နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ ၂၀/၂၀၂၂ ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ ၂၀/၂၀၂၂ ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော်၊ စက်တင်ဘာ - ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၀/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အရှေ့ဖျားဒေသစီးပွားရေးဖိုရမ်(EEF)သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ် - ၁၉ ရောဂါကြောင့် ထိခိုက် နစ်နာခဲ့သည့် စီးပွားရေးလုပ်ငန်းများအပါအဝင် အခက်အခဲမျိုးစုံများအကြားမှ နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ကျ သည့် နည်းလမ်းပေါင်းစုံကို အသုံးပြုဆောင်ရွက်လျက်ရှိသကဲ့သို့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စောင့်ကြည့်၊ ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူ ထမ်းဆောင်ခဲ့သည့် ၁၈ လတာကာလအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ ကူညီမှု အခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလျက်ရှိသည့် အခြေ အနေများနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ဆောင်မှုများနှင့် အကြမ်း ဖက် အားပေးမှုများ မဖြစ်စေရန် ပြည်သူလူထုသို့ အသိပေးချက်များနှင့် စပ်လျဉ်း၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက် မှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်းအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။