နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် ဒီဇင်ဘာ ၆

 
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာတတ်သိပညာရှင်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီးတိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ အသင်းအဖွဲ့များ နှင့် တာဝန်ရှိသူများက ဗီဒီယို ကွန့်ဖရင့် စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကအမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာသည့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြုံစဖူးထိခိုက်ခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ကပ်ရောဂါလျော့နည်း လာခဲ့သည့် အတွက် ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် နိုင်ငံအသီးသီးက ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်ကို ကြားသိနေရကြောင်း။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ရက်ပေါင်း ၂၀ ဆက်တိုက် ၁ ရာခိုင်နှုန်းအောက်သာ ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး နောက်ဆုံးထုတ်ပြန်ထားသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် အားလုံး ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးကို အထောက်အပံ့ပြုသည့် အရေးကြီးသော ကဏ္ဍများအတွင်းမှ တစ်ခုဖြစ်ပြီး အလုပ်အကိုင် (၁၀)မျိုးတွင် (၁)မျိုးသည် ခရီးသွားလုပ် ငန်းနှင့်ဆက်စပ်နေသည့် အလုပ်အကိုင်အမျိုးအစားများပင်ဖြစ်သည့်အပြင် ကမ္ဘာတဝှမ်းလုံးတွင် အလုပ်အကိုင်ပေါင်း သန်း (၃၂၀)ကျော်ကို ဖန်တီးပေးပြီး ကမ္ဘာ့GDP ၏ (၁၀)ရာခိုင်နှုန်းရှိ သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ မှတ်တမ်းများအရသိရှိရကြောင်း၊ ထို့ပြင် ခရီးသွားလုပ် ငန်းသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်လာရန် များစွာ အထောက်အပံ့ပြုသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ထပ်လောင်းအသိ အမှတ်ပြုထား ကြောင်း။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၀၀) ကျော်သည် ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်ပေးခဲ့သည့် အတွက် ကမ္ဘာအနှံ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် သန်း (၇၀၀) ခန့်လှည့်လည်ဝင်ရောက်ခဲ့သည့်အတွက် ယမန်နှစ်က အလားတူ ကာလ ထက် (၁၃၃) ရာခိုင်နှုန်း ပိုမိုဝင်ရောက်ကြောင်းနှင့် ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်ကာလ၏ (၆၅) ရာခိုင်နှုန်းထိပြန်လည်ရောက်ရှိခဲ့သည်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများ အရသိရကြောင်း။

ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွား ရေးဖွံ့ဖြိုး တိုးတက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များသည် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ MSMEs လုပ်ငန်းသည် နိုင်ငံတော်နှင့် လူမှု စီးပွားရေးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်သောအဓိက အခန်းကဏ္ဍဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများကလည်း ဆက်စပ်စီးပွားအထောက်အကူဖြစ်နေသည့်အတွက် ခရီးသွားလုပ်ငန်းမှတစ်ဆင့် MSMEs များကို တိုက်ရိုက်အထောက်အကူပြုနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်း MSMEs များဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စားသောက်ကုန်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို မိမိ တို့၏ ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုပြီး ထိုမှတစ်ဆင့် အဆင့်မြင့်ကုန်ချောပစ္စည်းများ ပိုမိုထုတ်လုပ် နိုင်အောင် ဆောင်ရွက်ရန် လိုအပ်သည့်နည်းပညာ ဗဟုသုတများနှင့် သင်တန်းများ ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် လုပ်ငန်းရှင်များကို ဆွဲဆောင် စည်းရုံး ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများ ကို တိုက်တွန်းလို ကြောင်း။
MSMEs လုပ်ငန်းအများစုအနေဖြင့် မတည်ရင်းနှီးငွေ၊ နည်းပညာ၊ အခြေခံ အဆောက်အဦ၊ ကျွမ်းကျင်လုပ်သား၊ ဈေးကွက်ရရှိ ရေးအစရှိသည်တို့တွင် စိန်ခေါ်မှုများ အများဆုံးကြုံတွေ့ရလေ့ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ကျွမ်းကျင်ပညာ ရှင်များနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များ ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့တတ်နိုင် သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် ဆင့်ပွားအကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏စီးပွားရေးမူဝါဒသည် ပြည်သူဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရန် ရည်ရွယ်ခြင်းဖြစ် သည့်အတွက် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို ဒေသခံ ပြည်သူများ ထိထိရောက်ရောက်ရရှိခံစားနိုင်စေရန်နှင့် ခရီးသွား