နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၂ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ-၁၃
၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Max Hotel ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UN, INGO,NGOs နှင့် CSO များ၊ ကျောင်းသားကျောင်းသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားများကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်မှစ၍ ယိုဂိုမူဘောင် (၂၀၀၅-၂၀၁၅)၊ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀) တို့ပါ ပန်းတိုင်များ၊ ဦးတည်ကဏ္ဍများနှင့် လုပ်ငန်းနယ်ပယ်များအပေါ် နှစ်စဉ် ဦးစားပေး ကဏ္ဍများ ရွေးချယ်သတ်မှတ်အကောင်အထည်ဖော်ကာ ဆောင်ပုဒ်များ ချမှတ်ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း။
ယခု ၂၀၂၂ခုနှစ်တွင် ဆန်ဒိုင်းမူဘောင် ပန်းတိုင် (၇) (Target-G) ဖြစ်သည့် “ဘေးအန္တရာယ်ပေါင်းစုံအတွက် ကြိုတင်သတိပေးစနစ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူအသုံးချနိုင်မှုအား သိသိသာသာ တိုးမြှင့် ဆောင်ရွက်သွားရန်” ဟူသည့် ရည်မှန်း ချက်နှင့်အညီ ကြိုတင် သတိပေးမှုစနစ်များ ခိုင်မာအားကောင်းရေးနှင့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ဆောင်ရွက်မှု များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် “Early Warning and Early Action for all” ကို ယခုနှစ်ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားကြောင်း၊ “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင် ဆောင်ရွက် အားလုံးအတွက်”ဟုဆိုနိုင်ကြောင်း။
ယခုဆောင်ပုဒ်သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစဉ်များမှ ကြိုတင်သတိပေး စနစ်၏ အရေးပါမှုနှင့် “ကြိုတင်ပြင်ဆင်၊ အောင်ပွဲဝင်” ဆိုသည့်အတိုင်း ဘေးအန္တရာယ်ထိခိုက်ခံရမှုများလျော့နည်းသက်သာစေရန် ကြိုတင် သတိပေးချက်များအပေါ်မူတည်၍ ကဏ္ဍအလိုက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို မြန်ဆန် မှန်ကန်စွာ ချက်ချင်းသိ- ချက်ချင်းဆောင်ရွက် ကြရန် နှိုးဆော်တိုက်တွန်းထားကြောင်း။
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်လျှင် ကြိုတင်ပြင်ဆင်မှုနှင့်အရေးပေါ်တုံ့ ပြန်မှုဆိုင်ရာအစီအမံများ စဉ်ဆက်မပြတ်ပြုလုပ်နေရန်၊ အမြဲတမ်းနိုးနိုးကြားကြား ရှိနေရန်နှင့်အမြဲအသင့်ဖြစ်နေမှုဖြစ်နေရန် လိုအပ်ကြောင်း။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်သတိပေး စနစ်သည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ယခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၌ ကျင်းပခဲ့သည့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ကမ္ဘာ့လုံးဆိုင်ရာ ညီလာခံတွင် ဘေးမျိုးစုံအတွက် ပြည်သူဗဟိုပြုကြိုတင်သတိပေးစနစ် ခိုင်မာအား ကောင်းရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စာရင်းဇယားအချက်အလက်မှန်ကန်ရေး၊ ငွေကြေး အရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်စီမံအုပ်ချုပ်မှုထိရောက်အကျိုးရှိရေးတို့ကို အဓိက ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း။
ထို့ကြောင့် ယခုနှစ် ဆောင်ပုဒ်ကိုကြည့်မည်ဆိုလျှင် ကြိုတင်သတိပေးစနစ်များ ခိုင်မာအားကောင်းအောင်ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက်များအပေါ်မူတည်၍ လိုအပ်သည့် စီမံခန့်ခွဲဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း။
