နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

 
နေပြည်တော် ဧပြီ - ၈

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာ အခြေအနေများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာ၌ ရှမ်းပြည်နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ၏ ရိုက်ခတ်မှုကြောင့် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ် ငန်းများသည် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကမ္ဘာ့နိုင်ငံများအပေါ် အနည်းနှင့်အများဆိုသလို သက်ရောက်မှုရှိခဲ့၍ ရည်မှန်းထားသည့် GDP အောက် လျော့နည်းမှုဖြစ်ခဲ့ကြောင်း၊ ပြည်နယ်အတွင်းရှိပြီးဖြစ်သော အခြေအနေ အခွင့် အလမ်းကောင်းများဖြင့် GDP တိုးတက်ရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ဒယ်တာ၊ အိုမီခရွန်လှိုင်းများကို သစ္စာရှိနိုင်ငံဝန်ထမ်းများ၊ ပြည်သူလူထု၏ ပေါင်းစည်းစွမ်းအားဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ဧပြီလကုန် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်ကြိမ်ပြီးစီးနိုင်ရေး ရည်မှန်းချက်ထားဖော်ဆောင်လျက်ရှိကြောင်း၊ အိုမီခရွန်လှိုင်းကို အတိုင်းအတာတစ်ခု အထိ ကြံ့ကြံ့ခံနိုင်ခြင်းသည် ကာကွယ်ဆေး လက်ဦးမှုရယူထိုးနှံနိုင်ခဲ့မှုသည်လည်း အရေးကြီးသည့် အချက်တစ်ချက်အဖြစ် ပါဝင်ပါကြောင်း၊ ကာကွယ်ဆေးများ လုံလောက်စွာ ရှိပြီးဖြစ်၍ ပြည်နယ်အတွင်း နှစ်ကြိမ်ပြည့်ထိုးနှံရန် ကျန်ရှိသူများကို အင်တိုက်အားတိုက် ဆက်လက်ထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း။
ရှမ်းပြည်နယ်၏ မြေအသုံးချမှုတွင် မြေဧက ၃၈ ဒသမ ၅ သန်းကျော်အနက် အသားတင်စိုက်ပျိုးမြေမှာ ၃ ဒသမ ၁ သန်းဧကကျော်ရှိ၍ ၁၀ ရာခိုင်နှုန်းခန့်သာရှိ သဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ ဒေသအလိုက် စားရေ ရိက္ခာဖူလုံစေရေးအတွက် မျိုး၊ မြေ၊ ရေ နှင့် စိုက်နည်းစနစ်တို့ မှန်ကန်ကောင်းမွန်စွာ ဖြင့် ဒေသအလိုက်သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ရှိပြီးဖြစ်သည့် မြေကို သီးထပ်၊ သီးညှပ်များဖြင့် အထွက်နှုန်းမြင့်မားအောင် ဆောင်ရွက်ခြင်းသည် မြေယာအသစ်ဖော်ထုတ်လုပ်ကိုင်ခြင်းထက် အကျိုးများနိုင် ကြောင်း၊ ဒေသတွင်းသီးနှံအထွက် ဖူလုံမှသာ ပြင်ပသို့ တင်ပို့ရောင်းချနိုင်ပြီး တစ်ဦး ချင်း ဝင်ငွေတိုးတက်ရရှိမှုမှတစ်ဆင့် ငွေကြေးလည်ပတ်စီးဆင်းမှု မြင့်မားစေမည်ဖြစ် ကြောင်း။
အလားတူ မွေးမြူရေးကဏ္ဍတွင်လည်း အသား၊ ငါးနှင့် ဉထုတ်လုပ်မှုများကို ဖူလုံရန် အပြင် ပိုလျှံအောင်ကြိုးပမ်းရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စွမ်းဆောင် ရည်မြင့် နည်းပညာများဖြင့် ပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ရန် မှာလည်း အရေးကြီးကြောင်း၊ ထို့အပြင် သစ်တောကြိုးဝိုင်း/ပြင်များမှ တရားမဝင်သစ်ခိုးထုတ်မှု များအပြင် မြေပေါ်မြေအောက်သယံဇာတခိုးထုတ်မှုများကို သက်ဆိုင်ရာ တာဝန်ရှိဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံများဖြင့်ပူးပေါင်း၍ ကာကွယ်တားဆီးထိန်းသိမ်းသွား ရမည် ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သည့် ဆီ ၂ ဆီကိစ္စနှင့်ပတ်သက်၍လည်း စားသုံးဆီအသုံးပြုမှု လျှော့ချရန်လိုသလို ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရန် လိုအပ် ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သကဲ့သို့ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်၍ နိုင်ငံခြား ငွေသုံးစွဲမှုကို အတိုင်းအတာတစ်ခုအထိ ချွေတာနိုင် မည်ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကိုလည်း ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများအောင်မြင်စွာ အကောင် အထည်ဖော်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့၏ ချမှတ် ပေးသော ရည်မှန်းချက်များနှင့်အညီ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုး ပမ်းအကောင်အထည်ဖော်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရာတွင် မဲခိုးမှု၊ မဲမသမာမှု စသော ဖြေရှင်းမရသည့်ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် ပန်းခင်းစီမံချက်ကို အလေး ထားအကောင်အထည်ဖော် လျက်ရှိကြောင်း၊ အိမ်ထောင်စုစာရင်း မှန်ကန် ရေး၊ နိုင်ငံသားစိစစ်ရေးကဒ်မှန်ကန်စွာ ရရှိရေးတို့အတွက်၊ သက်ဆိုင်ရာတာဝန်ရှိ ဌာန ဆိုင်ရာများက ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းမှန်ကန်ရေးအတွက်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ နည်းပညာအထောက်အကူပြုအဖွဲ့များဖြင့် အသေးစိတ် ပြန်လည်စိစစ်ပြီးနောက် ရပ်ကွက်၊ ကျေးရွာအထိ အိမ်ထောင်စု တစ်စုချင်းအလိုက် တစ်အိမ်တက်၊ တစ်အိမ် ဆင်း စနစ်ဖြင့် မဲစာရင်းမှန်ကန်စေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်း တာဝန်ပေးအပ်လာပါက ဝိုင်းဝန်း ပူးပေါင်းပါဝင်ကြရန်လိုကြောင်း။
ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံမှုမှ ပိုလျှံအောင် ဆောင်ရွက်၍ ပြင်ပသို့ တင်ပို့ရောင်းချနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိမည်ဖြစ်ရာ တစ်ဦး ချင်းဝင်ငွေတိုးမြှင့်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေတို့မှ သတ်မှတ် ထားသော အခွန်အခများ ပေးဆောင်ခြင်းဖြင့် နိုင်ငံ့ဝန်ကိုထမ်းရာရောက်ပြီး နိုင်ငံ တော်အနေဖြင့်လည်း ဝင်ငွေရရှိကာ လည်ပတ်ငွေများလာမည်ဖြစ်ကြောင်း၊ ကုန်စည် ထုတ်လုပ်ရာတွင် ကုန်ကြမ်းရောင်းချခြင်းထက် နည်းပညာဖြင့်ကြံဆ၍ တန်ဖိုးမြှင့် ထွက်ကုန် (Value added) ရရှိရန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေ ဖြင့်လည်း နိုင်ငံတော်အတွက် လုပ်ငန်းအရဝင်ငွေရှာဖွေပေးသောဌာနနှင့် ဝန်ဆောင် မှုပေးသောဌာနဟူ၍ ရှိပြီး ဝင်ငွေရှာဖွေပေးရသောဌာနများအနေဖြင့်လည်း မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုပြီး အခွန်အခမှစ၍ ဝင်ငွေရလုပ်ငန်းများအား အပြည့် အဝရရှိရေး တိကျမှန်ကန်စွာ ဆောင်ရွက်သွားရန် လိုသလို မလိုအပ်ဘဲ အသုံးစရိတ် များခြင်း၊ ပြုန်းတီးခြင်း မရှိအောင်လည်း စိစစ်သုံးစွဲကြရမှာဖြစ်ကြောင်း၊ သို့မှသာ ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးကြီးသည့် ကျန်းမာရေး၊ ပညာရေး နှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန် ခဲ့သည့် အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို အလေးထားလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးလုပ်ငန်း စဉ်အဖြစ် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်မှုတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မဖြစ်မနေလိုအပ်၍ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းကာ ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ ပါတီများ၊ NCA လက်မှတ်ရေးထိုးပြီးနှင့် ရေးထိုးရန်ညှိနှိုင်းဆဲတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံတို့နှင့် ထိစပ်သောနယ်နိမိတ်များရှိ၍ ဌာနအကြီး အကဲများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မထိခိုက်စေရန်နှင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁ ပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူအားလုံး အနိမ့်ဆုံး KG+9 အထိ မဖြစ်မနေ သင်ကြားတက်မြောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အဓိကအထောက်အကူပြုသည့် ပြည်နယ်ဖြစ်အောင် ဖော်ဆောင်နိုင်ရေး စုပေါင်းညီညာစွာဖြင့် ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရန် ဌာန ဆိုင်ရာများမှ မဆုတ်မနစ် ကြိုးစားသွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။