နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (/ ၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

 နေပြည်တော်၊ ဇွန်  ၈

            အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

            အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ချာလီသန်း၊ ဦးလှမိုး၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာမျိုးသိန်းကျော်၊  နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ နှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

            ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးဆောင်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၃ ခုနှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးမှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်များ ကို အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်အေဂျင်စီများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် MSME လုပ်ငန်းများနှင့်ပက်သက်၍ တိုင်းဒေသကြီး နှင့်ပြည်နယ်များသို့ သွားရောက်ပြီး အားပေးခြင်း၊ အကြံပေးခြင်း၊ ညှိနှိုင်းဆွေးနွေး ပေးခြင်းတို့အပြင် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ MSME နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်များတွင် လမ်းညွန်ခဲ့သည်မှာ ညွန်ကြားချက် ၁၉၀ ကျော်ရှိပြီး လုပ်ငန်းရှင်များနှင့် ဒေသခံများ၏ တင်ပြချက်များမှာ အချက်ပေါင်း ၂၃၀ ကျော်ရှိကြောင်း၊ ယင်းတင်ပြချက်များမှာ နည်းပညာ၊ ငွေကြေး ၊ ဈေးကွက်နှင့် မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍများပါဝင်ကြောင်း၊ ယင်းတင်ပြချက်များအပေါ် မိမိတို့လုပ်ငန်းကော်မတီ အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အေဂျင်စီများနှင့် ချိတ်ဆက်ပြီး ကြပ်မတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေ ဖြင့် MSMEနှင့်စပ်လျဉ်း၍ လမ်းညွန်သည့်  အဓိကအခြေခံအချက်များမှာ ပြည်တွင်း ထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယင်းအချက်များကို လက်လွတ်၍ မရသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အေဂျင်စီ များကလည်း အဆိုပါအခြေခံအချက်(၃)ချက်ကို မူတည်ပြီး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

            ယင်းသို့ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်  သေချာ သော ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက် ဖြစ်သော One Regin One Product ဒေသတစ်ခု ထွက်ကုန် တစ်မျိုး ထုတ်လုပ် နိုင်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကို သက်ဆိုင်ရာ အေဂျင်စီ အလိုက်  အဓိက ထုတ်ကုန်သက်မှတ်ပြီးပြည်တွင်းထုတ်ကုန်အပြင် ပြည်ပတင်ပို့နိုင်သည်အထိ ရည်ရွယ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ MSMEလုပ်ငန်းများအတွက် အခြေခံအချက် (၃) ချက်ဖြစ်သည့် ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်တိုးမြှင့် ရရှိစေရန် စသည့်အချက်များအပေါ် မူတည်ပြီး လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အေဂျင်စီများ ညှိနှိုင်းပြီး ထုတ်ကုန်နယ်ပယ်ကိုလည်း သတ်မှတ်လျက် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ထုတ်ကုန်နယ်ပယ်များအနေဖြင့် အဓိက ဆီထွက် သီးနှံအပါအဝင် စားသောက်ကုန်လုပ်ငန်း၊ ဆန်နှင့် ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ ၊ ဝါ၊ ကော်ဖီနှင့် လက်ဖက်၊ သစ်တောထွက်ပစ္စည်း၊ ကြိမ်/ဝါး၊ သားငါးနှင့် တိရစ္ဆာန် အစားအစာနှင့် ဆေးဝါးအခြေခံထွက်ကုန် ထုတ်လုပ်နိုင်ရန် မိမိဒေသအလိုက် ရရှိနိုင်သည့် ကုန်ကြမ်းပေါ်မူတည်ပြီး ထွက်ကုန်နယ်ပယ် သက်မှတ်ရေးနှင့် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်ရွယ်ပြီး ဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပိုင်းကလည်း ထုတ်လုပ်နိုင်မည့် ထုတ်ကုန်အပေါ် မူတည်ပြီး ဖြစ်နိုင်ချေကိုစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ် ကြောင်း။

