နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၄) ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲမဟာမင်္ဂလာအခမ်း အနားကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး သို့တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မေ ၁၀
(၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကိုဖွင့်လှစ်သည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ပရိဝုဏ်အတွင်း မဟာဗောဓိပင်တော်အမှတ် (၁)နှင့်အမှတ်(၂)တို့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပခဲ့သည်မှာယခုဆိုလျှင်(၁၄)ကြိမ် ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့ သည့်အခမ်းအနားများကို နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီ တော်ဂေါပကအဖွဲ့တို့က ဦးစီးကျင်းပခဲ့ပြီး ပြီးခဲ့သည့် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့ရာ (၂) နှစ်ရှိပြီ ဖြစ်ကြောင်း။
မဟာဗောဓိပင်ဆိုတာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသော နေ့တွင် အတူတကွဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဘက်တော် ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန်ကိုလည်း များစွာအထောက်အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါကြောင်း၊ မြေဓာတ်မှာ ရေပြတ် သည့် ကဆုန်လကဲ့သို့သော နွေကာလတွင် မဟာဗောဓိပင်တော်များကို ကဆုန်ညောင်ရေ သွန်းလောင်းခြင်းသည် မဟာဗောဓိပင်များကို စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာ စေခြင်း၊ သက်တမ်းရှည်စေခြင်း၊ သက်တော်ထင်ရှားရှိသောဘုရားရှင်အား ပူဇော်ရာ ရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံတော်ကြီးအဖြစ် တည်ရှိ စေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေလျှက် တူညီသောအကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။
ထို့ပြင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ‘နိယတဗျာဒိတ်ပန်း’ ဆင်မြန်းခဲ့သောနေ့၊ သိဒ္ဓတ္ထမင်းသား ‘ဖွားမြင်’ ခဲ့သည့်နေ့၊ မြတ်စွာဘုရား ရှင် ‘ဗောဓိ’ ဆိုသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် နေ့နှင့် ‘ပရိနိဗ္ဗာန်ဝင်စံ’ တော်မူခဲ့သည့်နေ့များသည် ယခုကဆုန်လပြည့်နေ့ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာသမိုင်းတွင် အလွန်ပင်ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီး၏ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံကြီး” က “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံတကာဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း။
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပသွားမည်ဖြစ်ရာ အဆိုပါအခမ်းအနား များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်း မိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဧပြီ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၂ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ လုပ်ငန်းကော်မတီဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဧပြီ ၂၅ ရက်တွင်လည်း ဆပ်ကော်မတီ ၈ ခု ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။
အခမ်းအနားကျင်းပမည့်နေ့ရက် မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်း များကို ကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၂၈ ရက်က လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီးဖြစ်သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့်ကဏ္ဍအလိုက် အတော်အသင့်ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်ဟု ယူဆပါကြောင်း။
ယခုကျင်းပမည့် မဟာမင်္ဂလာအခမ်းအနားကို နှစ်ပိုင်းခွဲပြီး ကျင်းပဆောင်ရွက်သွား မည်ဖြစ်ပြီး ပထမပိုင်းအခမ်းအနားဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်မှုဆည်းပူးခြင်း အခမ်းအနားကို ဥပ္ပါတသန္တိစေတီတော်ကြီး၏ လိုဏ်ဂူတော်အတွင်းဖြစ်ပြီး ဒုတိယပိုင်းအခမ်း အနားကို စေတီတော်ကြီး၏ ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်များ တည်ရှိရာရင်ပြင်တော်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ကျင်းပမည့်အချိန်ကာလ တစ်ဆက်တစ်စပ်တည်းဖြစ်နေသော် လည်း လုံခြုံရေးနှင့်စပ်လျဉ်း၍အားလုံးလွှမ်းခြုံနိုင်အောင် စနစ်တကျစီမံပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း။
အခမ်းအနား ပထမပိုင်းကိုတာဝန်ယူဆောင်ရွက်မည့် ဆပ်ကော်မတီအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်းကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ဒုတိယပိုင်းအခမ်းအနားဖြစ်သည့် (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားတွင်လည်း သီခြားဆောင်ရွက်ရမည့်အပိုင်းများအလိုက် ဆောင်ရွက် ကြရမည်ဖြစ်ပြီး နှစ်ပိုင်းစလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအစမှ လုပ်ငန်းအဆုံးအထိ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် အထူးအလေးထား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို ယဉ်ကျေးမှုဓလေ့ထုံတမ်းအစဉ်အလာအရဖြစ် စေ၊ ဘာသာတရား၏ အဆုံးအမအရဖြစ်စေရှုမြင်မည်ဆိုပါက ကောင်းမှု ကုသိုလ်ပြု လုပ်ခြင်းဖြစ်သကဲ့သို့ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း ဖြစ်ကြောင်း။
နှစ်စဉ်ဆောင်ရွက်နေကြလုပ်ငန်းနှင့် အခမ်းအနားဖြစ်သော်လည်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်လစ်ဟင်းမှုမရှိစေဘဲ ဆပ်ကော်မတီ များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်း အနားအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်းမဟာမင်္ဂလာ အခမ်းအနားနှင့် အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆို နေရာချထားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ မဏ္ဍပ်များဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ် ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။