နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် ဒီဇင်ဘာ ၂၃

 
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏(၁/၂၀၂၁) အစည်း အဝေးကိုယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး များ နှင့်တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍၂၀၁၈ ခုနှစ်၊ ကမ္ဘာ့တရားမဝင် ကုန်သွယ်မှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံ(၈၄)နိုင်ငံအနက် အဆင့်(၈၂)နေရာ တွင် ရပ်တည်နေပြီးကမ္ဘာလုံးဆိုင်ရာတရားမဝင်ကုန်သွယ်မှုအခြေအနေ အညွှန်းကိန်း ကို အညွှန်းကိန်း(၄)ခုဖြင့်တိုင်းတာရာတွင်အစိုးရ၏မူဝါဒ၊ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့်အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်တို့ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အဟန့်အတားဖြစ်စေသည့်အချက်များထဲမှ အဓိကအချက် (၁) ခု ဖြစ်ကြောင်း၊ တရားမ ဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသမျှ တရားဝင်လုပ်ကိုင်သောလုပ်ငန်းများကို အဟန့် အတားဖြစ်စေကြောင်း၊ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျခြင်းသည် တရားမဝင် ကုန်သွယ်မှုနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၏ကုန်သွယ်မှုကိန်းဂဏန်းများကိုနှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် တရားမဝင် ကုန်သွယ်မှု များမှာ များစွာကွာဟမှုများ ရှိသည်ကို တွေ့ရကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာ သည့်အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီး ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း။
ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာန အသီးသီးမှတာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မည့် မူဝါဒများ၊ မဟာ ဗျူဟာ၊ နည်းဗျူဟာများ၊ စီမံချက်များနှင့် ရေတိုရေရှည် အကောင်အထည် ဖော်ဆောင် ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးပေးကြစေ လိုကြောင်း၊ ကဏ္ဍတစ်ခုချင်းစီအပေါ် အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများနှင့်အထူးလုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက် သွားရ မည်ဖြစ်သည့်အပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး၊ပြည်နယ်များအနေ ဖြင့်လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များဖြင့် တရားမဝင်ကုန် သွယ်မှုများ ကို ထိထိရောက်ရောက် တားဆီးသွားရန် လိုအပ်မည်ဖြစ်ကြောင်း။
မိမိတို့ လက်ရှိတာဝန်ယူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၈၁/၂၀၂၁ ဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏လုပ်ငန်းတာဝန်များ အပိုဒ် (၂)၊ အပိုဒ်ခွဲ (စ) တွင် တရားမဝင် ကုန်သွယ်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထား၍ စီစဉ်ဆောင်ရွက်ရန် သတ်မှတ် ပြဋ္ဌာန်းထား ရှိကြောင်း၊ ထို့ပြင် အမိန့်အမှတ်၊ ၈၃/၂၀၂၁ ဖြင့် ဖွဲ့စည်းသည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန် များ အပိုဒ် (၁၆)၊ အပိုဒ်ခွဲ (ဃဃ)တွင် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်သတ်မှတ်ပြဋ္ဌာန်းထားရှိကြောင်း။
စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေး တွေ့ရှိပါက ဖော်ထုတ်ပေးခြင်း၊ ထိရောက်စွာအရေးယူခြင်းဖြင့် ကုန်သည်များ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီး ကုန်သွယ်မှုပမာဏများ တိုးတက်ကာ နိုင်ငံတော်၏ အခွန်ဘဏ္ဍာများလည်း တိုးတက်ရရှိလာမည် ဖြစ် ကြောင်း၊ ကုန်သည်လုပ် ငန်းရှင်များ အနေဖြင့်လည်း ဈေးကွက်အတွင်း တရား မျှတစွာဖြင့် ယှဉ်ပြိုင်လာ စေခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးကဏ္ဍများမှာလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ် ကြောင်း၊ တစ်ဖက်မှလည်း တရားမဝင် ကုန်သွယ်မှု များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ တစ်ဖက်မှ လည်း စုံစမ်းထောက်လှမ်း ရှာဖွေ ဖမ်းဆီးသည့် အဖွဲ့အစည်းများကို သတ်မှတ် ရာခိုင်နှုန်းဖြင့် ဆုကြေးချီးမြှင့်ခြင်း၊ သတင်းပေးသူအား ဆုကြေးချီးမြှင့်ခြင်း၊ သတင်းပေးသူမရှိပါက နိုင်ငံတော် ဘဏ္ဍာငွေသို့ ပေးသွင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
လက်ရှိအနေဖြင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းနှင့် မြဝတီ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိမရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဦးစီး၍ ဆက်စပ်ဝန်ကြီးဌာန (OSS) ဌာနများ ဖြင့် တရားမဝင်သယ်ဆောင်မှုများကို တားဆီးစစ်ဆေးလျက်ရှိကြောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (မေလ) အထိ ခန့်မှန်း ၅နှစ် တာ ကာလအတွင်း တွင် အမှုတွဲ (၄၀၉၂) မှု၊ တန်ဖိုးကျပ်သန်းပေါင်း (၁၉,၂၀၆ ဒဿမ ၄၉၉) နှင့် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ မေလအထိ အမှုတွဲ (၂၇၄၉) မှု၊ တန်ဖိုးကျပ်သန်းပေါင်း (၂၇,၂၈၁ဒဿမ၇၈၉) ဖမ်းဆီးရမိခဲ့ကြောင်း။
အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ယခင်ဖွဲ့ စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များမှလည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ခန့်မှန်း ကာလ ၃နှစ် ၄လ အတွင်း၌ အမှုတွဲပေါင်း အမှုတွဲ (၁၀၁၉၃) မှု တန်ဖိုးကျပ်သန်းပေါင်း (၆၉,၆၆၃) ဖမ်းဆီးရမိခဲ့ကြောင်း၊ ၃နှစ်တာကာလအတွင်း အမှုတွဲ ၁နှစ်ကို ပျှမ်းမျှ ၃၃၉၇ မှုနှင့် တန်ဖိုး ကျပ်သန်း ၂၃၂၂၁ ဖမ်းဆီး ရမိကြောင်း၊ မိမိတို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဖွဲ့စည်း ပြီးနောက် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်လည်း ယခင်ဖွဲ့စည်းထားသည့် တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို အားလုံး ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားရှိပြီး ဖမ်းဆီးရရှိမှု အခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ၉ လတာကာလအတွင်း အမှုတွဲ (၁၅၁၆) မှု၊ တန်ဖိုးကျပ်သန်းပေါင်း( ၆,၀၆၇) ဖမ်းဆီးရမိပြီး ၁လလျှင်ပျှမ်းမျှ အမှုတွဲ ၁၆၈ မှု တန်ဖိုးကျပ်သန်းပေါင်း ၆၇၄ ကျော် ဖမ်းဆီးရမိကြောင်း။
ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နိုင်ငံတော်ဘက်မှ ကုန်သွယ်မှု ဆိုင်ရာ ဖြေလျှော့သင့်သည်များကိုလည်း ဖြေလျှော့မှုများ ဆောင်ရွက်ပေး နေသကဲ့ သို့ တစ်ဖက်မှလည်း တရားဥပဒေစိုးမိုးပြီး တရားမဝင်ကုန်သွယ်မှုများ၊ အခွန် တိမ်းရှောင်မှုများ လျော့နည်းသွားအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုနေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု စခန်းများမှ တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေး အတွက် မိမိတို့ ဦးဆောင် ကော်မတီမှ အမြဲမပြတ် စောင့်ကြည့်ပြီး ဆောင်ရွက်သွား မည့် အစီအမံများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှလည်း ပူးပေါင်းဆောင်ရွက် သွားမည့် အစီအမံများကို ယခုအစည်းအဝေးတွင် ဆွေးနွေး ညှိနှိုင်းသွားရန် လိုအပ်မည် ဖြစ်ကြောင်း။
