နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူးအလေးအနက် ဂုဏ်ပြု သတ်မှတ်ထားသောသမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ဤရက်မြတ်အချိန်အခါကာလတွင် နိုင်ငံတော်တစ်ဝန်း လုံးရှိ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

လယ်ယာကဏ္ဍ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက်သာမက ကျေးလက်နေပြည်သူသန်းပေါင်းများစွာ၏အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုးလုပ်ငန်းကြီးဖြစ်ပါသည်။ ထို့ပြင် နိုင်ငံ၏စီးပွားရေး၊လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများတိုးတက်ပြောင်းလဲမှုပုံသဏ္ဌာန်ကို ဖော် ဆောင်လျက်ရှိသည့်အတွက် လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ၏ပဓာနကျသည့်တာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာဖူလုံရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွက်လာစေရန်၊ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိစေရန် အပင်ပန်းခံကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ပေးကြသည့် နိုင်ငံ၏ထမင်းရှင်၊ ကျေးဇူးရှင်ကြီးများ ဖြစ်ကြသော တောင်သူလယ်သမားကြီးများအား နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်းထားသည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ပံ့ပိုးကူညီ ထောက်ပံ့မှုများကို ထိရောက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့်စိုက်ပျိုးသီးနှံများအတွက် တောင်သူလယ်သမားများအား အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးများကို ကျပ် ၂၃ ဒသမ ၆၈ ဘီလီယံထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် တောင်သူလယ်သမားများဈေးကွက်တွင် မျှတသည့်ဈေးနှုန်းရရှိနိုင်ရန် အခြေခံရည်ညွှန်းစပါး ဈေးနှုန်း ထုတ်ပြန်သတ်မှတ်ခြင်းကို၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းစနစ်ကို ပိုမိုထိရောက်ကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်ရေးအပြင် တစ်ဖက်တွင်လည်း တောင်သူလယ်သမားများ အတွက် သွင်းအားစုရရှိရေးနှင့်ဈေးကွက်သေချာစေမည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာနိုင်ရေးအတွက်တွန်းအားပေးလျက်ရှိပြီး ယင်းစနစ်အား တစ်ပြေးညီကျင့်သုံးနိုင်မည့်လုပ်ထုံးလုပ်နည်းကို ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

လယ်ယာကဏ္ဍကြီးအနေဖြင့် အရည်အသွေးကောင်းသီးနှံ၊ အသားနှင့် ငါးများထုတ်လုပ်နိုင်ရေး အတွက်မျိုးကောင်း မျိုးသန့်များအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ဒေသရေမြေနှင့်လျော်ညီသည့် သီးနှံ၊ သားငါးများ စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်မည့် ခေတ်မီနည်းပညာဖြန့်ဖြူးရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ရေး၊ ပိုးမွှားရောဂါကျရောက်ကူးစက်မှုများ ကာကွယ်ထိန်းချုပ်ရေး၊လယ်ယာသားငါးကုန်စည်များ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ ချောမွေ့စွာကူးသန်းရောင်းဝယ်နိုင်ရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။

လယ်ယာကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တောင်သူလယ်သမားကြီးများ ဈေးကောင်းရမည့် အရည်အသွေးကောင်းသီးနှံများ၊ မွေးမြူရေးတိရစ္ဆာ န်များ၊ ရေသတ္တဝါများ၊စိုက်ပျိုး၊မွေးမြူထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာပေးခြင်းများ အပြင်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)၊ ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေးလေ့ကျင့်စဉ် (GAHP)၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)တို့ကို ကျင့်သုံးရေးဆောင်ရွက်ခြင်း၊ Myanmar's GAP Protocol and Guidelineများထုတ်ပြန်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

