နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ-၁၉

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသားပြည်သူများစာတတ် မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌရုံး အစည်းဝေးခန်းမ၌ပြုလုပ်ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက် ကြသည်။

  ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေး သည် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများ အပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာ တတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး “ ဝ၊ ထ၊ က၊ လ ၊သ”စီမံကိန်းကို မိမိတို့ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း။

သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက် မြန်မာ့လူဘောင် အဖွဲ့အစည်းတွင် စာမတတ်သူနည်းပါးပြီး စာတတ်မြောက် သူများပြားခဲ့သည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊  ရှေးမြန်မာမင်းများ၏ အားပေးမှုနှင့် ဘုန်းတော်ကြီးကျောင်း များ၏ သင်ကြားမှုကြောင့် စာတတ်မြောက်မှုမြင့်မားခဲ့ခြင်းဖြစ်သည်ကို ပြည်တွင်းပြည်ပ သမိုင်း အထောက်အထားများအရ အခိုင်အမာ သိရှိကြောင်း။

မိမိတို့နိုင်ငံ အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီခေတ် ကျွန်သဘောက် ကျရောက် ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ  ၃၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၆၆ဒသမ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်း ခေါင်စာရင်းအရ ၇၆ဒသမ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ဒသမ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ ၈၉ဒသမ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန်ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊  အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူပေါင်း ၃ဒသမ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထား ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် ၄ဒသမ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အမျိုးသမီး စာမတတ် မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်း ကို တွေ့ ရှိရကြောင်း။

ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာခေတ်တွင် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး ဆောင်ရွက်သွားရန်၊ ယခင်မိမိတို့နိုင်ငံတွင် “အ”သုံးလုံးသင်တန်းများ သင်ကြားပေးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် စံပြပုံစံအဖြစ် အသိအမှတ်ပြုခံခဲ့ရကြောင်း၊ “အ” သုံးလုံး သင်တန်းများမှတစ်ဆင့်  စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ပညာတတ်မြောက် လိုစိတ်များဖြစ်ပေါ်လာခြင်း၊ ကျောင်းပြင်ပ ပညာရေး (Non - Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည် ဖြစ်ကြောင်း ဖြင့် စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်ကြောင်း။

 မြန်မာနိုင်ငံ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်သည့် ၁၉၆၆ ခုနှစ်ထက်  နှစ်နှစ်စောပြီး စတင် ဆောင်ရွက်ခဲ့ကြောင်း၊ စာတတ်မြောက်ရေးကို   ၁၉၆၄ ခုနှစ်တွင် စတင် ဆောင်ရွက် ခဲ့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်တွင် “အ” သုံးလုံး ဖခင်ကြီးဖြစ်သော ပညာရေး အထူးအရာရှိ(ဆရာအတတ်သင်) “ဆရာကြီး ဦးသံဗျင်”က ပညာရေးဝန်ကြီးဌာနသို့ စာမတတ်သူပပျောက်ရေး “အ”သုံးလုံးစီမံကိန်းကြီးကို ဆောင်ရွက်ခွင့် တောင်းခံခြင်းမှ စတင်ခဲ့သည်ဟု လေ့လာသိရှိရကြောင်း၊ ၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာမြို့နယ် အရှေ့သဖန်း စံပြကျေးရွာ၌ “အ”သုံးလုံးကျေသင်တန်းကို မူလတန်းဆရာဖြစ် သင်တန်းမှဆရာ သုံးဦးနှင့် အလယ်တန်းဆရာဖြစ် သင်တန်းမှ ဆရာတစ်ဦးတို့က ပထမဆုံး စမ်းသပ် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ “အ” သုံးလုံး သင်တန်းသား ၂၀၀ ဦးခန့် တက်ရောက် သင်ကြားခဲ့ကြောင်း၊ တစ်လကုန်၍ စစ်ဆေးပြီးသောအခါ သင်တန်းသား ၁၀၀ ခန့် စာတတ်မြောက်ခဲ့ကြောင်း ကိုတွေ့ ရှိရကြောင်း။

 တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်များမှ ဆရာ၊ ဆရာမများက ပါဝင်လုပ်အားပေးခဲ့ကြကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများ ကျောင်းပိတ်ချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများတို့၏ စေတနာလုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းရှိ အခြေခံပညာအထက်တန်း အောင်မြင်သူများ၊ သင်ယူဖူး သူများနှင့် ဘွဲ့ကြိုဘွဲ့ရ စေတနာလုပ်အားပေးများကလည်း အဆိုပါ လှုပ်ရှားမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်ကို မှတ်တမ်းများအရ သိရှိရကြောင်း။