စစ်ဆေးရေးစခန်းများတွင် စာရွက်စာတမ်း အထောက်အထားများနှင့် တိုက်ဆိုင် စစ်ဆေးရာ၌ ကုန်ပစ္စည်းအရေအတွက် ပိုမိုသယ်ဆောင်ခြင်း၊ ကုန်ပစ္စည်းအမည် လွဲ သယ်ဆောင်ခြင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စည်းကြပ်တန်ဖိုးထက် လျော့နည်းသည့် ပမာဏဖြင့် အခွန်စည်းကြပ်မှုခံယူခြင်းတို့ ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့်အခွန်အခများရရှိစေရန်နှင့်နစ်နာမှုမရှိစေရေး သက်ဆိုင်ရာ ဌာနများ ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖမ်းဆီးရ မိပစ္စည်းများနှင့်ပတ်သက်၍ ဖမ်းဆီးပြီးအချိန်မှ လေလံတင် ရောင်းချပြီး အချိန်သည် ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာ မှုများဖြစ်သဖြင့် မှန်ကန်မြန်ဆန်စေရေး သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းများ အား စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ဖမ်းဆီးရမိပစ္စည်းများအား ကြမ်းခင်းစျေး သတ်မှတ်ရာတွင် မြေပြင်၌ ဖြစ်ပေါ်နေသည့် စျေးနှုန်းနှင့် အနီးစပ်ဆုံးဖြစ်စေရေးနှင့် ပိုမို မြန်ဆန်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိပစ္စည်းများအား အပ်နှံရာတွင် နှောင့်နှေး ကြန့်ကြာမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံးလုပ်နည်း များကို ပူးပေါင်းညှိနှိုင်းပြင်ဆင်နိုင်ရေး ဆောင်ရွက်ရန် ပြောကြားလိုကြောင်း၊ မြေပြင်တွင် တရားမဝင်ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီးသည့် အဖွဲ့များအတွက် ဖမ်းဆီးရမိဆုကြေးငွေများအား အမြန်ဆုံး ခွဲဝေထုတ်ပေး နိုင်ရေး သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် လုပ်ထုံး လုပ်နည်းများ ကို ပြင်ဆင်ဆောင်ရွက်ပေး သွားရန် လိုအပ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် ယခုဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အား တာဝန်ခံဝန်ကြီးဌာန (Focal Ministry) အဖြစ် တာဝန်ပေးအပ်ထားပြီးဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် တရားမဝင်ကုန်သွယ်မှုများလျော့နည်း ကျဆင်းပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိနိုင်ရေး အတွက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးညွန့်အောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် တရား မဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရေး ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဦးဟန်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဆိုပြု မြေပြင်လုပ်ငန်း စီမံချက်(မူကြမ်း)ကိုလည်းကောင်း၊ တာဝန်ရှိသူများ က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးအမှာစာများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းတို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုများနှင့် ကာကွယ်တာဆီးနိုင်ရေးအတွက် အကြံပြုချက်များအား ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် အကောက်ခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ရေပူနှင့် မရမ်းချောင် အမြဲတမ်းကုန်ပစ္စည်းစစ်ဆေးရေးစခန်းများအား ရှောင်ကွင်းသွားလာ နိုင်သည့် လမ်းကြောင်းများ တားဆီးပိတ်ဆို့ရေးစီမံချက်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌက မန္တလေး(၁၆)မိုင်ဂိတ် ကုန်ပစ္စည်းစစ်ဆေးရေးစခန်းများအား ရှောင်ကွင်းသွားလာ နိုင်သည့် လမ်းကြောင်းများ တားဆီးပိတ်ဆို့ရေးစီမံချက်များလည်းကောင်း၊ ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌက ကော့ကရိတ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသွားလာနိုင်သည့် လမ်း ကြောင်းများတားဆီးပိတ်ဆို့ရေး စီမံချက်များအားလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြသူများက တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။