လက်ရှိကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့်မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအမျိုးမျိုးကြောင့် တောင်သူ လယ်သမားအများစု၏ လူမှုစီးပွားဘဝကို ထိခိုက်မှုများရှိနေပါသည်။ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)တွင် တစ်ခုအပါအဝင်ဖြစ်သည့် နိုင်ငံတော်၏အနာဂတ်မျိုး ဆက်များအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်း များကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း သစ်တောပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာအဆင့်အတန်း နိမ့်ကျမှု လျော့နည်းစေရေးအတွက် မြေဆီလွှာ ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ရေရှည်စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအရည်အသွေးတိုး တက်မြင့်မားလာစေမည့် သီးနှံစိုက်ပျိုး နည်းစနစ်များကိုလည်းပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိအားဖြင့် အသားတင်စိုက်ပျိုးမြေဧက(၂၉ ဒသမ ၅၉)သန်းဖြစ်သော်လည်း ယင်းမြေ ပေါ်တွင် တောင်သူလယ်သမားကြီးများကရာသီအလိုက် သီးထပ်၊ သီးညှပ်များလည်း စိုက်ပျိုးလျက်ရှိသဖြင့် နှစ်စဉ် သီးနှံစိုက်ပျိုးဧကစုစုပေါင်းမှာ ဧက(၄၈)သန်းကျော်ဖြစ်ပါသည်။ တိုးတက်လာသော နိုင်ငံ့လူဦးရေ၏ နေ့စဉ်စားနပ်ရိက္ခာ ဖူလုံရန်အတွက်တောင်သူလယ်သမားကြီးများက စိုက်ပျိုးမြေများ ကိုစနစ်တကျပြုပြင်ပြီး ရာသီအလိုက် အရည် အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းမြင့်မားလာစေမည်ဖြစ်ပါသည်။

ထို့ပြင် မြေယာအသုံးချမှုတွင် တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိရောက်အကျိုးရှိစွာဆောင် ရွက်နိုင် ရေးအတွက်လည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့မှသာ မိသားစုဝင်ငွေကိုတိုးတက်စေသည့်အပြင် နိုင်ငံအတွက် စားနပ်ရိက္ခာကိုဖူလုံပိုလျှံစေမည်ဖြစ်သဖြင့် စိုက်ပျိုးမြေများကို အကျိုးရှိထိရောက်စွာအသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ယခုရာစုနှစ်အတွင်းမှာပင် ကမ္ဘာတစ်ဝန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်း လာနိုင်မည်ဟုခန့်မှန်းထားရာ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေရှိမည့်သီးနှံအမျိုးအစား၊ သီးနှံပုံစံ၊ စိုက်ပျိုးနည်းစနစ် စသည်တို့ကို ပြောင်းလဲစိုက်ပျိုးနိုင်မည့်အစီအမံများကို ရေတိုရေရှည်စီမံချက်များချမှတ်၍ သက်ဆိုင်ရာဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်းရေးတို့ကို နိုင်ငံတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့်ပုဂ္ဂလိက ညီညွတ်စွာပူးပေါင်း၍အရန်မျိုးစေ့များစုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကိုအားပေးကူညီလျက်ရှိပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးတွင်အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေးအတွက်နှစ်စဉ်မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံဧက (၂၄)သိန်းခန့်ကို တည်ဆောက်ပြီး ဆည်တမံနှင့် အခြားရေရရှိရေးလုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေမှုဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုလျော့ပါးရေးအတွက် နိုင်ငံတစ်ဝန်းတွင်ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းပေါင်း (၄၅၁၉)ခုကို ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မြေဧက (၃)သန်းကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။

