နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

          တိုင်းရင်းသားပြည်သူများခင်ဗျား-               

          ဒီနေ့ဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့ တာဝန်ကိုထမ်းဆောင်ခဲ့တာ (၁)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။

          တိုင်းရင်းသားပြည်သူများအားလုံး ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိန်းသိမ်းခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တင်ပြချင်ပါတယ်-

          မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဟာ ၅ နှစ်တစ်ကြိမ်ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ  နိုင်ငံတော်ဒုတိယသမ္မတများ၊ အဲဒီထဲကမှ နိုင်ငံတော်သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတကအစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါတယ်။ တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ခန့်အပ်ကာအတည်ပြုတာပြုလုပ်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် စတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ရဲ့ အကြီးအကဲတွေ၊ ပါဝင်ကြသူတွေဟာ ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန်ပေးခံရသူတွေဖြစ်တဲ့ အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီစနစ်၊ နိုင်ငံရေး စနစ်ရဲ့အုတ်မြစ်ပဲဖြစ်ပါတယ်။ အလွန်အရေးကြီးပါတယ်။

          ဒါကြောင့် ရွေးကောက်ပွဲဟာ သန့်ရှင်းစစ်မှန်ပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ဖော်ပြနိုင်ဖို့လိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး”အတွက် ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲ မကျင်းပမီနဲ့ ကျင်းပအပြီးအခမ်းအနားတွေမှာ ၂၄ ကြိမ် ထုတ်ဖော်ပြောကြားခဲ့ကာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တပ်မတော်ကစိစစ်တွေ့ရှိရတဲ့ မဲမသမာမှု ၁၀,၄၈၂,၁၁၆(၁၀ သန်းကျော်၊ မဲပေးသူဦးရေရဲ့ ၄ ပုံ ၁ ပုံခန့်)ရှိကြောင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ထုတ်ပြန် ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

          မဲမသမာမှုတွေဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်လို့ တပ်မတော်နဲ့နိုင်ငံရေးပါတီတွေမှ UEC အဆင့်၊ အဲ့ဒီကမှ ပြည်ထောင်စု လွှတ်တော်အဆင့်၊ နောက်အစိုးရအဆင့်ဖြေရှင်းပေးဖို့ ဥပဒေနဲ့အညီတောင်းဆိုခဲ့ပါတယ်။ မဲမသမာမှုတွေကို ရင်ဆိုင်မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုခေါ်ယူဖို့ မတရားကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူဖို့ဆောင်ရွက်နေခြင်း ဖြစ်ပြီး နိုင်ငံတော်ရဲ့ဒီမိုကရေစီလျှောက်လှမ်းမှုကို ကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်လာ စေမှာဖြစ်လို့ နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

            နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းပြီးနောက် ကျွန်တော်တို့အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ပထမဦးဆုံးအချက်ဖြစ်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည် များကို ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်ခြင်း” ကို ပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ကိုစစ်ဆေးခဲ့ရာမှာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄,၆၄၈,၂၇၀ ဦး(၄.၆ သန်းကျော်) အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူ ၁၄,၄၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူ ၂၀,၅၆၆ ဦး၊ ၂ ကြိမ်နဲ့ ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃,၈၉၁,၆၁၁ ဦးအပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁,၃၀၅,၃၉၀ ဦး(၁၁ သန်း ၃ သိန်းကျော်) ရှိကြောင်း တွေ့ရှိရပါတယ်။

          ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့ပေမယ့် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မဲမသမာမှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ရင်ဆိုင်မဖြေရှင်းရဲတဲ့ အခြေအနေအထိ မသမာမှုများဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ  ၁၀ နှစ်သာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီကျင့်သုံးမှုအပေါ် အလေးထားမှု လျော့ပါးစေပါတယ်။ အလွန်အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ထိခိုက်အောင်လုပ်ခဲ့သူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေ ပြီးစီးပါက ရွေးကောက်ပွဲပြန်လည်လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ကတိကို အကောင် အထည်ဖော်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ အထွေထွေရွေးကောက်ပွဲဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းလုံး စိတ်အေးချမ်းသာစွာ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးရအောင် မဲပေးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ် ကျင်းပရာမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ အနည်းဆုံးဖြစ်ပြီး မကျေနပ်မှုများနဲ့ အသံဆူညံ ခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်လုံခြုံတဲ့အခြေအနေရှိမှ ပြည်သူတွေလွတ်လပ်စွာ မဲပေးနိုင်မှာဖြစ်ပါတယ်။ သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရရဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေကို တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်း ဆောင်ရွက်ကြဖို့ ဦးစွာတိုက်တွန်းလိုပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျွန်တော်တို့အစိုးရနိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် နိုင်ငံရေးအရ လုပ်ဆောင်ခဲ့မှု များကို ဆက်လက်တင်ပြသွားပါ့မယ်-

          ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာပြီးတဲ့ နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်၊ စည်ပင်သာယာရိပ်သာမှာရှိနေတဲ့ စောင့်ကြည့်ခံ လွှတ်တော်အမတ်တွေကို လက်ရှိနိုင်ငံ့ဖြစ်စဉ်အပေါ်ဥပဒေနဲ့အညီ ဖြေရှင်းနိုင်စေဖို့ အတွက် ရှင်းလင်းပြောပြခဲ့ကာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း နေရပ် ဒေသ အသီးသီးကို ပြန်လည်စေလွှတ် ပေးခဲ့ပါတယ်။ ဒါဟာ သူတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ပါတယ်။

            ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဒီမိုကရေစီကျင့်စဉ်များအတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို တပ်မတော်သားများ၊ အရပ်သားများ(တိုင်းရင်းသားလူမျိုးစုံအပါအဝင်)ဖြင့် မျှတစွာဖွဲ့စည်းခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီးတော့ အရပ်ဘက်ပုဂ္ဂိုလ်တွေကိုသာ ဦးစီး လုပ်ဆောင်စေခဲ့ပါတယ်။

          အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေး ကော်မတီ စတဲ့ကော်မတီ ၃ ရပ်ကိုဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်နေလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးကော်မတီဟာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ EAO တွေနဲ့ ၉ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ်တွေ့ဆုံခဲ့ပါတယ်။

          တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်မှာ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

          ဒီလိုအဆင့်လိုက်ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသ ခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီး ဆွေးနွေးမှာကြားချက်များ ပြုလုပ်ခဲ့ပါတယ်။ ပေါင်းစပ် ညှိနှိုင်းပေးခဲ့တယ်။ ရေရှည်အနာဂတ်အတွက် အစီအမံတွေ လမ်းညွှန်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့မှာ ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်နေတဲ့ တိုင်းရင်းသားကောင်စီ အဖွဲ့ဝင်တွေဟာလည်း ဒေသအကျိုးဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ် ၂၉ သွားရောက်ခဲ့ပြီး ဒေသရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလိုပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင်ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိတို့ နိုင်ငံ တိုးတက်ဖို့အတွက် ကြိုးပမ်းနေကြချိန်မှာ ကျွန်တော်တို့သည် လည်း ရပ်နေလို့ မရပါဘူး၊ မိမိတို့မှာ ရှိတဲ့ လူသားအရင်းအမြစ် သယံဇာတများ၊ တိုင်းရင်း သား ပြည်သူလူထုရဲ့ အားတို့ကို ရယူပြီး တိုင်းပြည်တိုးတက်စေရေး ဆောင်ရွက်ကြရပါ မယ်။ ကိုယ် ရပ်နေရင်တော့ သူများတိုင်းပြည်များက ကျော်တက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအနေဖြင့် ဆက်လက်ဦးစားပေးလုပ်ဆောင်မှာကတော့-

