း ဖြစ်ကြောင်း။

ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြေရေးနှင့် ကန်တော်ကြီး ဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို ဟန်ပြအနေဖြင့်သာ ဆောင်ရွက်ခြင်းမဖြစ်စေလိုဘဲ စနစ် တကျဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြင်ဦးလွင်မြို့ကို တောင်ပေါ် အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့် အတွက် ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်းသာယာလှပ မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်သည်များကို ဖြေလျော့ပေးပြီးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်ရာတွင် အဆင့်မီသည့် ဥယျာဉ်ကြီး တစ်ခုအဖြစ်ရှိနေစေရေး ဆောင်ရွက်ထားရန်လိုကြောင်း၊ နဂို ရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ဥယျာဉ်ကို လက်ရှိတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ သန့်ရှင်း သာယာ လှပရေးအပိုင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန် လိုပြီး အစိုးရတာဝန်ရှိသူများနှင့်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝေရေလဲဧရိယာနေရာများနှင့် ဥယျာဉ်အတွင်း ရေဝင်၊ ရေထွက်နှင့် လေဝင်၊ လေထွက် ကောင်းမွန်စေရေး အောက်ခြေရှင်းလင်းခြင်း များနှင့် အလင်းဖွင့်ခြင်းများ လုပ်ဆောင်ပေးရန်နှင့် လိုအပ်ပါက တတ်ကျွမ်းသည့် ပညာရှင်များဖြင့် တိုင်ပင်လုပ်ဆောင်ကြရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက် ၍ တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကန်တော်လေး ရေထိန်း တံခါးပြုလုပ်ဆောင်ရွက်ထားရှိသည့် နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ကာ လိုအပ်သည် များ မှာကြားသည်။

အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်တော်အတွင်းရှိ ရေကန်များသို့ ယခင်နှစ်ပိုင်းက ရေဝင်ရောက်မှုများ နည်းပါးနေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာ လအတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ်များတွင် ကန်တော်ကြီး ရေကန်များ၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများ များပြား စေရေး အတွက် ဥယျာဉ်တော်အတွင်းနှင့် ရေဝေရေလဲဧရိယာအတွင်းရှိ ညောင်နီရေထွက် အပါအဝင် သဘာဝ ရေထွက်များအား လိုက်လံကြည့်ရှု လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများမှ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ် စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေသာ ရှိခဲ့ရာမှ ယခုအခါတွင် ပေ ၂၀ သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ဧပြီ ၁၇ ရက်နေ့ တိုင်းတာချက်များအရ ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေရှိ သည့်အနက် လက်ရှိရေအမှတ် ၆ ဒဿမ ၅ ပေ၊ ကန်အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့် အနက် လက်ရှိရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့်အမှတ် ၁၁ ပေ ရှိသည့် အနက် လက်ရှိရေအမှတ် ၇ ဒဿမ ၄ ပေ၊ ကန်အမှတ် ၄ တွင် ရေပြည့်အမှတ် ၃၂ ပေရှိသည့်အနက်  လက်ရှိရေအမှတ် ၂၀ ပေ ရှိကြောင်း သိရှိရပြီး ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင်ခံအိမ်တော်(Governor House) သို့ရောက်ရှိကြရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဘုရင်ခံအိမ်တော်(Governor House) ပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျရှိရန်နှင့် မျက်စိ ပသာဒဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။