ကုန်ဆုံးခဲ့သည့်နှစ်များအတွင်း မုတ်သုံမိုးရွာသွန်းရက်နှင့် မိုးရေချိန်နည်းပါးလာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် မိုးရေရရှိမှုလျော့နည်းလျက်ရှိသဖြင့်တည်ဆောက်ပြီး ရေလှောင်တမံများ၏ ရေသိုလှောင်မှုပမာဏလျော့ကျလျက်ရှိပါ သည်။ သိုလှောင်ဖြန့်ဖြူးပေးလျက်ရှိသောရေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆည်ရေပေးမြောင်းများ ပြုပြင် တည်ဆောက်မှုအပြင် ရေပေးဝေမှုစနစ်များ ပိုမိုကောင်းမွန်ရန်လုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် ရေကို အလေအလွင့်လျော့ပါးပြီး ထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်တောင်သူလယ်သမားများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင် သော ရေအသုံးချသူအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလျက်ရှိရာ ပြည်နယ်/တိုင်းဒေသကြီး(၁၃)ခုတွင် အဖွဲ့ပေါင်း (၈၁၈၈)ခုကို တောင်သူလယ်သမား (၂၃၈၇၅၀)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ တောင်သူလယ်သမားကြီး များအနေဖြင့် ရေအသုံးချသူအစုအဖွဲ့များတွင် ကိုယ်တိုင်ပါဝင်ပြီး သီးနှံစိုက်ပျိုးမှုအတွက် ထိထိရောက်ရောက်အကျိုး ရှိစွာအသုံးချကြရန်နှင့် လေလွင့်ဖြုန်းတီးမှုမဖြစ်စေရေး အလေးဂရုပြုဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ တစ်ဖက်တွင်လည်း ရေလိုအပ်မှုများပြားသည့် စပါးအခြေခံသီးနှံပုံစံများနေရာတွင် ဈေးကွက်ဝယ်လိုအားရှိသော တန်ဖိုးမြင့်သီးနှံများစိုက်ပျိုးမှုပုံစံကိုပြောင်းလဲစိုက်ပျိုးရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေရရှိမှုနည်းပါးလာပြီး ဆည်ရေသိုလှောင်မှု ပုံမှန်ထက်လျော့နည်း သဖြင့် ရေကိုအကျိုးရှိရှိအသုံးချစေလိုပါသည်။ နိုင်ငံတော်မှလည်းဒေသအလိုက် သင့်လျော်သောသီးနှံစိုက်ပျိုးမှုပုံစံများကို စံပြကွက်များတည်ထောင်ပြီး ပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ သို့မှသာစိုက်ပျိုး မွေးမြူသူ တောင်သူလယ်သမားကြီးများအနေဖြင့် ဈေးကွက်ရရှိပြီး ဝင်ငွေမြင့်မားသော လယ်ယာစီးပွားလုပ်ငန်းများ ကိုရွေးချယ်ပြီး ပြောင်းလဲဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

ယနေ့အချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့်ရာသီဥတုပြောင်းလဲမှုအခြေအနေအရ သဘာဝဘေးအန္တရာယ်များ၊ ကိုရိုနာ ဗိုင်းရပ်ကူးစက်ရောဂါကျရောက်မှုအခြေအနေများကိုရင်ဆိုင်နေရလျက်ရှိပြီးနိုင်ငံနှင့် ပြည်သူပြည်သားများ၏စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊လူမှုရေးအခြေအနေများ ယုတ်လျော့မှုနည်းနိုင်သမျှနည်းပါးအောင် စွမ်းဆောင်ကြိုးပမ်း လျက်ရှိပါသည်။

အထူးသဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ်အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်၊ မြို့ပြနှင့်ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်းကွာဟချက်များ ကျဉ်းမြောင်း လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင်ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီး များကို ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရန်၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင် ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ်ဆောင် ရွက်နိုင်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေးတို့အတွက် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့် တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးလိုပါသည်။

နိုင်ငံအဝန်းရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏စွမ်းအားကို ရယူပေါင်းစု၍ လယ်ယာထုတ်ကုန် သမဝါယမ အသင်းအဖွဲ့များဖွဲ့စည်းထူထောင်ပြီး၊ မြေပြုပြင်မျိုးစေ့ချစိုက်ပျိုးသည့်အဆင့်မှ ဈေးကွက်သို့တင်ပို့ရောင်းချသည့် အဆင့် ထိ လုပ်ငန်းစဉ်အဆင့်အားလုံးတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တောင်သူလယ်သမားများလည်း လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ခံစားခွင့်ရရှိရေးအတွက် သမဝါယမကဏ္ဍ အနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုစိတ်စေတနာအပြည့်အဝဖြင့် ရိုးသားဖြူစင်စွာကြိုးစားဆောင်ရွက်ကြသည့် တောင်သူလယ်သမားတို့၏ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင်နိုင်ငံတော်၏အမျိုးသားလူမှုစီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်နှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ရေရှည်အကျိုးစီးပွားအတွက် ရင်ဆိုင်ကြုံတွေ့ကြရမည့်စိန်ခေါ်မှုများ၊အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကိုကျော်လွှားပြီး နိုင်ငံ၏အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲကြိုးပမ်း ပေးကြပါရန်အလေးအနက်တိုက်တွန်းအပ်ပါသည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