          အမျိုးသားရေးလုပ်ငန်းစဉ်(၂)ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနဲ့ စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

          နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခုအဖြစ် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် သွားမှာဖြစ်ပါတယ်။

          ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ် အဖြစ် ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ပဲဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုမိုခိုင်မာစေဖို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်တွေနဲ့ပြည့်စုံဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်ထဲမှာလည်းဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ဖိတ်ခေါ်လိုပါတယ်လို့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ကျွန်တော်ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး အတွက် အစဉ်အမြဲ အသင့်ရှိနေကြောင်း  ဖြည့်စွက်ပြောကြားလိုပါတယ်။

          ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကိုထောက်ခံတဲ့ ပြည်သူ လူထုကိုကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေ ရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့ အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားမှာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လိုပဲအယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနဲ့သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း အလေးထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းနဲ့ ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေအကြား ဥပဒေအရ အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိစေမှာ ဖြစ်ပါတယ်။

         အချိုးကျကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းနဲ့ တိုင်းရင်းသား ပြည်သူတွေ ဥပဒေပြုလွှတ်တော်မှာ ပိုမိုကိုယ်စားပြုခွင့်ရရှိမှာဖြစ်သလို ပြောရေးဆိုခွင့် လည်း ပိုမိုရရှိလာမှာဖြစ်ပြီး မိမိတို့ရဲ့ ဒေသအကျိုး၊ လူမျိုးအကျိုးကိုလည်း ယခင်ကထက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ခွင့်ရရှိလာမှာဖြစ်ပါတယ်။

          ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးရှိ တိုင်းရင်းသားအားလုံး တူညီတဲ့အခွင့်အရေးတွေ ရရှိဖို့ အချိုးကျကိုယ်စားပြုခြင်းစနစ်(Proportional Representation-PR)ကို ကျင့်သုံး နိုင်ရေး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊  စိတ်ပါဝင်စားသူတွေနဲ့စုပေါင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-   

          ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄,၆၄၈,၂၇၀ ဦး (၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အကျုံးဝင်သော (ဥပဒေအရနိုင်ငံသားတွေ)အားလုံးကို “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ဖို့အတွက် ၃-၅-၂၀၂၁ ရက်နေ့မှ စပြီး စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မှတ်ပုံတင် ပြုလုပ်ရမည့်လူဦးရေ ၃,၄၉၁,၃၆၄ ဦး(၃ ဒဿမ ၄ သန်းကျော်)အနက် ၂၁-၁-၂၀၂၂ ရက်နေ့အထိ ၁,၉၀၅,၈၄၃ ဦး(၂ သန်းနီးပါး) ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၅၅ ရာခိုင်နှုန်းနီးပါး) ပြီးစီးပြီဖြစ်ပါတယ်။ မှတ်ပုံတင်ဆောင်ရွက်မှုအချိန်ကာလအနေဖြင့် ၁၈ လတာ ကြာမြင့်မှာ ဖြစ်ပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး-

            ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းတဲ့မူဝါဒ (၃)ရပ်ကို အလေးအနက်ထားပါတယ်။ ဒါကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁ မှာ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ကျွန်တော့်အနေနဲ့ ပထမတစ်နှစ်တာ ကာလအတွင်းမှာ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်အောင် အမြဲရှေးရှုလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ပရဲ့ ပထမဦးဆုံးခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကို တက်ရောက်ခဲ့ပါတယ်။ ဒုတိယခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်ကနေ ၂၇ ရက် အထိ ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ ခရီးစဉ်များထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိတ်ဆွေနိုင်ငံပဲရှိပါတယ်။ ရန်သူနိုင်ငံရယ်လို့မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံ အပေါ် ရန်သူသဖွယ်ဆက်ဆံနေရင်တောင် အဲဒီနိုင်ငံတွေရဲ့သဘောထားကို ပြောင်းလဲလာ အောင်၊ မိတ်ဆွေဖြစ်လာအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပါမယ်။

          အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာ နိုင်ငံရဲ့နယ်စပ်ဒေသတွေကို ထာဝရတည်ငြိမ် အေးချမ်းတဲ့ နယ်စပ်ဒေသဖြစ်ဖို့ ငြိမ်းချမ်းချစ်ခင်တဲ့ အိမ်နီးနားချင်းဆက်ဆံရေးကို ထူထောင်သွားမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ အိမ်နီးချင်းဆက်ဆံရေးကို ပိုမိုခိုင်မာမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

          ယခုနှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံကို အလုပ်သဘော ရောက်ရှိခဲ့တဲ့ ချစ်ကြည်ရေးခရီးစဉ်မှာ အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး ဦးတည်ဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေသူတွေ အနေနဲ့ အကြမ်းဖက်မှုရပ်ဆိုင်းဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံလူသားချင်းစာနာထောက်ထားမှုနဲ့သက်ဆိုင်တဲ့ အထောက်အပံ့ပစ္စည်းတွေ ကူညီ ထောက်ပံ့နိုင်ရေးဆိုင်ရာကိစ္စတွေကိုလည်း လက်ခံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီခရီးစဉ်ဟာ ကောင်းမွန်ထူးခြားတဲ့ရလဒ်တွေရရှိစေခဲ့ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပူးတွဲသတင်းထုတ်ပြန်ချက်တွေကို လည်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

            ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ Video Conferencing နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံရဲ့ပါဝင်ဆောင်ရွက်မှု၊ အာဆီယံ နိုင်ငံတွေအတွင်း အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဆောင်ရွက်ရန် လိုအပ်တဲ့အခြေအနေတွေ၊ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံး ဖြစ် အောင် ပူးပေါင်း ဆောင်ရွက်သွားမယ့်အခြေအနေတွေ၊ အာဆီယံအထူးကိုယ်စားလှယ် ကို မြန်မာနိုင်ငံသို့ စေလွှတ်သွားမယ့်အခြေအနေတွေနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ်လာရောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် တို့အနေနဲ့ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနဲ့ အစိုးရရဲ့ရှေ့ လုပ်ငန်း စဉ်များကို မထိခိုက်စေဘဲ နိုင်ငံတကာနဲ့အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးလိုပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းဆိုင်ရာကိစ္စများအနေဖြင့် တပ်မတော်က နိုင်ငံတော် တာဝန်မရယူမီ အခြေအနေမှာ-

          မဲမသမာမှုတွေ၊ UEC ရဲ့ ဖြေရှင်းမပေးမှုတွေကြောင့် UEC ကို ကန့်ကွက်ဆန္ဒပြ မှုတွေ၊ ပါတီတွေက ဖြေရှင်းပေးဖို့တောင်းဆိုမှုတွေကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့အညီ မဲမသမာမှုတွေကို ဖြေရှင်းနိုင်ရေးနဲ့ ဒုတိယ အကြိမ်လွှတ်တော်မှာ မပြီးပြတ်သေးတဲ့ကိစ္စရပ်တွေဆွေးနွေးနိုင်ဖို့ အဲဒီအချိန်က လွှတ်တော် ကိုယ်စားလှယ် ၂၀၃ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ အရ ဥပဒေနဲ့အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ယိမ်းယိုင်ခဲ့ကာ အငြင်းပွားမှုတွေ ကတစ်ဆင့် တည်ငြိမ်မှုပျက်ပြားခဲ့ရပါတယ်။

တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက်မှာ

          နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်တာဝန်ကိုရယူခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေမရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့ မန္တလေးမြို့၊ ဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြသူ ၂၀ ဦးက စတင်ကာ ကျင့်ဝတ်စည်းကမ်းချိုးဖောက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုစည်းရုံးပြီး CDM လှုပ်ရှားမှုစတင်ခဲ့တယ်။

           ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် မရှိသူတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အမည်ဖြင့် တရားမဝင် ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့်ဆန္ဒပြမှု(Riot)အသွင်မှ ဆူပူအကြမ်းဖက် ဆန္ဒပြမှု(Anarchy Mob)ကို ကူးပြောင်းလာခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနိမ့်ဆုံး အဆင့် အနည်းဆုံးအင်အားဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။ မတ်လ ၂၇ ရက်နေ့ကို CRPH အမည်ခံအကြမ်းဖက်အဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့ဟုအမည်တပ်ကာ တစ်နိုင်ငံလုံး အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်စေရန် လှုံ့ဆော်လာခဲ့ပါတယ်။ အလုံးစုံပျက်သုဉ်းရေး အတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း(Terrorism) ပြုလုပ်လာပါတယ်။ ဥပဒေနဲ့မညီတဲ့ CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေကို အားပေးထောက်ပံ့ခြင်း၊ ဦးဆောင်မှုပြုခြင်းတွေ ဆောင်ရွက်လာခဲ့ပါတယ်။

          လူငယ်တွေကို NLD ပါတီအစွန်းရောက်တွေနဲ့ ၎င်းပါတီကို အစွန်းရောက် ထောက်ခံ အားပေးသူတွေကအသုံးချပြီး EAO နယ်မြေတွေဖြစ်တဲ့ KNU ၊ KIA ၊ KNPP စတဲ့ နယ်မြေ တွေမှာ စစ်သင်တန်းတွေတက်ရောက်စေခဲ့ပါတယ်။ CRPH ၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ အကြမ်းဖက်လုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ကြေညာခဲ့ပြီး ချင်းပြည်နယ်ဒေသအချို့၊ မကွေးတိုင်းဒေသကြီး ဒေသအချို့၊ စစ်ကိုင်းတိုင်းဒေသကြီးဒေသအချို့နဲ့ ကယားပြည်နယ်ဒေသအချို့တွေမှာ စစ်ရာဇဝတ်မှု(War Crime)ကျူးလွန်တဲ့အထိ အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ ပါတယ်။ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားတွေဟာ အရပ်သားတွေနဲ့ရောနှောပြီး အရပ်ဝတ်များနဲ့ တိုက်ခိုက်တာမို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမရှိစေရေး ခက်ခဲစွာ ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။ EAO အဖွဲ့အချို့တွေရဲ့ သင်ကြားပေးမှု၊ ထောက်ပံ့ပေး မှုတွေနဲ့ လက်လုပ်ဗုံး/မိုင်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လာကြပါတယ်။

            အကြမ်းဖက်သမားတွေရဲ့လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအနေနဲ့ ပျက်စီးဆုံးရှုံးမှု အနေဖြင့် လမ်း၊ တံတား ဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်းတွေ ဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦတွေ ဖျက်ဆီးခံရမှု ၅၀၄ ခုအပါအဝင် ပြည်သူပိုင်၊ အစိုးရပိုင်အဆောက်အဦများစွာပျက်စီးခဲ့ရပါတယ်။ သေဆုံးမှုတွေအနေဖြင့် ရဟန်း/သံဃာ ၂၀ ပါး၊ အစိုးရဝန်ထမ်း ၉၅ ဦးနဲ့ ဒဏ်ရာရရှိမှုအနေဖြင့် အစိုးရဝန်ထမ်း ၁၅၃ ဦးအပါအဝင် အရပ်သားတွေ သေဆုံး/ဒဏ်ရာရခဲ့ပါတယ်။ တစ်နှစ်တာကာလ ပတ်လုံး အကြမ်းဖက်မှု ၉,၄၃၇ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လက်နက်မျိုးစုံ ၅,၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁,၈၉၀ လုံးနဲ့ လက်လုပ်မိုင်း/ဗုံး ၁၁၄၂၄ လုံး သိမ်းဆည်းရမိခဲ့ကာ အကြမ်းဖက်သူ ၄,၃၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

ပညာရေးဆိုင်ရာကိစ္စများကို တင်ပြပါမယ်-

          နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ လူသားအရင်းအမြစ် (Humen Resources)က အဓိကဖြစ်တာကို လက်ခံထားကြပါတယ်။ လူသားအရင်းအမြစ်ဆိုတာ “ပညာ” အပေါ် အဓိကမူတည် တည်ဆောက်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထား လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈ အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၃၆၆ အရ “ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနဲ့အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ)ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်” ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

          ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ် နဲ့အထက် အရွယ်ရောက်ပြီးသူတွေထဲမှ အလယ်တန်းအဆင့်နဲ့ ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒဿမ ၂ သန်းနီးပါးခန့်ရှိတာကို တွေ့ရှိရတဲ့အတွက် နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ခန့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်းအဆင့်ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိပါတယ်။ စာသင်ကျောင်းတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ပိတ်ထားခဲ့ပါတယ်။ ယခုအခါတော့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်တဲ့ အတွက် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်ရာမှာ အထက်တန်းအဆင့် ၅,၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ၁၂,၇၈၆ ကျောင်း၊ မူလတန်း အဆင့် ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ချိန်မှာ ကျောင်းတက်ဖို့ လာရောက်စာရင်းသွင်းထားသူတွေ အနက် ၈၀ ရာခိုင်နှုန်းကျော် ကျောင်းလာရောက်တက်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြေညာထားတဲ့အတိုင်း မတ်လနောက်ဆုံးပတ်နဲ့ ဧပြီပထမအပတ်အတွင်း အတန်းတင် စာမေးပွဲတွေ စစ်မေးမှာဖြစ်တဲ့အတွက် ကျောင်းတက်ဖို့နှောင့်နှေးနေတဲ့ ကျောင်းသားတွေနဲ့ မိဘတွေအနေနဲ့ နစ်နာမှုမရှိစေဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့ကတော့ ကြိုဆိုနေ ပါတယ်။ ပညာသင်ကြားခြင်းဟာ အစိုးရအတွက်မဟုတ်ပါဘူး၊ ကာယကံရှင်ရဲ့ဘဝ တိုးတက်စေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ NUG ၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက် သမားတွေရဲ့ ကျောင်းမတက်ရေးလှုံ့ဆော်ချက်တွေဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ သားသမီးတွေကို ပညာမဲ့တွေဖြစ်စေပြီး တိုင်းပြည်နဲ့လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေတာပဲဖြစ်လို့ သတိရှိကြဖို့ပြောလိုပါတယ်။

          ကျောင်းနေအရွယ်ကလေးငယ်တိုင်း(KG+9) (အခြေခံပညာအလယ်တန်းအဆင့်) အဆင့်ပြီးဆုံးတဲ့အထိ ပညာသင်ကြားနိုင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။KG+9 အဆင့် အနည်းဆုံးပြီးမြောက်မှ Vocational Training ကို ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ KG+9 ဟာ မိမိတို့အစိုးရရဲ့ ပညာရေးရည်မှန်းချက်သာ ဖြစ်ပါတယ်။ ပညာရေးဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ အနာဂတ်အတွက် အထူး အရေးပါ တာကြောင့် နိုင်ငံသားတွေ အနေနဲ့ မိမိတို့ရဲ့ပညာသင်ယူမှု အခွင့်အလမ်းတွေမဆုံးရှုံးစေဖို့ အလေးထား ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ 

တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတင်ပြပါမယ်-

          ကျန်းမာရေးနဲ့ပတ်သက်လို့  ကျွန်တော့်မူဝါဒကတော့ “ကျန်းမာမှ အလုပ်လုပ်နိုင် မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်” ဖြစ်လို့ ပြည်သူလူထုရဲ့ ကျန်းမာရေးသည်သာ အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်က စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်မှုအမြင့်ဆုံးကာလ ဇူလိုင်လ တတိယပတ်နဲ့ စတုတ္ထပတ်တွေမှာ တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့လူဦးရေ ၅,၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း) အထိ ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်က “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ မူဝါဒချမှတ်ပေးပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရအနေဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို နေ့မနားညမနား ဆောင်ရွက်ခဲ့ပါတယ်။

