နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု အားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင် နှင့် ယုဇနမြိုင် တို့သို့ ရောက်ရှိကြပြီး ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်း အဆောက်အဦများဖြစ်သည့်အတွက် မူလပုံစံမပျက်စနစ်တကျထိန်းသိမ်း စောင့်ရှောက် ရန်လိုအပ်သည့် အခြေအနေများ၊ ထိန်းသိမ်းပြုပြင်မှုများအတွက် ငွေကြေးကုန်ကျမှု များရှိမည်ဖြစ်သော်လည်း သမိုင်းအမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင် ရွက်ရမည်ဖြစ်ပြီး မှတ်တမ်းများလည်း စနစ်တကျထားရှိရန်လိုအပ်သည့် အခြေအနေ များ၊ ထိန်းသိမ်းမှုဆောင်ရွက်ရာတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂ များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရှေးဟောင်းလက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံး ရှာဖွေထည့်သွင်းသုံးစွဲရန်လိုအပ်သည့်အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိရန်နှင့် မီးဘေးအန္တရာယ်ကိုလည်း အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက် ၍ တာဝန်ရှိသူများအားမှာကြားခဲ့ပြီး ဧည့်ရိပ်သာများ၏ အတွင်းပိုင်းနှင့် အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထုံးဘိုကျေးရွာရှိ ဒီဇင်ဘာ နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ် လုပ်မှုလုပ်ငန်းသို့ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးစံလှ က နို့စားနွား မွေးမြူထားရှိမှု အခြေအနေများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု အခြေအနေများနှင့် တိရစ္ဆာန် အစာပင် စိုက်ပျိုးထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များအား မေးမြန်း ပြီး လိုအပ်သည်များအားဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်ဒေသရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မလိုင်လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှိးတွေ့ဆုံနှုတ်ဆက်ပြီး နို့စားနွားမွေးမြူရေးနှင့် မလိုင်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် နို့ထွက်ပစ္စည်းများနှင့်ပတ်သက်၍ ပြင်ဦးလွင်မှ စံပြ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် နို့ထွက် ပစ္စည်းများ အား တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀ ဖိုးခန့် ပြည်ပမှတင်သွင်းနေရကြောင်း၊ တပ်မတော်တွင်လည်း နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့်အတွက် နွားမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ နို့ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပငွေသုံးစွဲမှုများအား လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နို့စားနွားများအား စနစ်တကျမွေးမြူမည်ဆိုပါက ပြင်ဦးလွင်ဒေသသည် အောင်မြင်နိုင်သည့်ဒေသတစ်ခု ဖြစ်သဖြင့် အောင်မြင်အောင်ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရာ၌ စားကျက်မြေ၌ လွှတ်ကျောင်း၍ မွေးမြူခြင်း၊ လှန်၍ မွေးမြူခြင်းနှင့် အခန်းတွင်း လှောင်၍မွေးမြူခြင်း ဟူ၍ရှိပြီး လှောင်၍ မွေးမြူခြင်းကို စနစ်ကျနစွာ လုပ်ဆောင်ပါက ပိုမိုအောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ နွားစာ အစာစိမ်းနှင့်ပတ်သက်၍ ပြောင်း၊ စပါး၊ ပဲ၊ ဘာလီ၊ ဂျုံများ ဖြင့် အစာစိမ်းပြုလုပ်၍ ကျွေးမွေး၍ရကြောင်း၊ မွေးမြူခြင်းနှင့် အစာကျွေးခြင်းများ အား စနစ်တကျဆောင်ရွက်မည်ဆိုပါက နို့ထွက်နှုန်းများ တိုးတက်ပြီး အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။
မလိုင်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်ဒေသသည် မလိုင်ထုတ်လုပ်မှု ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်သည့်မလိုင်များအရည်အသွေး ကောင်းမွန်စေရန်နှင့် ထုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်၍ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နို့ကိုအခြေခံသည့်ထုတ်ကုန် ပစ္စည်းများနှင့် ဒေသထွက်သီးနှံများကို အသုံးပြု၍ တန်ဖိုးမြင့်စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါကပိုမို အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေမည်ဖြစ်ပြီး အိမ်တွင်း အသေးစားစက်မှုလုပ်ငန်း(SME) များကိုလည်း နိုင်ငံတော်အစိုးရမှ ကူညီ ဖော်ဆောင် ပေးလျက်ရှိကြောင်း၊ မွေးမြူရေးအတွက် ခွင့်ပြုပေးထားသည့် မြေများကိုလည်း စနစ်တကျအသုံးပြုစေလိုကြောင်း၊ နိုင်ငံအတွင်း နွားနို့၊ ဒိန်ချဉ်နှင့် မလိုင်စသည့် နို့ထွက်ပစ္စည်းများ ပေါများ အောင်ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံသားများအတွက် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင် မည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသတွင် နို့စားနွား များအား စနစ်တကျဖြင့် မွေးမြူ၍ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အစာစပ်လုပ်ငန်းလုပ်ဆောင်ထားရှိမှု၊ နွားများကို အသက်အရွယ် အပိုင်းအခြားအလိုက် အမျိုးအစားခွဲ၍ မွေးမြူထားရှိမှု၊ နို့ထုတ်ယူနေမှု၊ ထုတ်ယူရရှိ သည့် နို့များမှ နို့ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုပြီး နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ လိုအပ် သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်ခမ်းကြီးကျေးရွာရှိ ရှမ်း(မ်)မလိုင် မလိုင်ထုတ်လုပ်ရေးလုပ်ငန်း သို့ရောက်ရှိကြပြီး လုပ်ငန်းရှင် ဦးမြတ်သိန်းငွေ ၏ မလိုင်ထုတ်လုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ နာရီစင်အနီးရှိ ပါရမီ မလိုင်မုန့်ဆိုင်သို့ သွား ရောက်၍ နို့ထွက်ပစ္စည်းများ ရောင်းချနေမှု၊ ဈေးကွက်ဖြန့်ဖြူးနေမှု အခြေအနေ များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။