နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်း အဝေး သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယ အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၀

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာစည်းကမ်း ချက်များနှင့် အညီ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာများနှင့် ရုပ်ဝတ္ထု ပစ္စည်းများအရှိန်အဟုန်ဖြင့် လျင်မြန်စွာပြောင်းလဲတိုးတက်နေကြောင်း၊ ထိုအရာများတွင် နယ်စည်းမခြားသော ပွင့်လင်းလွတ်လပ်မှုဆိုသည့် အယူအဆများနှင့်အတူ လူမှုကွန်ယက် ဆိုရှယ်မီဒီယာများသည် အရေးပါသည့်အခန်းကဏ္ဍ တစ်ရပ်ဖြစ် လာကြောင်း၊ ထိုလူမှု ကွန်ရက်များကို အသုံး ပြု၍ ပညာရေးနှင့်ကျန်းမာရေးတို့တွင် ကောင်းသော အကျိုး ကိုဆောင်ရွက်နိုင်သကဲ့သို့ မိမိ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးသာမကယဉ်ကျေးမှုရေးရာ အခန်း ကဏ္ဍများအထိ မှေးမှိန်သေးသိမ်အောင်၊ ညစ်နွမ်းအောင်ဝင်ရောက် ထိုးဖောက် မွှေနှောက် နိုင်သည့် အကြောင်းခြင်းရာများလည်း ရှိနေကြောင်း။
အထူးသဖြင့် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းပခုံးပြောင်းသယ်ဆောင်ကြမည့် ဖြူစင်ရိုးဖြောင့်တက်ကြွစွာ ဆန်းသစ်တီထွင်လိုစိတ်နှင့် စွန့်စားလိုစိတ်ကြီးမားလွန်း ကြသည့် မျိုးဆက်သစ်လူငယ်များအတွက် အဆိုပါလူမှုကွန်ရက်များကပင် မိမိတို့ နိုင်ငံ၏ ရေမြေဒေသသဘာဝလူမှုဘဝပကတိအခြေအနေနှင့်ဆက်စပ်မှုမရှိသော ဆန့်ကျင်ဘက် ဖြစ်သည့် အစွန်းရောက်အတွေးအခေါ်အမူအကျင့်များကို အနုပညာဆိုသည့်လူငယ် လူရွယ် အကြိုက်မျက်နှာဖုံးတပ်၍ ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း။
အနုသုခုမပညာရပ်သည် နက်နဲသိမ်မွေ့သည့် ပညာရပ်ဖြစ်ကြောင်း၊ စိတ်ခံစားမှုကို နှိုးဆွလွှမ်းမိုးနိုင်စွမ်းလည်းကြီးမားကြောင်း၊ ရိုင်းသည်ကိုယဉ်အောင်၊ ယဉ်သည်ကို ရိုင်းအောင်လည်းပြုနိုင်စွမ်းရှိကြောင်း၊ အဖြူကို အမဲ၊ အမဲကို အဖြူဖြစ်အောင်ပြောင်းလဲ နိုင်စွမ်းလည်း ကြီးမားကြောင်း။
ထို့ကြောင့် ထိရောက်မှုစွမ်းအားကြီးမားထက်မြက်သည့် အနုသုခုမပညာရပ်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များ၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီး ပြန်လည်ကျင်းပနိုင်ရေးကို နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနှင့်အညီ တာဝန် ရှိသူ တာဝန်သိသူများအနေဖြင့် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း။
ဩဂုတ်လက ကျင်းပခဲ့သည့်ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ၊ ဘာသာရပ်အလိုက်တာဝန်ယူအကဲဖြတ်ကြမည့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြုတက်ရောက်လာသူများက (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင် ရေးအတွက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများကို ဆွေးနွေးပြောကြား အဆုံးအဖြတ်အချို့ကိုရယူခဲ့ကြပြီး ဖြစ်ကြောင်း။
ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအနက် သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်းကိစ္စရပ်များကို အပြီးသတ်တင်ပြသွားကြရန်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနေသည်ကို ရုပ်မြင်သံကြားနှင့်သတင်းစာများတွင် ထည့်သွင်းဖော်ပြနေသည့် အတွက် အများပြည်သူများအကြားပျံ့နှံ့သိရှိစိတ်ဝင်စားနေကြပြီဖြစ်ကြောင်း၊ ဗဟိုအဆင့် ပြိုင်ပွဲကျင်းပရန် အချိန်လည်းနီးကပ်လာခဲ့ပြီဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်ပါဝင် သော လူမှုရေးဦးတည်ချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး”ဆိုသည့် ဦးတည်ချက်နှင့်အညီ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်အနေဖြင့်ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ၊ ဆပ် ကော်မတီများအနေဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် မူလသတ်မှတ်လျာထားသည့် အချိန်ဇယားအတိုင်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်း တင်ပြပေးကြရန်နှင့် လုပ်ငန်းအရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအပြီး အပြတ်ဆုံးဖြတ်ချက်ချမှတ်ရမည့်ကိစ္စရပ်များကျန်ရှိပါက ဝိုင်းဝန်းဆွေးနွေးတင်ပြကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ပြိုင်ပွဲကျင်းပမည့် အစီအမံများနှင်ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာ ဌေးအောင်တို့က (၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုံးခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေး နှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော် မတီ၊ တည်းခိုရေးနှင့် ပြိုင်ပွဲကျင်းပမည့်နေရာအုပ်ချုပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်း ညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အနု သုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ ရိုးရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမများကို မြတ်နိုးခုံမင်စွာလေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်း သယ်ဆောင်သွားလိုစိတ်များကိန်းအောင်း ရှင်သန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။