ကြိုတင်သတိပေးစနစ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆန်ဒိုင်းမူဘောင် ဦးစားပေးလုပ်ငန်းကဏ္ဍ(၄)ခုမှ ဦးစားပေးကဏ္ဍ(၄)၏အောက်တွင် ဘေးအန္တရာယ် စောင့်ကြည့်မှုဆိုင်ရာ ဆက်သွယ်ပြန်ကြားမှုစနစ်များနှင့် လူမှုဆက်သွယ်ရေးနည်း ပညာများ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနှင့် အရေးပေါ်ဆက်သွယ်ရေးလုပ်ငန်းစဉ်များ၊ ဘေးအန္တရာယ်ပေါင်းစုံကို ကဏ္ဍပေါင်းစုံမှလူထုဗဟိုပြုကြိုတင် ခန့်မှန်းခြင်းနှင့် ကြိုတင် သတိပေးခြင်း စနစ်များတိုးတက်မြင့်မားလာစေရန် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ကြရေးနှင့် အဆိုပါစနစ်များတိုးတက်လာရေးအတွက် အများပြည်သူပူးပေါင်းပါဝင်သည့် လမ်းစဉ်ဖော် ဆောင်ကြရေး၊ အသုံးပြုသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စီမံရန်၊ ကြိုတင်သတိ ပေးခြင်းဆောင်ရွက်ရာတွင် ရိုးရှင်းလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသည့် စက်ကိရိယာ ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသုံးချနိုင်မှုကိုမြှင့်တင်ရန်၊ ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်သတိပေးချက်များ ထုတ်လွှင့်ပေးနိုင်မည့် မီဒီယာအစီအစဉ်များကျယ်ပြန့်စွာ ဖြစ်ပေါ်လာရန် တိုးမြှင့်ဆောင်ရွက်ရေးကို ထည့်သွင်းရေးဆွဲဖော်ပြထားကြောင်း။
ကမ္ဘာတစ်ဝန်း ကြိုတင်သတိပေးစနစ်များ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်မှု စောင့်ကြည့် လေ့လာချက်အရ ၂၀၂၂ ခုနှစ်၊ ဧပြီလ အထိ ကမ္ဘာ့နိုင်ငံ (၉၅)နိုင်ငံတွင် ဘေးမျိုးစုံအတွက် ကြိုတင်သတိပေးစနစ် Multi-Hazard Early Warning Systems(MHEWS)များကို ဆောင်ရွက်ထားပြီးဖြစ်သည်ကို သိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ဖြစ်ပွားနိုင်ခြေနှင့် ထိခိုက် ဆုံးရှုံးနိုင်ခြေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးစနစ်များအားကောင်းရန်အထူးလိုအပ်ကြောင်း၊ အဓိကအားဖြင့် သဘာဝ ဘေးဖြစ်ပွားသည့်အခါ ပထမဆုံး ရင်ဆိုင်တုံ့ပြန်မှုပြုကြရသည့် ဒေသခံလူထုအဆင့်အထိ ရောက်ရှိနိုင်မည့် လူထုဗဟိုပြု ကြိုတင်သတိပေးစနစ်များ တည်ဆောက်ပြီး ခိုင်မာ အားကောင်း အောင်ဆောင်ရွက်နိုင်မှသာ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှု လျော့နည်း မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်ခန့်မှန်းခြင်း၊ အသိပေးထုတ်ပြန်ခြင်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလမ်းညွှန်မှုအောက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ၍ သက်ဆိုင်ရာနယ်မြေဒေသအရောက် ဖြန့်ဝေခြင်းကို အုပ်ချုပ်မှုဆိုင်ရာ လမ်းကြောင်းများမှ အဆင့်ဆင့်ပေးပို့ခြင်း၊ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အများပြည်သူကို အသိပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေကြောင်း၊ ထို့ပြင် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်သတိပေးချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်-ရှောင်ရန်များ၊ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးမှုများကို မိုဘိုင်းဖုန်းမှ တစ်ဆင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရန် Myanmar Disaster Alert(MDA) မိုဘိုင်း Application ကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီအချိန်အတွင်း မိုဘိုင်ဖုန်းမှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ သိသင့်သိထိုက်သည်များ သိရှိနိုင်တော့မည်ဖြစ်ကြောင်းကိုလည်း သတင်း ကောင်းပါးအပ်ပါကြောင်း ။
သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ၏ အခြေခံ အုတ်မြစ်သည် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြိုတင် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိမှသာ ဘေးကျရောက်နိုင်သည့် ဒေသနေ လူထုအနေဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီအလိုက်၊ မိသားစုအလိုက်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ပြောင်းရွှေ့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ စီမံခန့်ခွဲဆောင်ရွက် ပေးရမည့် တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် စီမံမှုများကိုစနစ်တကျဖြင့် ထိထိရောက် ရောက်ဆောင်ရွက်နိုင်ကြပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်း သက်သာမည်ဖြစ်ကြောင်း။
ထို့ပြင် သဘာဝဘေးစီမံခန့်ခွဲမှုနယ်ပယ်အလိုက် စီမံခန့်ခွဲဆောင်ရွက်ကြရာတွင် အနာဂတ်ကာလတွင် ဖြစ်လာနိုင်မည့်ဘေးများကိုတွက်ဆပြီး ကြိုတင်ပြင်ဆင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့နိုင်ကြောင်း။
သဘာဝဘေးအန္တရာယ်များသည့် အဓိကအားဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲမှုများနှင့်အများဆုံးဆက်စပ်ဖြစ်ပွားခြင်းကြောင့် အဆိုပါကိစ္စရပ် များပေါ် မပြတ်လေ့လာပြီး မိမိတို့နိုင်ငံအပေါ် သက်ရောက်နိုင်ခြေနှင့် မိမိတို့၏ အရင်းအမြစ် များအပေါ်မူတည်၍ လိုအပ်သည့်စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာရင်းဇယားများနှင့် ကိန်းဂဏန်း အချက်အလက်များ အရ ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် (၄)ဒီဂရီဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက် အထိပိုမိုလာနိုင်ကြောင်းနှင့် ပင်လယ်ရေမျက်နှာပြင်သည်(၂၈ စင်တီမီတာမှ ၉၇စင်တီမီတာ အထိ) မြင့်တက်လာနိုင်ကြောင်း၊ မုန်တိုင်းနှင့် ဒီရေလှိုင်းအများအပြားဖြစ်ပေါ်နိုင်ကြောင်း၊ မိုးခေါင်ရေရှားဒေသများပိုမိုခြောက်သွေ့လာနိုင်ပြီး မိုးရွာသွန်းလေ့ရှိသည့်ဒေသများတွင် မိုးရွာသွန်းမှုပိုမိုများပြားနိုင်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုပမာဏပိုမိုများပြားလာပြီး ပင်လယ် သမုဒ္ဒရာများ၌ အက်ဆစ်ဖြစ်ထွန်းမှုပိုမိုလာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်းထုတ်ပြန်သည့် အစီရင်ခံ စာများတွင် လေ့လာတွေ့ရှိနိုင်မည် ဖြစ်ကြောင်း။
Intergovernmental Panel on Climate Change- IPCC ၏ ဆဋ္ဌမအကြိမ် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးသည်မျှော်မှန်းထားခြင်းထက် ပိုမိုကျယ်ပြန့် ပြီး ပိုမိုဆိုးရွားပြင်းထန်ကြောင်း၊ အနာဂတ်ကာလများတွင် ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးကိုပိုမိုခံစားကြရမည်ဖြစ်ကြောင်း၊ အပူချိန်မြင့်တက်မှုများကြောင့် ထိခိုက် ခံစားရမှုများ မလွဲမသွေရှိမည်ဖြစ်ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီ ထွေနေထိုင်ရေး အရေးကြီးသည်ကို ဖော်ပြ ထားကြောင်း။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာတစ်ဝန်း ကြီးမားပြင်းထန်သည့် သဘာဝ ဘေးများ ဖြစ်ပွားခဲ့သကဲ့သို့ မြန်မာနိုင်ငံ၌လည်း ပြီးခဲ့သည့်(၁၈)လတာ ကာလအတွင်း မီးဘေး(၇၄၈)ကြိမ်၊ ရေဘေး(၁၆၁)ကြိမ်၊ လေဘေး(၁၅၀၂)ကြိမ်၊ မြေငလျင်အပါအဝင် အခြား ဘေး(၁၁၇၈)ကြိမ်၊ စုစုပေါင်းအကြိမ်(၃၅၈၉)ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဘေးသင့်လူဦးရေ(၁၅) သိန်းကျော်ကို နိုင်ငံတော်က ငွေကျပ်သန်းပေါင်း ၃၆၄၇ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း။