            ကျွန်တော်ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေးတွေကို (၁၃)ကြိမ်တိုင်တိုင်ကျင်းပကာ လိုအပ်တဲ့အုပ်ချုပ်ထောက်ပံ့ ရေးကိစ္စရပ်တွေကို တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ Video Conferencing ပြုလုပ်ပြီး လိုအပ်ချက်တွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးတွေကို ကျွန်တော်တို့အစိုးရရဲ့ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင် တစ်ပတ်လျှင် ၃ ကြိမ် ဦးစီးဆောင်ရွက်ကာ အနီးကပ်ဖြည့်ဆည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။   

          ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်စေရေးအတွက် Stay at Home မြို့နယ်ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ်ပေးခဲ့ရာမှာ လက်ရှိအခြေအနေတွင် မြို့နယ် အားလုံးကို ကန့်သတ်ချက်ဖယ်ရှားပေးခဲ့ပြီးဖြစ်တဲ့အတွက် Stay at Home မြို့နယ်တွေ ကျန်ရှိခြင်းမရှိတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ အဖျက်သမားတွေရဲ့ ဝိုင်းဝန်းဝေဖန်အနှောင့်အယှက်ပေးမှုတွေကို ကျော်လွှားနိုင်ပြီး လက်ရှိ အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုဟာ ၁ ရာခိုင်နှုန်းဝန်းကျင် ပျမ်းမျှသာ ကျန်ရှိ ပါတယ်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေအသုံးပြုမှု အခြေအနေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှု ကုန်ကျစရိတ်အနေနဲ့ အိန္ဒိယ နိုင်ငံက ကာကွယ်ဆေး ၁၅.၄ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇၅ သန်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံက ကာကွယ်ဆေး ၂၉ သန်း Dose အတွက်  အမေရိကန် ဒေါ်လာသန်းပေါင်း ၁၉၃.၉ သန်း၊ ရုရှားနိုင်ငံမှ ကာကွယ်ဆေး ၀.၆ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇.၇၄ သန်း၊ စုစုပေါင်း ဒေါ်လာ၂၇၆.၆၄ သန်းတန်ဖိုး ဝယ်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံမှ Dose ၉.၂ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၆၃.၅ သန်း)၊ အိန္ဒိယနိုင်ငံက Dose ၅.၅ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၃၅.၅ သန်း)၊ ရုရှားနိုင်ငံက Dose ၀.၄ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၅.၁၆ သန်း)၊ (နီပွန်ဖောင်ဒေးရှင်း)က Dose ၂ သန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သန်း)၊ စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး Dose ၁၇.၁ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၁.၁၂ သန်း) လှူဒါန်းလက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ ထိုင်းစတဲ့နိုင်ငံတွေကလည်း ကိုဗစ် ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အားလုံးကို အသိမှတ်ပြု ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးတွေဝယ်ယူရာမှာ သယ်ယူစရိတ်အနေနဲ့ ပြည်ပငွေအမေရိကန်ဒေါ်လာ ၁.၉၇ သန်းခန့်နဲ့ မြန်မာကျပ်ငွေ ၂၄၆.၅၃၂ သန်း ကျော်သုံးစွဲခဲ့ရပါတယ်။ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူမှုကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၇၈.၆၀၈ သန်းနဲ့ မြန်မာကျပ်ငွေ ၂၄၆.၅၃၂ သန်းကျော်သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ရေးအတွက် ဆေးနဲ့ဆေးပစ္စည်းဝယ်ယူမှုအနေနဲ့ ကုသရေးဦးစီးဌာကဝယ်ယူမှု မြန်မာ ကျပ်ငွေ  ၂၈ ဘီလီယံကျော်နဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဝယ်ယူမှု ၃၆ ဘီလီယံခန့်၊ စုစုပေါင်း မြန်မာကျပ်ငွေ ၆၄ ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးမှာ ဆေးရုံတွေအဆင့်မြှင့်တင်ဖို့အတွက် မြန်မာကျပ်ငွေ ၆၀.၃  ဘီလီယံကျော် သုံးစွဲခဲ့တဲ့အနက် ကိုဗစ်ဖြစ်သူတွေအတွက် အရေးပေါ်လိုအပ်တဲ့ အောက်စီဂျင်နဲ့ဆက်စပ် ပစ္စည်းတွေ ဝယ်ယူမှုအနေနဲ့ မြန်မာကျပ်ငွေ ၁၂.၂၃ ဘီလီယံ ပါဝင်သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါလူနာတွေအတွက် ကျွေးမွေးမှုစုစုပေါင်း ကုန်ကျစရိတ်အနေနဲ့ ကိုဗစ်-၁၉ ဗဟိုကော်မတီရန်ပုံငွေက ကျပ် ၂၃.၁၂ ဘီလီယံနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကျပ် ၄ ဘီလီယံ၊ စုစုပေါင်းမြန်မာကျပ်ငွေ ၂၇.၁၂ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုကို ဒီဇင်ဘာလမှာ ၅၀ ရာခိုင်နှုန်းအပြီး မျှော်မှန်းထားပေမယ့် ၅၁ ရာခိုင်နှုန်း ထိုးနှံပြီးစီးခဲ့ပါတယ်။ လက်ရှိကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။

            ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံ ၁,၀၇၇ ခု၊ ဆေးပေးခန်း ၁၁,၄၂၇ ခုရှိပြီး ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇,၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင်မှုရှိပါတယ်။ တစ်နိုင်ငံလုံး ခန့်အပ်ဆရာဝန် ၁၄,၆၇၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၀၅,၈၃၄ ဦးရှိပြီး အဲဒီအထဲမှ အချို့ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းများဟာ  နိုင်ငံရေးဝါဒမှိုင်းတွေကြောင့် ပြည်သူများရဲ့ အသက်နဲ့ကျန်းမာရေးကို မငဲ့ကွက်ဘဲ မိမိတို့ရဲ့လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့ကြပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့လူနာရှင်တွေကို မပစ်ခွာဘဲ တာဝန်သိသိသစ္စာရှိရှိတာဝန်ထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့အစိုးရအနေနဲ့ အသိအမှတ်ပြုပါတယ်။ ဆေးရုံအသီးသီးမှာ လိုအပ်တဲ့ကျန်းမာ‌ရေးဝန်ထမ်းများ နေရာများ မှာ တပ်မတော်သားဆေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ကူညီဆောင်ရွက်ပေးတာနဲ့ တပ်မတော် ဆေးရုံအသီးသီးမှာ ပြည်သူများဆေးကုသပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနဲ့ အငြိမ်းစားတပ်မတော်ဆေးတပ်ဖွဲ့ဝင်များလည်း ဝင်ရောက်အားဖြည့် ကူညီပေးခဲ့ကြပါတယ်။  ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တာဝန်ထမ်းဆောင်မှုအသိအမှတ်ပြုတဲ့အနေနဲ့ အစိုးရအနေဖြင့် ၁၀,၉၄၄,၅၄၅,၀၀၀ ကျပ် (၁၀.၉၄ ဘီလီယံ)အား ဆုချီးမြှင့်ခဲ့ပါတယ်။

          ကျွန်တော်တို့အစိုးရဟာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံထုတ် (Sinopharm)ကာကွယ်ဆေးကို ပုလင်းအတွင်းဖြည့်သွင်းရန်အသင့်(Ready to Fill Bulk) စနစ်နဲ့ ဝယ်ယူထုတ်လုပ်နိုင်ရေး သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း Doses ၁၀ သန်းခန့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်မှုကြောင့် ကာကွယ်ဆေး ဈေးနှုန်းမှာလည်း မူလကုန်ချော ဈေးနှုန်းရဲ့ ထက်ဝက်မျှသာရှိတဲ့ဈေးနှုန်းဖြင့် ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။

          ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါရဲ့ မျိုးကွဲစိတ် အိုမီခရွန်ကို တွေ့ရှိခဲ့ ရာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြည်ပက ပြန်လည်ဝင်ရောက်သူတွေထဲမှ အိုမီခရွန်ရောဂါပိုးစတင်တွေ့ရှိခဲ့ကာ ၂၉-၁-၂၀၂၂ ရက်နေ့အထိ ၂၈၃ ဦးတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ မပေါ့ဆကြဖို့နဲ့ လိုက်နာဖို့သတ်မှတ်ထားတဲ့ တစ်ကိုယ်ရည်အကာအကွယ်စည်းမျဉ်းတွေကို လိုက်နာသွားဖို့ တိုက်တွန်းလိုပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်းမီ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်တင်ပြလိုပါတယ်။

          ဒီမိုကရေစီအစိုးရပထမသက်တမ်းကာလမှာ ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေချမှတ်ပြီး စီးပွားရေးမူဝါဒ ၄ ရပ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံတွေနဲ့ဆွေးနွေးပြီး ကြွေးမြီပမာဏ ဒေါ်လာ ၅.၉၅၆ ဘီလီယံကို သက်သာစေခဲ့ ပါတယ်။ ၅ နှစ်တာကာလအတွင်း ပျမ်းမျှ GDP တိုးတက်မှု နှုန်းဟာ ၇.၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံခြားငွေ သန်းပေါင်း ၁၁,၆၂၈.၁ သန်း (၁၁.၆၃ ဘီလီယံခန့်) တိုးတက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ၁၂,၀၉၆.၈၈ သန်း (၁၂.၀၉ ဘီလီယံကျော်) ရှိခဲ့ပါတယ်။

          ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ၅ နှစ်သက်တမ်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခွင့်ပြုစီမံကိန်းလျာထားချက်တွေနဲ့ ဆောင်ရွက်နိုင်မှုဟာ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ကျဆင်း ခဲ့ပြီး GDP တိုးတက်မှုနှုန်း ပျမ်းမျှ ၃.၃၈ ရာခိုင်နှုန်းနီးပါးသာရှိခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု နိုင်ငံခြားငွေ သန်းပေါင်း ၁၄,၉၆၁.၃ သန်း (၁၄.၉၆ ဘီလီယံ) ရှိခဲ့ပြီး ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁၂,၆၁၄.၁၇ သန်း (၁၂.၆၁ ဘီလီယံကျော်)  ရှိခဲ့ပါတယ်။

တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိန်းသိမ်းပြီးနောက် အခြေအနေတွေအနေဖြင့်-

          နိုင်ငံတကာရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုတွေအနေဖြင့် ပြည်တွင်းစီးပွားရေးအခြေအနေနဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေအရ ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှုကျဆင်းပြီး ပုံမှန် မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းဟာ ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲလာကာ လုပ်ငန်းရှင်၊ ကုန်သည်တွေအတွက် ငွေပေးချေမှု၊ ကုန်စည်စီးဆင်းမှု‌တွေခက်ခဲစေခဲ့ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ သွင်းကုန်(လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကွက်မှာ ဝယ်လိုအားကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

          နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် ဈေးကွက်အတွင်းလိုအပ်တဲ့ နိုင်ငံခြားငွေဖြည့်တင်းဖို့နဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ်ဆေးဝါး၊ လျှပ်စစ်နဲ့ Telecom Sector တွေအတွက် သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ လိုအပ်ချက်ဖြစ်တဲ့ အထူးနိုင်ငံခြားငွေ ဈေးပြိုင်လေလံမှတစ်ဆင့် ၂၁-၁-၂၀၂၂ ရက်နေ့အထိ USD ၅၀၈.၈ သန်း ကို ရောင်းချပေးခဲ့ပါတယ်။

          ကျွန်တော်တို့ အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုစာရင်းအရ ပြည်ပသို့ပို့ကုန် ဒေါ်လာ ၁၅.၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန် ဒေါ်လာ ၁၄.၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀.၀၅ ဘီလီယံ ဖြစ်တဲ့အတွက် ယာယီစာရင်းတွေအရ ကုန်သွယ်မှုပိုငွေဟာ ၆၇၇ သန်းကျော် ပိုမိုခဲ့ပါတယ်။  

            ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၁၆,၂၇၃ ဘီလီယံကျပ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ပြည်ပ ကြွေးမြီ ၁၈,၁၂၅ ဘီလီယံကျပ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၁,၅၇၅ ဘီလီယံကျပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၂,၀၃၂ ဘီလီယံကျပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၇,၉၇၀ ဘီလီယံကျပ် ရှိခဲ့ပါတယ်။ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၈,၈၆၁ ဘီလီယံကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၄,၆၉၈ ဘီလီယံကျပ် ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၅၅၅၀ ဘီလီယံကျပ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၀,၇၄၉ ဘီလီယံကျပ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ  ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၇,၆၃၆ ဘီလီယံကျပ်၊ ၂၀၂၀-၂၀၂၁ (၆လ) ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၅၂,၄၈၈ ဘီလီယံကျပ် ရှိခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပကြွေးမြီတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ရေရှည်မှာ ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ် တွက်ချက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရေရှည် အစီအမံ‌တွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။

          သွင်းကုန်တွေလျော့ချနိုင်ရေးနဲ့ ပြည်တွင်းအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ရေး အတွက် ပြည်တွင်းဖြစ်ကို အားပေးမှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှုတွေ အထူးလိုအပ်ပါတယ်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံတွင်း ဘိလပ်မြေစက်ရုံတွေက အမှန်တကယ်ထုတ်လုပ်နိုင်ရင် ပြည်တွင်းဖူလုံမှုသာမက ပိုလျှံနိုင်ပေမယ့် ဘိလပ်မြေ  တင်သွင်းမှုဟာ ၉၅၆,၈၂၅ တန် တန်ဖိုး ဒေါ်လာ ၇၃.၆၁၀ သန်းရှိကြောင်းတွေ့ရပါတယ်။ သံနှင့်သံမဏိတင်သွင်းမှုအနေနဲ့ ၂၀၂၁ ခုနှစ်ကာလအတွင်းမှာ ဒေါ်လာသန်း ၈၅၉.၄၆ တန်ဖိုး ရှိခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ဘိလပ်မြေနဲ့ သံမဏိထုတ်လုပ်နိုင်တဲ့ ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဒိုလိုမိုက် စတဲ့ကုန်ကြမ်းတွေ လုံလောက်စွာရှိနေပေမယ့်လည်း စက်ရုံတွေ လည်ပတ်ဖို့ အားပေးမှု၊ ကြိုးစားအားထုတ်မှုမရှိခဲ့တဲ့အတွက် ပြည်ပမှ မှာယူတင်သွင်း ခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရပါတယ်။ မိမိနိုင်ငံသားတွေ ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ သူများနိုင်ငံတွေမှာ အလုပ်လုပ်ကိုင် နေရတဲ့ မိမိတို့နိုင်ငံသားတွေဟာ အဲဒီနိုင်ငံတွေရဲ့ ဥပဒေနဲ့စည်းကမ်းတွေအတိုင်း နေထိုင် ကြရပါတယ်။ သူများအရိပ်အောက်မှာ နေရတာပါ၊ ကိုယ့်နိုင်ငံရဲ့အရိပ်အောက်မှာ လုံခြုံ စိတ်ချမ်းသာစွာ လုပ်ကိုင်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ပြည်တွင်းစီးပွားရေးကို အားပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ယခင်ကရပ်ဆိုင်းထားတဲ့ သံနဲ့သံမဏိ စက်ရုံတွေကို ပြည်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ အနိမ့်ဆုံး အဆင့် အဆောက်အဦဆောက်လုပ်ရေးမှာအသုံးပြုတဲ့ သံချောင်း၊ သံလုံးအဆင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားပါမယ်။ ၂၀၂၁ ခုနှစ်မှာ စားအုန်းဆီအပါအဝင် ဆီ တင်သွင်းမှုမှာ ၈၅၈,၆၈၅.၂၇၁ တန်(တန်ချိန် ၈.၅ သိန်းကျော်ခန့်) တန်ဖိုးဒေါ်လာ ၈၆၆.၇၁၁ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ပြည်ပမှ တင်သွင်းမှုလျော့ချ နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

