နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘောလခဲမြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဘောလခဲမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား နယ်မြေခံတပ်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကို အခက်အခဲများစွာဖြင့် ကျော်လွှားခဲ့ရကြောင်း၊ အချို့သော ဝန်ထမ်းများသည် နိုင်ငံ၏မျက်နှာကိုမကြည့်ဘဲ CDM လုပ်ဆောင်ခဲ့၍ ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ဝန်ထမ်းကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ ရကြောင်း၊ ပြည်တွင်း/ ပြည်ပ ဖိအားမျိုးစုံကို ကြုံတွေ့ခဲ့ရသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဖြတ်သန်းခဲ့ကြောင်း၊ ကြီးမားသော စိန်ခေါ်မှုအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှုပင်ဖြစ်ကြောင်း၊ နိုင်ငံအချို့နှင့် INGO အဖွဲ့အချို့အနေဖြင့် မိမိတို့နိုင်ငံအား ကိုဗစ်-၁၉ ရောဂါအပေါ် လက်မြှောက်အရှုံးပေးရတော့မည်၊ ကျရှုံးသွားရတော့မည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကို သစ္စာ ရှိသည့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာမှ ဌာနဆိုင်ရာများ၏ သစ္စာရှိ စွာဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ ပါဝင်မှုတို့ဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း ကို အကောင်းဆုံးအချိန်တိုအတွင်း ကျော်ဖြတ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ် တိုင် တနင်္လာနေ့တိုင်းတွင် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဦးစီး၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တုန့်ပြန်ရေးကော်မတီကလည်း နေ့စဉ်နီးပါး ပြည်နယ်နှင့်တိုင်း ဒေသကြီး အရေးပေါ်ထိန်းချုပ်တုံ့ပြန်ရေး အဖွဲ့များဖြင့် လည်းကောင်း၊ ဆွေးနွေး ညှိနှိုင်း အဖြေရှာဖော်ထုတ်၍ ကြိုးပမ်းခဲ့ရကြောင်း၊ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ကာကွယ်ဆေးထိုးမှုနှင့် ပတ်သက်သည့် စာရင်း ဇယား အားနည်းမှုများ ရှိခဲ့သော်လည်း ယခုအခါ တစ်နိုင်ငံလုံးတွင် စနစ်တကျ မှတ်တမ်းများထားရှိနိုင်၍ Webportal တွင် VMIS Program ကိုပင် တင်ထားနိုင်ပြီဖြစ် ကြောင်း၊ တတိယလှိုင်းကာလအတွင်း အောက်စီဂျင်လိုအပ်ချက်ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး မသမာသူစီးပွားရေးသမား အချို့ အနေဖြင့် မတော်လောဘဖြင့် အောက်ဆီဂျင်လိုအပ်ချက်အပေါ် ကိုယ်ကျိုးစီးပွားရှာခဲ့မှု တို့ကိုလည်းတွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် အောက်စီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေး များကို အချိန်မီရရှိ အောင်ဆောင်ရွက်ခြင်းတို့ဖြင့် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့ဩမှင်သက်ကြရသည်အထိ ဖြစ်ခဲ့ရကြောင်း၊ ထို့ပြင် အစိုးရရပ်တည်မှု မရနိုင်ရန် ပြည်ပဩဇာခံများက ပြည်ပနိုင်ငံကြီးအချို့နှင့် ပူးပေါင်းကာ ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေးယိုင်လဲရန် ဆောင်ရွက်ခဲ့သော်လည်း ကြံ့ကြံ့ခံ၍ ဖြတ်ကျော်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းဖြစ်ကို အားပေးရန်မူဝါဒအရ ပြည်ပသွင်းကုန်အချို့အား ကန့်သတ်၍ ပြည်တွင်းထုတ်ကုန် လုပ်ငန်းများကို အားပေးခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ပထမခြောက်လပတ် မီနီ ဘတ်ဂျက်တွင် ကုန်သွယ်ရေးပိုငွေ ပြမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး ပို့ကုန်များစဉ်ဆက် မပြတ် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံအပေါ်သစ္စာရှိစွာဖြင့် ဒေသတိုးတက်ရေး အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။