နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇာဒက်ကြီးကျွန်း နှင့် ကော့သောင်း တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇာဒက်ကြီးကျွန်း နှင့် ကော့သောင်း တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ - ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် ဇာဒက်ကြီးကျွန်းနှင့် ကော့သောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့အား ဇာဒက်ကြီးကျွန်းရှိ နယ်မြေခံတပ်အစည်း အဝေး ခန်းမ၌ တာဝန်ရှိသူများက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ကလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာအရေးအရာများကို ကြည့်ပါက အစဉ်အလာအရ အခိုင်အမာရပ်တည်လာသော နိုင်ငံအချို့သည့် စစ်ပွဲ၏ အကျိုးအဆက်များကြောင့် ပျက်စီးဆုံးရှုံးမှုများကိုတွေ့ရမည်ဖြစ်ကြောင်း အနှစ်နှစ် အလလတည်ဆောက်၍ ထူထောင်ပျိုးထောင်ခဲ့သော ဖွံ့ဖြိုးတိုးတက်မှုများသည် ရက်ပိုင်းအတွင်း နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ပျက်စီးခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် စိန်ရတုလွတ်လပ်ရေးနေ့အဖြစ် နိုင်ငံကို ထူထောင်ခဲ့သည်မှာ ၇၅ နှစ် ပြည့်မြောက်မည်ဖြစ်ကြောင်း၊ အနှစ်နှစ်အလလ ထူထောင်ခဲ့သည့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်စောင့်ရှောက် ရန်မှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်ကြောင်း လက်မောင်းအမှတ် တံဆိပ်များ ကွဲပြားမှုရှိသော်လည်း မွန်မြတ်သောသစ္စာ ၄ ချက်အား နေ့စဉ်ရွတ်ဆိုနေကြသော တပ်မတော်သားများပင်ဖြစ်ကြောင်း၊ ထို့ပြင် တပ်မတော်သားအဖြစ်ခံယူ၍ တပ်မတော် သို့ဝင်ရောက်ချိန်ကပင် နိုင်ငံတော်အလံကို ထိ၍ ကတိသစ္စာပြုခဲ့သူများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်ကို သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အရေး ပေါ်ကာလ ၁ နှစ်နှင့် ၃ လတာကာလ အတွင်း အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်ကိုအလုံးစုံပျက်စီးအောင် နည်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့ကြောင်း ၎င်းတို့၏ ကြိုးပမ်းမှု အောင်မြင်မှုမရသဖြင့် နိုင်ငံတော်၏ အခိုင်အမာဆုံးသော အဖွဲ့အစည်း ဖြစ်သည့် တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များကို ဖြိုခွဲရန်ကြိုးပမ်းလာကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့ကလည်း ပထဝီနိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုး အကျိုးစီးပွားအတွက် နောက်ကွယ်မှ သွေးထိုးခြင်း၊ ထောက်ပံ့ခြင်းများပြုလုပ်နေကြကြောင်း၊ သို့သော် ကျစ်လစ်ခိုင်မာသောစည်းလုံးမှုနှင့် အထက်အောက် အပြန်အလှန်လေးစားမှုတို့ဖြင့် “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ တပ်တိုင်း၊ ရဲဘော်တိုင်း၊ အင်အားစုတိုင်းတို့က စည်းလုံးမှုခိုင်မြဲလျှက်ရှိကြောင်း၊ နိုင်ငံတော်၏ တောင်ဘက်စွန်းဒေသအတွင်း တာဝန်ထမ်းဆောင်နေ၍ နိုင်ငံ၏ ရေသယံဇာတ၊ မြေသယံဇာတတို့ကို မတရားဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်း များ၊ ဒေသခံပြည်သူလူထုတို့နှင့် ပူးပေါင်းကာကွယ်ရန်လိုကြောင်း၊ နယ်စပ်ဒေသ ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုသလို နှစ်နိုင်ငံ ချုပ်ဆိုထားသော နယ်နိမိတ်ဆိုင်ရာစာချုပ်များကို တာဝန်ရှိသူတို့က တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်နေမှုကို သိရှိနားလည်ရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေး မှစ၍ ကျန်း မာရေး၊ ပညာရေးအထိ အရေးအရာများကို အလေးနက်ထား ဖြည့်ဆည်း ဆောင်ရွက် ပေးရန်လိုကြောင်း၊ သို့မှသာ တပ်မတော်သားများအနေဖြင့် မိသားစုများ အတွက် နောက်ဆန်တင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေးတာဝန်များကို အပြည့် အဝ အောင်မြင်စွာ တာဝန်ထမ်းဆောင် နိုင်ကြမည်ဖြစ်ကြောင်း၊ ပေးအပ်သည့် တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် စစ်သည်၊ မိသားစု အားလုံး သည် ကျန်းမာကြံ့ခိုင်နေရန် အရေးကြီးသဖြင့် နိစ္စဓူဝကျန်းမာစေသော နေထိုင် စားသောက်မှုပုံစံများနှင့်အညီ ဆောင်ရန်/ ရှောင်ရန်များကို လိုက်နာကြရန်လိုကြောင်း ဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသား စုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူ ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင်အတူ ယနေ့ညနေပိုင်းတွင် ကော့သောင်းမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါအခြေအနေများအား မေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံရှိ စားချက်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံတွင်တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြကြောင်းသတင်းရရှိသည်။