          ကျွန်တော်တို့နိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါတယ်။ ကျန်းမာရေး အရ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသုံးသင့်တဲ့ဆီ ၂.၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ စားသုံးဆီ ၈ ပိဿာနဲ့တွက်ရင် တစ်နှစ်မှာ ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ ခန့်မှန်း လူဦးရေအရ စားသုံးသင့်တဲ့စားသုံးဆီဟာ တန်ချိန် ၇ သိန်းမျှသာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ပန်းနှမ်းနဲ့ ဆီအုန်းများကနေ စားသုံးဆီများ ထုတ်လုပ်နေတဲ့အတွက် ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသင့်တဲ့ စားသုံးဆီထက် ပိုမိုစားသုံးနေတာ တွေ့ရှိရပါတယ်။ စားသုံးဆီ အလွန်အကျွံစားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊ ၎င်းမှ နိုင်ငံအဆင့် ကုန်ကျမှုများ များပြားလာမှာဖြစ်တဲ့အပြင် တစ်ဦးချင်းရဲ့ကျန်းမာရေး နိုင်ငံအဆင့် အမျိုးသားကျန်းမာရေးကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုရဲ့ တစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်ရေးကိုရှေးရှုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှုတွေ၊ စားသောက်မှု ပုံစံပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်လျက်ရှိပါတယ်။

          အလားတူ စက်သုံးဆီသုံးစွဲမှုကို အသိပေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မော်တော်ကားမျိုးစုံ ၁ သန်းကျော်ခန့်နဲ့ ဆိုင်ကယ်က ၆ သန်းကျော်ခန့်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စက်သုံးဆီတင်သွင်းခဲ့မှုဟာ တန်ချိန် ၄.၁၂ သန်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၂,၄၉၆.၆၅၂ သန်းရှိခဲ့ပါတယ်။   ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့နိုင်ငံမှာ အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ်(Public Transportation)အားနည်းလို့ ပြည်သူတွေဟာ ကိုယ်ပိုင် ယာဉ်နဲ့သာ အားကိုးသွားလာကြရပါတယ်။ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ်များရဲ့ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကိုချွေတာခြင်းဆောင်ရွက်ပြီး ဒီကိစ္စကိုဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စ်ကားယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ် တို့ကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူလူထု အနေနဲ့လည်း ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာ သုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်။ ဥပမာ-ဆိုင်ကယ် ၆ သန်းဟာ တစ်ရက်ကိုဆီသုံးစွဲမှု နို့ဆီဗူးတစ်ဝက်ခန့် လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅,၀၀၀ သက်သာမှာဖြစ်သလို ကားတစ်စီးဟာတစ်ရက်ကို သုံးစွဲမှုဆီပုလင်း တစ်ဝက်လျှော့ချ နိုင်ရင် တစ်ရက်ကိုဂါလန် ၁၂၅,၀၀၀ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျှမ်းမျှဈေးနဲ့တွက်ကြည့်ရင် တစ်ရက်ကိုငွေကျပ် ၁.၅ ဘီလီယံထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း နှိုးဆော်လိုပါတယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။

          ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိထုတ်လုပ်နိုင်မှုဟာ များစွာအထောက်အကူပြုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝ အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ နေနဲ့ လေ စွမ်းအားတွေ ရှိပြီးဖြစ်ပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ကြီးမားပြီး ကုန်ကျ စရိတ်တန်ဖိုးတွေကို တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိမယ့် အကျိုးအမြတ် ကတော့ တန်ဖိုးဖြတ်၍မရအောင် ကြီးမားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိုးများတဲ့ဒေသ တွေမှအပ ကျန်နိုင်ငံတစ်ဝန်းလုံးမှာ နေသာတဲ့ရက်ဟာ တစ်နှစ်မှာရက်ပေါင်း ၂၀၀ မှ ၂၅၀ အထိရှိပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတွေ လုံလောက်စွာတည်ဆောက်ရေးဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။ နေ‌ရောင်ခြည်သုံး ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်ယူမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ကြီးမားသော်လည်း တည်ဆောက်မှုအချိန်ကာလဟာနည်းပါးပြီး နောက်ပိုင်းမှာတော့ ကုန်ကျစရိတ်သက်သာတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။ ရေအား၊ နေရာင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုတွေကို ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်မယ်ဆိုရင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မှုနဲ့၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနည်းပါးသည့် LED စနစ်သုံး လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် ကျွန်တော်တို့ပြည်ပကနေ မှာယူသုံးစွဲ နေရတဲ့ စက်သုံးဆီလိုအပ်ချက်တွေအပေါ်မှာလည်း လျော့နည်းသွားစေမှာဖြစ်ပါတယ်။

          ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံအတော်များများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစား ရေးအတွက် ကျပ်ဘီလီယံ ၂၀၀ နှင့်ထူထောင်ထားတဲ့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ် ပေးထားတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို ဒုတိယအကြိမ် နောက်ထပ် ၆ လ ထပ်မံ သက်တမ်းတိုးမြှင့်ပေးပြီးဖြစ်တဲ့အတွက် စုစုပေါင်းသက်တမ်း ၁ နှစ်တိုး ပေးခဲ့ပါတယ်။

            ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အခြားစီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုလျော့နည်း လျက်ရှိသော်လည်း စိုက်ပျိုး/မွေးမြူရေးကဲ့သို့ စားဝတ်နေရေးကိုအခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပိုမိုအရေးပါလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး/ မွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုး/မွေးမြူရေးနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အထွက်နှုန်းတိုးစေဖို့ လိုအပ်ချက်တွေဖြစ်တဲ့ “မျိုး၊ မြေ၊ ရေ၊ နည်း”ဆိုတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာတွေ ပေါင်းစပ်ပြီး ကောင်းမွန်တဲ့စိုက်ပျိုးမြေများ ဖော်ထုတ်ပေးတာတွေ၊ စိုက်ပျိုးရေရရှိစေဖို့ ဆောင်ရွက်ပေးမှုနဲ့ ကောင်းမွန်တဲ့စိုက်နည်းစနစ်တွေရရှိစေဖို့ ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံအနေနဲ့ ဒေသတွင်းစားနပ်ရိက္ခာဖူလုံနိုင်ရေးနဲ့ ပြည်ပကို ယခင်ကထက်ပိုမိုတင်ပို့နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စနစ်တကျခေတ်မီစေဖို့ အရေးပါတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေပေါ်ထွက်လာရေး အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးကျောင်းတွေကို သိပ္ပံကောလိပ်အဆင့်တိုးမြှင့်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