မိမိတို့နိုင်ငံသည် Intergovernmental Panel on Climate Change အစီရင်ခံစာ အရ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက် တတိယ အဆင့်တွင် ရှိနေသည့်နိုင်ငံဖြစ်၍ သဘာဝဘေးအန္တရာယ်များလျော့ချနိုင်ရန်၊ ဘေးအန္တရာယ် ကို စနစ်တကျ တုံ့ပြန်ရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် သဘာဝဘေးကြိုတင်သတိပေး ချက်များနှင့်လိုအပ်သည့် စီမံခန့်ခွဲမှုများအချိတ်အဆက်မိမိနှင့် အချိန်ကိုက်ဆောင်ရွက်နိုင်မှု သည် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နေကြောင်း။
ထို့ကြောင့် သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ၌ အမျိုးသား ကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်မှုအားကောင်းရန်လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့များအနေဖြင့်လည်း သက်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာ အခြေပြုလူမှုရေးအသင်းအဖွဲ့များစသည့် အဖွဲ့အစည်းအသီးသီးနှင့်ချိတ်ဆက်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍများ စနစ်တကျပူးပေါင်းဆောင်ရွက်ကြ မည်ဆိုလျှင် အသက်ဆုံးရှုံးရခြင်း၊ အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးရခြင်း၊ စီးပွားရေး ဆုံးရှုံးရခြင်းများ လျော့နည်းသွားမည်ဖြစ်ကြောင်း။
သဘာဝဘေးစီမံခန့်ခွဲမှုကို ထိရောက်မြန်ဆန်စွာနှင့် ကဏ္ဍအလိုက်စနစ်တကျဆောင် ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပေးခဲ့ပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ တည်မြဲအမိန့်-၂၀၂၂ ကိုလည်း မကြာမီကအတည်ပြုထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း။
သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရာတွင် ဘေးအန္တရာယ် ဆိုင်ရာကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း၊ ကြိုတင်သတိပေး ချက်များအပေါ်အခြေခံ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းနှင့်ရွှေ့ပြောင်းခြင်းစသည်တို့ အပါအဝင် ဆောင်ရွက်ရမည့် တုံ့ပြန်မှုလုပ်ငန်းများကို စနစ်တကျ အချိန်ကိုက်ဆောင်ရွက်ရန် သဘာဝဘေးကြိုတင် သတိပေးသည့်စနစ် ခိုင်မာအားကောင်းရေး ပြည်သူလူထုပါဝင်သည့် ပြည်သူဗဟိုပြုသဘာဝ ဘေးကြိုတင်သတိပေးသည့်စနစ်ကို တည်ဆောက်နိုင်ရေး၊ သတိပေးချက်များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြရေးသည် အရေးကြီးကြောင်း။
မိမိနိုင်ငံ၏ ရေမြေသဘာဝ၊ အရင်းအမြစ်၊ အတွေ့အကြုံတို့အပေါ်အခြေခံ၍ အာဆီယံ နိုင်ငံများသာမက နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ်ချိတ်ဆက် ဆောင်ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာမူဘောင်နှင့် သဘောတူညီချက်များကိုလိုက်နာရန်၊ ခေတ်နှင့်အညီ တိုးတက်နေသည့် နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာအသုံးပြုဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာဌာန အကြီးအကဲ (Head of UNDRR), Ms. Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့သတင်းစကားဗီဒီယိုကိုပြသသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကိုပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြခန်းများနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။