လုပ်ငန်းများဖော်ဆောင်ရာတွင်လည်း ဒေသခံပြည်သူများ၏ အကြံ ဉာဏ်နှင့် ပူးပေါင်းပါဝင်မှုကို ရပြီး အင်တိုက်အားတိုက် ပါဝင်ဆောင် ရွက်လာစေရန်လည်း စည်းရုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထို့ပြင် ခရီးသွားလုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေးတို့ကို အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်သကဲ့သို့ လူတန်းစားမရွေးလွယ်ကူစွာ ခရီးသွားလာနိုင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဆောင်ရွက်နေသည့် Barrier Free Tourism ဖော်ဆောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက် အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Based Tourism၊ Farming Based Tourism နှင့် ပုပ္ပါးတောင် ဘူမိခရီးသွားလုပ်ငန်းကဲ့သို့ Educational Tourism စသည့် ခရီးသွားလုပ်ငန်း အမျိုးအစားအချို့ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ် ဆောင်ရွက်နိုင်ရန် အကြံဉာဏ် သစ်များဖြင့် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆက်စပ် လျှက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အလားအလာရှိသောမြို့၊ ရွာများကို ခရီးသွား မြိုများ၊ ခရီးသွား ကျေးရွာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်သည့်အချိန်မှစ၍ ပြန်လည်ထွက်ခွာသည့်အချိန်ထိ ခရီးသွား ဧည့်သည်များ ဝင်ထွက်မှု လွယ်ကူစေရေး၊ တည်းခို၊ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ အတွက်ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ ခရီးစဉ်ဒေသများတွင် ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင် ရောက်လာပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့်ဒေသခံတို့၏လူမှုဘဝစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကိုများစွာအထောက်အပံ့ဖြစ်စေသည့်အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ယခုပွင့်လင်းရာသီမှအစပြုပြီး ခရီးသွားလုပ်ငန်းများပုံမှန် လည်ပတ်လာပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ရင်းနှီးပြီး ဆက်ဆံရေး ကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို မိမိတို့၏ အဓိကရည်မှန်း စျေးကွက်များအဖြစ်ကနဦးသတ်မှတ် ဖော်ဆောင် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ထူးခြားသည့်ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှု များကိုလည်း Digital Platform များမှတစ်ဆင့် ကမ္ဘာ့ခရီးသွား အဝန်းအဝိုင်းသိရှိနိုင်စေရေး ဆက်လက်မြှင့်တင်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသံရုံး များမှတစ်ဆင့် မြန်မာ့ခရီးသွားလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်ဆွဲဆောင်အသိပေးဖိတ်ခေါ်စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းရုံးဖိတ်ခေါ်ဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ခရီးသွားလာမှုလွယ်ကူ ချောမွေးစေရေးနှင့် လုံခြုံစိတ်ချစွာခရီးသွားလာနိုင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် နေပြီး ဆင့်ပွားအကျိုးကျေးဇူးများဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်းအမျိုးအစားစုံလင်စွာ ဖွံ့ဖြိုး လာစေရန် အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် မြန်မာခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ လာစေရန် စွန့်ဦးတီထွင်မှုနှင့်အတူ ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးလာစေရန် နှင့် ဈေးကွက်များ ပြန်လည်ရှင်သန် အားကောင်းလာစေရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီဝင်ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီနှင့် ပြည်နယ် များမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြသွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများပြန်လည် ဦးမော့လာစေရေးနှင့် ခရီးသွားလုပ်ငန်းမှ တဆင့် နိုင်ငံ၏ပုံရိပ်ကောင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသည့် နေရာတွင် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ အနေဖြင့် ပွင့်လင်းစွာ အကြံပြုဆွေးနွေး သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ခရီးသွား လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ဗဟိုကော်မတီ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ပြီးစီးမှု အခြေ အနေများ နှင့် ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများကို ဖတ်ကြားတင်ပြပြီးအတည်ပြုချက်ရယူသည်။
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်း တတ်သိ ပညာရှင်များနှင့် တာဝန်ရှိသူများ က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း က ဆွေးနွေးတင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။