နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

 
နေပြည်တော်၊ ဧပြီ - ၂၇

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချ ထားပေးသည်။

 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် မီဒီယာများကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက တပ်မတော်နှင့် မီဒီယာများကြား ဆက်သွယ် ဆက်ဆံမှုကို ဆောင်ရွက်စေခဲ့သည်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သတင်း မီဒီယာကောင်စီနှင့် ဆက်သွယ်ဆက်စပ်မှု ပြုလုပ်ခဲ့သည်များ၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်ရေး အတွက် မီဒီယာများကိုပါ ဖိတ်ခေါ်၍ ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် တပ်မတော်က နိုင်ငံ‌ တော်တာဝန်ကိုယူပြီးနောက် မီဒီယာများကို ဖိတ်ကြား၍ သတင်းစာရှင်းပွဲများ ပြုလုပ်ခဲ့မှုတို့ကို ပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြသည့် မီဒီယာများအပါအဝင် မီဒီယာများအားလုံးကို ရည်ညွှန်း၍ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုတွေရှိခဲ့သည့် အတွက် ဥပဒေ၊ စည်းကမ်းများနှင့် အညီဖြေရှင်းပေးရန် ကြေညာချက် ၆ ခု ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာများရှေ့၌ သက်သေအထောက်အထား စုံစုံလင်လင်ဖြင့် သတင်းစာရှင်းလင်းပွဲ များပြုလုပ်ခဲ့သည့်အပြင် ပြန်လည်ဖွဲ့စည်းခဲ့သည့် UEC အသစ်ကလည်း တွေ့ရှိချက် များကို သံတမန်များနှင့် မီဒီယာများကို ထုတ်ပြန်ပေးခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှုကို ဖြေရှင်းပေးရန် တပ်မတော်နှင့် နိုင်ငံ ရေးပါတီအချို့၏ တောင်းဆိုချက်များကို ဘာကြောင့် မဖြေရှင်း၊ သက်သေမပြ ပေးသနည်း ဟူသည့် မေးခွန်း၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့လုပ်ဆောင်နေသည့် ငွေတိုက်စာချုပ်၊ ဘွန်း၊ Ticket ၊ ပရောဂျက် များနှင့် ရောင်းချ အလှူခံနေသည့် သတင်းများကို မီဒီယာအချို့တွင် တွေ့ရှိနေရပြီး အဆိုပါရရှိသည်ဆိုသည့် ငွေများနှင့် ထောက်ပံ့သည်ဆိုသည့် ငွေများကို မည်သည့် နေရာများတွင် အသုံးချနေသနည်း ဟူသည့် မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူသတ်မှုပေါင်းများစွာကို ကျူးလွန်နေသည့် ဗိုလ်သံမဏိဆိုသူ အကြမ်းဖက် ဦးဆောင်နေသည့်အဖွဲ့သည် ၎င်းတို့ကိုယ်တိုင်ထုတ်ဖော်ပြောဆိုသည့် လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သည်ကို NUG အမည်ခံ အကြမ်းဖက်အဖွဲ့က အရေးယူမည်၊ စုံစမ်းစစ်ဆေးမည် ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူထားသနည်း ဟူသည့် မေးခွန်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ပုလဲမြို့နယ်အတွင်းရှိ အင်းမထီး ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာဖြစ်စဉ်များတွင် ရွာသူ၊ ရွာသားများကိုယ်တိုင် ရင်နင့် ဖွယ်ရင်ဖွင့်ပြောဆိုထားသော်လည်း ၎င်းတို့အတွက် ရပ်တည်၍ မည်သည့် မီဒီယာများက မေးမြန်းဖော်ပြပေးခဲ့ပါသနည်း ဟူသည့် မေးခွန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားတောင်မြို့၊ မြင်းကြွရပ်ကွက်နေ ကိုရင်ငယ် ၃ ပါး မိုင်းထိသည့် ဖြစ်စဉ်အပါအဝင် ဗုဒ္ဓဘာသာ ရဟန်း၊ သံဃာများ၊ အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြောင်းအမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ်မှုများ သည် NUG ၏ မူဝါဒဖြစ်ပါသလား ဟူသည့်မေးခွန်း၊ အကြမ်းဖက် NUG ၏ စီစဉ်မှုဖြင့် ကျောင်းများ ဖွင့်သည်ဟုဆိုပြီး သင်ရိုးညွှန်းတမ်းများကို ဖော်ပြရာတွင် နိုင်ငံ တော်အစိုးရက ထုတ်ဝေထားသည့် သင်ရိုးညွှန်းတမ်း စာအုပ်များပင်ဖြစ်ရာ NUG ဆိုသောအဖွဲ့ အနေဖြင့် ၎င်းတို့သင်ကြားသည် မဟုတ်ပါက စာမသင်ရ မူဝါဒရှိ/မရှိ ဟူသည့် မေးခွန်းနှင့် NUG ၏ ဒီမိုကရေစီဆိုသည်မှာ ၎င်းတို့ကို ထောက်ခံမှ ဒီမို ကရေစီအစစ်ဟု ယူဆထားသလား ဟူသည့် မေးခွန်းတို့ကို သတင်းမီဒီယာများ အနေဖြင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့ကို မေးမြန်းဖူးခြင်း ရှိ/မရှိ ပြန်လည် မေးမြန်းခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်၊ ခရစ် သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်နှင့်ပတ်သက်၍ သင်္ကြန်ကာလမတိုင်မီနှင့် သင်္ကြန်ကာလ အတွင်း ပြည်တွင်း/ပြည်ပ ပြည်ဖျက်သတင်းမီဒီယာအချို့က မဟာသင်္ကြန်ပွဲတော်ကို ဖျက်လိုဖျက်ဆီးမှုဖြစ်အောင် လှုံ့ဆော်မှုသတင်းများရေးသားခဲ့သော်လည်း နေပြည် တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စည်ကားစွာ ဆင်နွှဲနိုင်ခဲ့သည်များ။