            စီမံချက်ရေးဆွဲဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် MSME လုပ်ငန်းရှင်များကို သမဝါယမစနစ် ၊ ပုဂ္ဂလိကစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ငွေကြေး အရင်းအနှီးနှင့် နည်းပညာများ ပံ့ပိုးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနိုင်သည့်အတွက် ရင်းနှီး မြှပ်နှံမှုအပိုင်းတွင် ငွေကြေးစီးဆင်းမှုလွယ်ကူအောင် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် MSMEလုပ်ငန်းရှင်များ အသိပညာရရှိရေး အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ စွန့်ဦးတီထွင် လုပ်ငန်း အတွက်လည်း ပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတင်းကွန်ယက် ဖြန့်ဝေမှုအပိုင်းတွင် MSME လုပ်ငန်းရှင်များနှင့် အများပြည်သူများအတွက် မှန်ကန် မြန်ဆန်စွာရောက်ရှိရေးနှင့် MSME လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်လုပ်သားနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက်နှင့်လုပ်ငန်းစဉ် ကွင်းစက် မပျက်စေရေးအတွက် စဉ်းစားဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ ထို့အပြင် လုပ်ငန်း ကော်မတီအနေဖြင့် MSME လုပ်ငန်းရှင်များ၏ ထွက်ကုန်များကို ပြည်ပ ဈေးကွက်ရရှိရေး ကူညီပံ့ပိုးဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်ရည်မှန်းထားသည့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးပေး သည့် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တက်ရောက်လာကြသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားကို မြှင့်တင်ရန် အတွက် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံ အတွက် ထုတ်ကုန်များစွာ ထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSMEလုပ်ငန်းများအနေဖြင့် လက်ရှိအချိန်ထိ ဒီဂျစ်တယ်နည်းပညာဖြင့် ထုတ်လုပ်မှုပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်း၊ သတင်း ဖြန့်ဝေမှုအပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့် နေရာများတွင် ကျွမ်းကျင်စွာ သုံးစွဲရန် ခက်ခဲ နေဆဲပင်ဖြစ်သောကြောင့် ထိထိရောက်ရောက်နှင့် လွယ်လွယ်ကူကူ အသုံးပြုနိုင် အောင် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

            ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့် အမှာစာများကို အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံ ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဖတ်ကြားတင်ပြကြ သည်။

            ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်းက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်များ နှင့် ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

            ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာချာလီသန်းက SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို MSME ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေအဖြစ် ပြင်ဆင်ပြဌာန်းနိုင်ရေးဆောင်ရွက်ရန်၊ ဒေသ ထွက်ကုန်ကြမ်းများကိုအသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဦးစားပေး ထုတ်လုပ်ရမည့် ထုတ်ကုန်များ ခွဲဝေးသက်မှတ်ပေးရန်၊  ကုန်ထုတ်လုပ်မှု သမဝါယမ အသင်းများ တည်ထောင်ပြီး သမဝါယမစနစ်နှင့် ကုန်စည်ဒိုင်များ ချိတ်ဆက် ဆောင် ရွက်ရန်၊ MSME ထုတ်ကုန်အမှတ်တံဆိပ်များတွင် ဖော်ပြထားသည့် အချက်အလက် များကို စနစ်တကျရရှိစေရေး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ ဒေသအသီးသီးရှိ ကုန်စည်သတင်းအချက်အလက်များနှင့် ပြည်ပပို့ကုန် သတင်းအချက်အလက်များအား MSMEလုပ်ငန်းရှင်များသိရှိစေရန် နိုင်ငံပိုင်မီဒီယာများတွင် ထည့်သွင်းဖော်ပြကြေညာပေးရန်၊ MSMEဆိုင်ရာသတင်း အချက်အလက်များဖြန့်ဝေးပေးနိုင်မည့်  information Mechanism တစ်ခုတည် ထောင်နိုင်ရေးဆောင်ရွက်ရန် နှင့် ၂၀၁၈ ခုနှစ် အာဆီယံ SME မူဝါဒဆိုင်ရာ အညွှန်းကိန်း အစီရင်ခံစာပါ အချက်အလက်များအား ဆွေးနွေးတင်ပြသည်။

            ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးလှမိုး၊ ဦးအောင်နိုင်ဦး နှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ နှင့် အသင်းအဖွဲ့များမှ ပညာရှင်းများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ အမှာစာများကို ဖတ်ကြားရှင်းလင်းအတည်ပြုချက်ရယူနိုင်ရေး တင်ပြသည်။

 

            ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်း ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။