ထို့ကြောင့် ၁၉၇၁ ခုနှစ်တွင် မိထ္ထီလာ ခရိုင်လုံးကျွတ်စာတတ်မြောက်ရေး အောင်ပွဲကို ကျင်းပနိုင်ခဲ့ပြီး နယ်မြေခံလူထု ရှစ်သောင်းကျော်နှင့်အတူ တစ်နိုင်ငံလုံးမှ သတင်းစာဆရာများ၊ စုံစုံလင်လင်တက်ရောက်ကျင်းပနိုင်ခဲ့ရာ အဆိုပါလူထု လှုပ်ရှား မှုဖြင့် စာမတတ်သူပပျောက်ရေး ဆောင်ရွက်ချက်ကိုလည်း ယူနက်စကိုက အသိအမှတ် ပြု ဂုဏ်ပြုသည့်အနေဖြင့်    “မိုဟာမက်ရေဇာပါလာဗီဆု”ကို ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ရက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း။

ထို့အပြင် ၁၉၈၄ ခုနှစ်တွင် ဆရာကြီး ဦးသောင်းထွန်း က ဂျာမနီနိုင်ငံ အနောက် ဘာလင်တွင် ကျင်းပခဲ့သည့် စာတတ်မြောက်ရေးညီလာခံတွင် Burmese Way to Literacy စာတမ်း တင်သွင်းခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးအတွက် ဘတ်ဂျတ်မလို စေတနာဝန်ထမ်း လူထုလှုပ်ရှားမှာကိ ကမ္ဘာသိ ဖြန့်ဝေနိုင်ခြင်း၊ နိုင်ငံတကာစာတတ်မြောက်ရေး သက်ကြီးဖတ်စာများ၊ စာစဉ်များ ဖြန့်ဝေ နိုင်ခြင်းတို့အတွက် ယူနက်စကိုက “နိုမာဆု”ကို ထပ်မံချီးမြှင်းခြင်း ခံခဲ့ရသည့် အထိ ကမ္ဘာသိ လှုပ်ရှားမှုအဖြစ် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေးသည် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုစဉ်က မြန်မာ တစ်နိုင်ငံလုံး ၃၀၈ မြို့နယ်ရှိသည့်အနက်မှ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်နိုင်ခဲ့သည့်  ရလဒ်ကောင်းများရရှိပြီး သန်းနှင့်ချီသော ပြည်သူများ စာတတ်မြောက်လာခဲ့သည့်အထိ အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်ကြောင်း။

 ယခု ၂၀၂၃ ခုနှစ် (၅၇)နှစ်မြောက်  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့်  “တည်ငြိမ် အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း  စာတတ်မြောက်ခြင်းသည်  တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ ဒေသအတွင်း၊ နိုင်ငံတွင်း  လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့်  အကျိုးကျေးဇူးများလည်း ရရှိစေရန် စွမ်းဆောင်ပေးကြောင်းကို ထင်ရှားစေတာ ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ ဦးတည်လျေှာက်လမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နေချိန်တွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များနှင့် လိုက်နာကြရမည့်ပုဂ္ဂိုလ်များသည် စာတတ်မြောက်ရန်နှင့် အတန်းပညာ တတ်မြောက်နေရန်လိုအပ်သကဲ့သို့ ဒေသခံတိုင်းရင်းသားများကလည်း မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာကိုလည်း တတ်မြောက်နေရန် လိုအပ်သည့် အတွက် စာတတ်မြောက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။