          ယခုရက်ပိုင်းအတွင်း နေပြည်တော်မှာ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုပြုလုပ်တဲ့ မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲမှာ နိုင်ငံအရပ်ရပ်က ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊ နိုင်ငံခြားမျိုးများ အထဲမှာ ဒေသပြည်တွင်းမျိုးကောင်းများကိုတွေ့ရပါတယ်။ နွေရာသီအစာရှားပါးတဲ့အချိန်မှာ နှံစားပြောင်း၊ အဖူးစားပြောင်း၊ မြက်၊ ကောက်ရိုးများ စတဲ့ ဒေသထွက်ကုန်များနဲ့ တိရစ္ဆာန် အစာ ကောင်းမွန်စွာထုတ်ပေးနိုင်ကြောင်း တွေ့ရတဲ့အတွက် ကျယ်ပြန့်စွာ ဆောင်ရွက် သွားမယ်ဆိုရင် တောင်သူများအတွက် အကျိုးများစွာရှိပါတယ်။ စနစ်တကျ ကျွေးမွေးပြီး မွေးမြူမယ်ဆိုရင် တိုင်းပြည်အတွက်များစွာအကျိုးဖြစ်တာမို့ ခေတ်မီမွေးမြူရေးပညာရှင်များ မွေးထုတ်ဆောင်ရွက်ရန် ကြိုးစားဖို့လိုကြောင်း ဖြည့်စွက်ပြောလိုပါတယ်။

          မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူတွေဖြစ်လို့ နိုင်ငံတော်အစိုးရနေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ ဆင်းရဲ နွမ်းပါးမှုလျော့ချနိုင်စေဖို့အတွက် ထိရောက်တဲ့နည်းလမ်းတွေအသုံးပြုပြီး ဒေသတစ်ခုနဲ့ တစ်ခု၊ ဒေသတွင်းကွာခြားမှုအနည်းဆုံး ဖြစ်စေရေးဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

          ပြည်တွင်းဖြစ်အားပေးမှုအနေနဲ့ ပြည်တွင်းထုတ်ကုန်တွေအားပေးဖို့နဲ့ ပြည်တွင်း ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကို ပြည်ပကလျော့ချတင်သွင်းနိုင်ဖို့ ဆောင်ရွက်ခဲ့ ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ပေးမှု၊ ဖြေလျော့ရေးအစီအစဉ်တွေအရ ပြည်ပမှကုန်ကြမ်းတွေ တင်သွင်းခွင့်နဲ့ ပြည်တွင်းမှာ ပြုပြင်တပ်ဆင်ထုတ်လုပ်ထားတဲ့ ကုန်ချောပစ္စည်းတွေကို လွယ်ကူစွာတင်ပို့နိုင်ဖို့ ပို့ကုန်လိုင်စင်လျောက်ထားဖို့မလိုဘဲ တင်ပို့ခွင့်ပြုခြင်း၊ ရေကြောင်းကြန့်ကြာမှုရှိခြင်းကြောင့် နယ်စပ်ဒေသရှိ ကုန်သွယ်ရေး စခန်းတွေမှ တင်သွင်းခွင့်ဖြေလျော့ခွင့်ပြုထားသလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ(၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၅၅၂.၃၉၆ သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ အလိုက် ခွင့်ပြုပြီးလုပ်ငန်းများအနေနဲ့ ကဏ္ဍ‌ပေါင်း (၁၂)ခုမှ လုပ်ငန်းပေါင်း ၃၇ ခုအတွက် ကို ကျပ်သန်းပေါင်း ၃၃၂,၉၆၆.၃၈၀ သန်း ခွင့်ပြုပြီးဖြစ်ပါတယ်။

          မိဘပြည်သူများခင်ဗျား-

ဆက်လက်ပြီးလူမှုရေးဆိုင်ရာကိစ္စရပ်တွေကို တင်ပြလိုပါတယ်-

တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်းမီ

          ဘာသာ၊ သာသနာဆုတ်ယုတ်မှုအနေနဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)ကဲ့သို့ ဘာသာ၊ သာသနာရေးနဲ့ ပရဟိတ တွဲဖက်ဆောင်ရွက်တဲ့ အဖွဲ့အစည်း တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်သိမ်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကိုအကြောင်း ပြပြီး ဘုရားပုထိုးတွေ ဖူးမြော်ခွင့်နဲ့ ဘာသာရေးအဆောက်အဦအတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့်တွေကိုပိတ်ပင်ခဲ့ပြီး သာသနာ့ဝန်ထမ်းရဟန်းတော်တွေကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းသယောင်ကိုလည်း ဝါဒဖြန့်ခဲ့ပါတယ်။

          မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တွေဟာ National Treasure တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလများမှာ မြန်မာ့ယဉ်ကျေးမှုအကကို ဖက်စပ် ဖန်တီးမှုတွေကြောင့် ဖက်စပ်အကတွေခေတ်စားလာရပြီး မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေမှတ်အနေအထားထိဖြစ်လာပါတယ်။ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်းအက ကခဲ့ရတဲ့အထိ ဘာသာရေးနဲ့ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရပါတယ်။ မြန်မာ့ဓလေ့ရဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ မွန်မြတ်လှသော အလေ့ အကျင့်တွေအပေါ် Online Media တွေအသုံးချကာ လူငယ်တို့ရဲ့ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်တွေကို ဖျက်ဆီးခံခဲ့ရပါတယ်။

          ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာအများစုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၇ ရာခိုင်နှုန်း ခန့် ကိုးကွယ်မှုရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းကာလမှာ ကျောင်းသား လူငယ်တွေထဲ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေကို ကန့်သတ်မှုတွေပြုလုပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ Sex Education သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားစေခဲ့တာတွေ့ရပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးယှက်တင် မဖြစ်စေရန်လိုသလို ကိုယ့်ဘာသာသာသနာ သန့်ရှင်းတည်တံ့ပြီး ထွန်းလင်းတောက်ပစေဖို့လည်း စည်းကမ်းတကျလုပ်ဆောင်ရမှာဖြစ်ပါတယ်။ သမိုင်းအမှန်ကို ဖုံးကွယ်ပြီး လူငယ်ထုအတွင်း တပ်မတော်ကိုအမုန်းရန်ပွားများစေဖို့ နားယောင်ထိုးသွင်း လှုံ့ဆော်ခြင်းတွေ ဆောင်ရွက်စေခဲ့တဲ့အထိ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဖြစ်အောင် စိမ့်ဝင်စေခဲ့ပါတယ်။

          တိုင်းရင်းသားပြည်သူများခင်ဗျား-

တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက်အခြေအနေ

          တပ်မတော်ကနိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက် ကိုဗစ်-၁၉ ရောဂါ အကြောင်းပြပြီး ပိတ်ထားခဲ့တဲ့ ဗုဒ္ဓဘာသာဘုရားစေတီတွေအပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေးအဆောက်အဦတွေမှာ ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်း တွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တိုးတက်လာတဲ့အခြေအနေတွေ အပေါ်မူတည်ပြီး လူအများစုဝေးခွင့်၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ စည်းကမ်းနဲ့အညီ ပြုလုပ်ခွင့်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးအတွက် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အုပ်စုတွေဖြစ်တဲ့ CRPH ၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆို ခြင်းခံနေရသူတွေကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့ နိုင်ငံတော်တည်ဆောက်ရေး မှာ ပါဝင်နိုင်စေဖို့အတွက် အခါကြီးရက်ကြီးတွေဖြစ်တဲ့ ၁၂-၂-၂၀၂၁ ရက် ပြည်ထောင်စုနေ့ မှာ အကျဉ်းသား၊ အကျဉ်းသူ ၂၃,၃၆၉ ဦး၊ ၁၇-၄-၂၀၂၁ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ၂၃,၁၈၄ ဦး၊ ၁၈-၁၀-၂၀၂၁ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ၁,၃၁၆ ဦး၊ ၂၀-၁၁-၂၀၂၁ ရက်နေ့မှာ ၁၀ ဦး၊ စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၄၇,၈၇၉ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ သင့်လျော်တဲ့ နေ့ရက်များမှာ နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးများ မထိခိုက်နိုင်တဲ့ သူများကိုလည်း သင့်လျော်သလို ဆောင်ရွက်ပေးသွားပါမယ်။

          ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ၇၅ နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ပဲဖြစ်ပါတယ်။ ၇၅ နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ (၁) ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်သွားရန်အတွက် (၇၅)နှစ်ပြည့်စိန်ရတုပြည်ထောင်စုနေ့ကို တိုင်းရင်းသား အားလုံးအတွက် တခမ်းတနား ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်။

            ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ဖို့အတွက် လုပ်ဆောင်မယ့် လုပ်ငန်းရပ်တွေချမှတ်ခြင်း၊ တိုင်းရင်းသားတွေပါဝင်တဲ့ ဖော်ဆောင်ရေး အဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ လက်တွေ့လုပ်ငန်းရပ်တွေဆောင်ရွက်ခြင်းဆိုတဲ့ အဆင့် ၃ ဆင့်ကို အဆင့်လိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

          တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနဖွဲ့စည်းပြီး တိုင်းရင်းသားလူမျိုး အပေါင်းတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို အလေးထား လိုက်နာ ပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည် ကျင်းပဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

နိုင်ငံတော်ရဲ့လက်ရှိအခြေအနေအရ နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် အခြေအနေတွေကို ထပ်မံတင်ပြလိုပါတယ်-

ရှေ့ပိုင်းမှာ နိုင်ငံတော်ရဲ့ လက်ရှိနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ရှေ့ဆက်လက်လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေကို အကျဉ်းချုပ်တင်ပြပြီး ဖြစ်ပါတယ်။
မိမိတို့အစိုးရအနေနဲ့ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး အခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်ရယူထားချိန်မှာ တာဝန်တွေကို စွမ်းအားရှိသမျှ ထမ်းဆောင်ခဲ့သော်လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက် ဟန့်တားမှုတွေရှိခဲ့ပါတယ်။
မိဘပြည်သူများခင်ဗျား-

လူတစ်ဦးချင်းစီ၏ လူ့အခွင့်ရေးမှာ လူလူချင်းလေးစားခြင်း၊ တန်ဖိုးထားခြင်း ဟာ အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ နိုင်ငံရှိမှလည်း နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုနိုင်ပါတယ်။
နိုင်ငံပျက်သုဉ်းသွားသော်လည်းပဲ နိုင်ငံသားတစ်ဦးချင်းရဲ့ ရပိုင်ခွင့်ကို ကာကွယ် နိုင်တဲ့ နမူနာမျိုးကမ္ဘာမှာ မရှိသေးပါဘူး။ အဖျက်၊ အမှာင့်၊ အနှောင့်အယှက်များ ကင်းဝေးမှသာ နိုင်ငံသားအခွင့်အရေးကို တောင်းဆိုနိုင်မှာပါ။
အများအကျိုးထက် လူတစ်ဦးတစ်ယောက်အကျိုးဖော်ဆောင် ဦးစားပေးရမယ် ဆိုတဲ့ အတွေးအခေါ်ဟာ ဒီမိုကရေစီအတွက် သူတော်ကောင်းဟန်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
နိုင်ငံတော်ကို လက်မခံတဲ့ ရည်ရွယ်ချက်၊ လုပ်ရပ်၊ လုပ်ဆောင်ချက်တို့ဟာ နိုင်ငံတော်အတွက် တာဝန်သိသိလုပ်ဆောင်နေတဲ့ နိုင်ငံသားများကိုလည်း လက်မခံတဲ့သဘောဖြစ်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကိုကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်ရန်ဖြစ်ပြီး ကျွန်တော်တို့တပ်မတော်သားများဟာ ကိုယ်ပိုင် ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုးအတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါတယ်။
နိုင်ငံမငြိမ်မသက်ဖြစ်ခြင်းရဲ့ အကျိုးဆက်များဟာ ကမ္ဘာတစ်ဝန်းမှာ နမူနာပေါင်း များစွာရှိနေပါတယ်။
တပ်မတော်ဟာ ကိုယ်ကျိုးရှာသည့်အဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက် တည်ရှိ နေသော အဖွဲ့အစည်းမဟုတ်ပါဘူး၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးကို အကာအကွယ်ပေးဖို့ တည်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံ့ကာကွယ်ရေးတာဝန်များကို ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည်မသုန် ဆောင်ရွက် ခဲ့သလို ယခု ၁၀ နှစ်အတွင်းမှာလည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပီပြင် ခိုင်မာရေးအတွက် တတ်စွမ်းသလောက် သစ္စာရှိရှိဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလမ်းစဉ်အတိုင်း ကတိတည်စွာနဲ့ ဆောင်ရွက်သွားမယ်ဆိုတာ ပြောလိုပါတယ်။
ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ပါက ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ကိုအားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ လိုလားချက်မှာ ဒီမိုကရေစီထက် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါတယ်။ နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူများကို ကာကွယ်ရန် ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလို့လည်း မရပါဘူး။ ဒါကြောင့် အချို့နေရာများမှာ စွန့်စားပြီးပေးဆပ်ကာကွယ်ရခြင်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေရှိနေပါတယ်။ နိုင်ငံအတွင်း မြို့နယ် အချို့မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ထားဖို့ ရှိနေပါသေးတယ်။
လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ဖို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေ ကျန်ရှိနေပါသေးတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် ကာလ နောက်ထပ် ၆ လတိုးမြှင့်သွားမှာဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို အထူးဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ဆောင်ရွက်မှသာ ပြည်သူ့လိုလားချက်ဖြစ်တဲ့ “စစ်မှန်စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။
မြန်မာ့ဂုဏ်ကို အားလုံးကမြှင့်တင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်တွင်းအားကိုပဲ ကျွန်တော် ယုံကြည်အားကိုးပါတယ်။
နိုင်ငံရဲ့ ပကတိ အခြေအနေအရ ပြည်ပအကူအညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်းအားနဲ့ လုပ်ဆောင်နိုင်တာများရှိပါတယ်။
နံပါတ်(၁)အနေနဲ့ ပြည်တွင်းအားနဲ့ ပြည်တွင်း စီးပွားရေး တိုးတက်မြှင့်တင် ပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝအရင်းအမြစ်များ၊ လူသားအရင်း အမြစ် များစွာ ရှိပါတယ်။ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပ သွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွား တိုးတက် မှု အားနည်းခဲ့ခြင်းသာ ဖြစ်ပါတယ်။
နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင် နိုင်ငံရေးအား မကောင်းစရာ မရှိပါဘူး။
နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်တဲ့ ကာကွယ်ရေး စွမ်းအား လုပ်ဆောင်ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ညီညွတ်တဲ့ အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီး စွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံ ကာကွယ်ရေး စွမ်းအား တည်ဆောက်သွားပါမယ်။
တိုင်းရင်းသား မိဘပြည်သူ အားလုံး စဉ်းစားဆင်ခြင်ပြီး ပူးပေါင်းလုပ်ဆောင် ကြဖို့ ပြောလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့-

နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစွမ်းကုန်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။
နိုင်ငံတော်ထာဝရ အဓွန့်ရှည်တည်တံ့ရေးနဲ့ နိုင်ငံသားများနဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်များဟာ ကျွန်တော်တို့တပ်မတော်အတွက် အကြီးမားဆုံး တာဝန်ဖြစ်ကြောင်း ခံယူထားပါတယ်။
“ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ” နဲ့ “ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ” ကို အာမခံ ပါတယ်။
ကတိကဝတ်များအတိုင်း ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်၊ ပြည်သူလူထုတို့ရဲ့ ကောင်းသောအနာဂတ် ဖြစ်လာစေဖို့ ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ထပ်မံ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ်။