နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုအားပေး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်များ ပြုလုပ်ပေးနေမှုအားစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည် မြို့နယ်၊ သပြေဝကျေးရွာရှိ Clean Power Energy Co. Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀ ၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အား ပေး စက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ Clean Power Energy Co. Ltd ဥက္ကဋ္ဌ ဦးသောင်းကြိုင်က မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းလုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြေများအား အကျိုးရှိစွာဖြင့် အသုံးချမှုအခြေအနေများ၊ အသုံးပြုလျက်ရှိသည့် ဆိုလာ Module များ၏ စွမ်းဆောင်နိုင်ရည်များနှင့် နေရောင်ခြည်အပြည့်အဝရရှိရေး အလို အလျောက်ထိန်းချုပ်စနစ်ဖြင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများခေတ္တရပ်ဆိုင်းခဲ့ရမှုနှင့် ဆက်လက်တည်ဆောက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လုပ်ငန်းတစ်ခုလုံး၏ ထိန်းချုပ်မှုစနစ်များ၊ တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်တွင်းမှအင်ဂျင်နီယာများနှင့် ဒေသခံအလုပ် သမားများဖြင့် တည်ဆောက်ခဲ့မှုနှင့် စက်ပစ္စည်းများတပ်ဆင်ရာတွင် ပြည်ပပညာရှင် များ၏ အကြံဉာဏ်များရယူ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ စီမံကိန်းအနီးရှိကျေးရွာများ၏ လမ်းပန်းဆက်သွယ်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိမှုအခြေအနေများ၊ စီမံကိန်းဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ လုပ်ငန်းစတင်လည် ပတ်ချိန်မှစ၍ နေ့စဉ်လျှပ်စစ်ဓာတ်အားများအား နိုင်ငံတော်ဓာတ်အားစနစ်(National Grid) သို့ ချိတ်ဆက်ပို့လွှတ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် Clean Power Energy Co. Ltd မှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုမှတ်တမ်း Video အား ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံမှထုတ်လုပ်လျက်ရှိသည့် ဆိုလာပြားများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ် သည့် ဆိုလာပြားများ၏ အရည်အသွေးများနှိုင်းယှဉ်၍ အရည်အသွေးပြည့်မီသည့် ဆိုလာပြားများ ပြည်တွင်း၌အလုံအလောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊မိမိတို့နိုင်ငံအတွင်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးစက်ရုံများ လုံလောက်စွာတည်ဆောက်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အားထုတ်ယူမှုသည် အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုကြီးမြင့်ခဲ့သော်လည်း တည်ဆောက်မှုအချိန် ကာလနည်းပါးခြင်း၊ နောက်ပိုင်း ကုန်ကျစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူး များရှိကြောင်း၊ အလားတူ ကျေးရွာများတွင်လည်း ဆိုလာများများတပ်ဆင်၍ လျှပ်စစ်ဓာတ်အားများထုတ်လုပ်မည် ဆိုပါက ပြည်သူများ၏ လျှပ်စစ်သုံးစွဲမှုကို ပိုမိုအထောက်အကူပြုမည်ဖြစ်ပြီး ၎င်းတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမှုမဖြစ်ထွန်းသည့် မြေနေရာ များကိုလည်း အကျိုးရှိစွာအသုံးချ နိုင်ရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်အား အသုံးပြု၍ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိတ္ထီလာဒေသတွင် ဝါစိုက်ပျိုး မှုဖြစ်ထွန်းရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေများအား ဆိုလာစနစ်ဖြင့် အသုံးချ၍ရနိုင်ကြောင်း၊ နိုင်ငံတစ်ဝန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း များဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စီမံကိန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှတ် တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံ စီမံကိန်းအား Clean Power Energy (CPE) Co., Ltd. မှ BOO(Build Operate Own) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း၊ စီမံကိန်း တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ Panel ပေါင်း ၈၃၇၅၂ ခု၊ အင်ဗာတာ ၁၂၆ လုံး၊ Box Transformer ၅ လုံးတို့ တပ်ဆင်ထားပြီး တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ် နာရီနှစ်သိန်းကျော်ခန့်ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၇၀ ဒသမ ၅၉၉ ခန့်ထုတ်လုပ်ပေးနိုင်ကြောင်း၊ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများအား သပြေဝပင်မဓာတ်အားခွဲစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးလျက်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ယင်းနောက် မိတ္ထီလာမြို့ရှိ၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုအခြေအနေများ၊ ပန်းခင်းစီမံချက်နှင့် e-ID စနစ် ဆက်စပ်လျက်ရှိမှု အခြေအနေများ ကို Power point ဖြင့် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်နေထိုင်လျက်ရှိပြီး အမြဲတမ်း မှီတင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများမှမွေးဖွားလာသည့်မွေးရာပါ နိုင်ငံသား တိုင်းကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသား ပေးသင့်ပေးထိုက်သူများ ကိုလည်း သက်ဆိုင်ရာစိစစ်ရေးကတ်များ ထုတ်ပေးသွားရမည်ဖြစ်ကြောင်း၊ ပန်းခင်း စီမံချက်အောင်မြင်စေရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိတ္ထီလာမြို့နယ်အတွင်း ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၇ ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီဖြစ်သဖြင့် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ပြီး တစ်နိုင်ငံလုံး၏ စံပြဖြစ်စေရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများအား သတ်မှတ်ချိန် အတွင်းပြီးစီးအောင် တာဝန်ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်ခဲ့ကြသည့် ဝန်ထမ်းများ အား ဂုဏ်ပြုချီးမြှင့် ခြင်းများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် မိတ္ထီလာမြို့နယ်၊ မြင်းကန်ကျေးရွာအုပ်စု၊ ဆည်ကုန်းကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်း အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေသခံပြည်သူများ အားပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်အသစ်ပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ ပျောက်ဆုံးပျက်ဆီးခဲ့ သည့်မှတ်ပုံတင်များအား အသစ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် မန္တလေးတိုင်း ဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးယဉ်ထွေး တို့က ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပြီးစီးသည့် စာရင်းများကို ကွန်ပြူတာစနစ်ဖြင့် စနစ်တကျမှတ်တမ်းထိန်းသိမ်းထားရှိရန်နှင့် ငယ်စာရင်းများ စနစ်တကျဖြင့် မှတ်တမ်း တင်ပြုစု ထိန်းသိမ်းထားရန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပြီးစီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ မိတ္ထီလာမြို့နယ်၊ မြင်းကန်အုပ်စုရှိ ဆည်ကုန်းကျေးရွာတွင် အိမ်ထောင်စု ၁၉၈ စု၊ လူဦးရေ ၉၅၉ ဦးရှိပြီး ကျေးရွာတွင်နေထိုင်လျက်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသော ပြည်သူများမှတ်ပုံတင်ရရှိရေး ပန်းခင်းစီမံချက်ဖြင့်ယနေ့ နံနက် ပိုင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးရန် လိုအပ်သူ ၁၃၈ ဦးရှိသည့်အနက် ၁၀၁ ဦးအားပြုလုပ်ပေးနိုင်ခဲ့ကြောင်းနှင့် ပြီးစီးမှုရာခိုင်နှုန်း အနေဖြင့် ၇၃ ဒသမ ၁၈ ရာခိုင်နှုန်းဖြစ်ကာ ကျန်ရှိသူများအား ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။