 စာတတ်မြောက်မှ အများသူငှာတို့၏ မြောက်ပင့် စည်းရုံး ဆွဲ‌ဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ် ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကြောင်းနိုင် မည်ဖြစ်ကြောင်း၊ ယနေ နိုင်ငံအတွင်း အချို့ မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် ဆရာတော် ရှင်မဟာရဌသာရက “ဧကရတုပုဒ်” တွင် “သုစိပုဘာ ဝိလိသိဓာ” အက္ခရာ ၈ လုံးကို ဆရာတော်၏ စာသင်သား တပည့်များ ကို နေ့စဉ် ကျင့်သုံးလိုက်နာရမည့်အချက်အဖြစ် ညွှန်ပြထားသည်ကို တွေ့ရကြောင်း၊ ထိုအက္ခရာ ၈လုံး၏ အနက်အဓိပ္ပါယ်မှာ သုဏေယျ-ကြားနာရ၏၊ စိန္တေယျ- ကြံစည်ရာ ၏၊ ပုစ္ဆေယျ- မေးမြန်းရာ၏၊ ဘာသေယျ- ပြောဆိုဆွေးနွေးရာ၏၊ ဝိစာရေယျ- စူးစမ်း ဆင်ခြင်ရာ၏၊ လိစေယျ- ရေးမှတ်ရာ၏၊ သိက္ခေယျ- လေ့ကျင့်ရာ၏၊ ဓာရေယျ-နှုတ်တတ်ဆောင်ရာ၏ ဟု ဖော်ပြထားကြောင်း၊ ယင်းအဓိပ္ပါယ်နှင့် ရတုစာပုဒ်ကို ကြည့်ခြင်းဖြင့် စာတတ်မြောက်မှုသည် မည်မျှအရေးကြီဂသည် ကို တွေ့ရမည်ဖြစ်သကဲ့ သို့ စာတတ်မြောက်မှ အဆင့်အတန်းပညာကိုလည်း ဆက်လက် သင်ယူတတ်မြောက်ပြီး “ပညာရွှေအိုး လူမခိုး”၊ အလိမ္မာစာမှာရှိ ဆိုသကဲ့သို့ မိမိကိုယ်တိုင် အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပြီး မမှားသင့်သည်ကို မမှားရအောင် မိမိနှင့် ပတ်ဝန်းကျင်ကို ထိန်းကြောင်းပဲ့ပင်နိုင်မည်ဖြစ်ကြောင်း၊ ရှေးမြန်မာမင်းများလက်ထပ် ကုဋေရှစ်ဆယ်သဌေးသားအကြောင်းအရာများသည်အသိပညာအတတ်ပညာမရှိခဲ့သည့်အတွက် နောက်ဆုံးဘဝ နိဂုံးချုပ်မလှဖြစ်ခဲ့ရသည့် ဖြစ်စဉ်သာဓကများရှိပြီး ဦးကျည်ပွေ့ ဖြစ်စဉ်ကလည်း စာတတ်မြောက်မှုမည်မျှအရေးကြီးသည်ကို ဖော်ပြနေသည့်အချက်ပင် ဖြစ်ကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနကို ဖွဲ့စည်းထားပြီး စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးများကို အကောင်အထည်ဖော်လျက်ရှိကြောင်းကို သိရှိရကြောင်း၊ ယခု လုပ်ငန်းကို မိုးလေဝသ ကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာများ ရိတ်သိမ်းပြီးချိန်မှာ စတင်ဆောင်ရွက် နိုင်ရန်နှင့် လက်တလော စတင်ဆောင်ရွက်၍ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြို့နယ်အဆင့်ကိုလည်း ယနေ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စာတတ်မြောက်မှု တိုးတက်လာရေးသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ် မြောက်ခြင်း၏ အရေးပါမှုကိုသိရှိရန်၊ နားလည်နိုင်ရန် အသိပညာပေးရေး သည်လည်း အရေးကြီးသည်ကို သတိပြုရမည် ဖြစ်ကြောင်း နှင့် ယနေ့အစည်းအဝေးတွင် နိုင်ငံတော် အတွက်အရေးပါလှသည့် ပြည်သူများ စာတတ်မြောက်မှု တိုးပွားလာစေရန် အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အစီအမံများနှင့်  စာသင်သားသုံး အထောက်အပံ့ပစ္စည်းများ ၊ နည်းပြ၊ ကြီးကြပ်ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း က အမျိုးသားပညာရေး ဥပဒေဆိုင်ရာ များနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ဖွဲ့စည်းထားရှိမှု၊ “ ဝ၊ ထ၊ က၊ လ၊ သ” (အခြေခံစာတတ်မြောက်ရေး)အဆင့်မှ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသား ပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီအဖွဲ့ဝင်များက  ကျေးလက်ဒေသနေ ပြည်သူ များနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းစီမံချက်အပေါ် ဝန်ကြီး ဌာနများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့်အကြံပြုချက်များ အား ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းဆေွးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။