 
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနဲ့ပတ်သက်သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် အဖွဲ့ ၉ ဖွဲ့ နှင့် လည်းကောင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့အနက် ၈ ဖွဲ့နှင့်လည်းကောင်း အဆက်အသွယ်များ ဆက်သွယ်နိုင်ခဲ့ သည့် အခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံအတွက်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင် မာမာ အာမခံထားပြီးဖြစ်ရာ အထွေထွေရွေးကောက်ပွဲ (General Election) ဆိုသည့် စကားရပ်နှင့်အညီ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးစားဆောင် ရွက်လျက်ရှိသည်များ။

ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ အကြီးအကဲ H. E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် သဘော တူညီချက်ရရှိခဲ့မှုများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ယူချိန်မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းဆောင် ရွက်ခဲ့ရာ နိုင်ငံရေးလုပ်စားသူတို့က စစ်ကျွန်ပညာရေးခေါင်းစဉ်ပြ၍ ဝါဒမှိုင်းတိုက် ခဲ့သော်လည်း အစိုးရအနေဖြင့် ကျောင်းသား၊ မိဘ၊ ဆရာများအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများကြားမှ ပြည်သူပါဝင်သည့် လုံခြုံရေးအာမခံချက်များကိုရယူ၍ ကျောင်းများဖွင့်လှစ်ရေး ဆောင်ရွက်ခဲ့သည်များ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးအချက်မှာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများ၊ နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရေတိုစီမံချက် အနေဖြင့် Sinopharm China National Biotech Group မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို Ready to Fill Bulk အနေဖြင့်ဝယ်ယူပြီး ပုလင်း သွင်းဖြည့်တင်းခြင်းကို အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ကာ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်းတွင် အောင်မြင်စွာဆောင်ရွက်နိုင်မှုများ။
ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေမှုများ၊ စက်သုံးဆီနှင့်ပတ်သက်၍ ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်များ။
လူငယ်များ၏ စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တ၊ နိုင်ငံနှင့်လူမျိုးအပေါ် ချစ်စိတ်နှင့် အားကစားတွင် စိတ်ပါဝင်စားမှုတို့မြှင့်တင်ပေးရန် ရည်ရွယ် ဆောင်ရွက် နေမှုများ၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျုံးမြို့တွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် ရှန်တုံမြို့တွင် ကျင်းပမည့် (၃)ကြိမ်မြောက် အသက်(၁၈)နှစ်အောက် အာရှလူငယ်အားကစားပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်သွားမည့် အခြေအနေများ။
ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူ့လုံခြုံရေးစနစ်သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး အထောက်အကူပြုအဖွဲ့အစည်းများသာမက ပြည်သူများကိုယ်တိုင်ပါဝင်ရေးကို ဆောင် ရွက်သွားမည်ဖြစ်ရာ အဆိုပါစနစ် အကောင်အထည်ပေါ်လာသည်နှင့်အမျှ လက်ရှိ အကြမ်းဖက်ဖြစ်စဉ်များကို လျင်မြန်စွာချုပ်ငြိမ်းနိုင်မည့်အခြေအနေများ နှင့်ပတ်သက်၍ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြား သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ နိုင်ငံရေးပါတီများအား စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲ တော်ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်မှတ်တမ်းများ၊ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံ ခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ အကြီးအကဲ H. E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် များ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြား¬မှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။