နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဉက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှု ကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ် များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် “ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ” ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “လုပ်ငန်းကော်မတီ” ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။
၂၀၁၄ ခုနှစ်က အတည်ပြုထုတ်ပြန်ခဲ့သည့်မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုကို ပြန်လည်သုံးသပ်ကြည့်ပါက တိုးတက်မှုများရှိသည်ကို တွေ့ရှိရမှာဖြစ်ပြီး ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်နေသည့် အကြောင်းအရာများကိုလည်း တွေ့ရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်းနှင့် နှောင်းပိုင်း များတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသတိထားမိ လာကြကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် သာမန်အားဖြင့် ကြည့်ပါက ငွေကြေးအကုန်အကျများသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ “လူမှုစီးပွားထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးနိုင်ရန်” ၊ “လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်” နှင့် “အခြေခံဝင်ငွေ အထောက်အပံ့ ဖြစ်စေရန်” အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ ဆောင်ရွက်ရာတွင် အောင်မြင်မှုများနှင့် တိုးတက် ဖြစ်ထွန်းမှုများသာမက အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ကိုလည်း နားလည်သဘောပေါက်ထားရမှာဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်များ ရေရှည်တည်တံ့ရေး ဥပဒေပိုင်းဆိုင်ရာ ကျောထောက်နောက်ခံ ပြုထားနိုင်ရန်လည်း အရေးကြီးသည့်အတွက် “မြန်မာလူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အထောက်အပံ့ ဥပဒေ(မူကြမ်း)” ကို အပြီးသတ်ရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားကြရန်လိုကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System- SMIS)”ကို ရေးဆွဲလျက်ရှိကြောင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် စတင်စမ်းသပ်သုံးစွဲ တော့မည်ဟု သိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှုသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် အရေးပါသည့် တိုးတက်ဖြစ်ထွန်းမှု တစ်ခုလည်း ဖြစ်ကြောင်း၊ “လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်” တည်ဆောက်ပြီးသည့်အခါတွင် အဆိုပါစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့ နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကာ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၂၈) ရက်တွင် စင်္ကာပူနိုင်ငံ၊ အာရှနှင့် သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာ ဆိုင်ရာအသင်း ချုပ် (Asian-Oceanian Computing Industry Organization -ASOCIO) မှ ကြီးမှူး ကျင်းပခဲ့သည့် Digital Summit 2022 ပြိုင်ပွဲတွင် လူမှုရေးသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်၏ ကဏ္ဍတစ်ခုဖြစ်သော လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုသတင်းစနစ် (Case Management Information System-CMIS) ဖြင့် Digital Government Award 2022 ဆုရရှိခဲ့ကြောင်း သိရသဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ အဓိက မဟာ ဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင် ပါဝင်သည့် အဓိက လုပ်ငန်းတစ်ခု ဖြစ်ကြောင်း။
ထို့အပြင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals)ကို မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်လည်း “ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း”ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်ရေးအတွက် အရေးကြီးသော လုပ်ငန်း နယ်ပယ်များဖြစ်သည့် အာဟာရပြည့်ဝရေး ကိစ္စများ၊ ပညာရည်မြင့်မားရေးကိစ္စများ၊ (၅)နှစ်အောက် ကလေးသေဆုံးမှု လျှော့ချရေး ကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးကိစ္စရပ်များအတွက် ရေးဆွဲပြဋ္ဌာန်း ထားသော မူဝါဒများ၊ မဟာဗျူဟာ စီမံချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော် အဆင့်အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယင်းသို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံ၏ လူသား အရင်းအနှီး ဖွံ့ဖြိုးတိုး တက်လာမှာ ဖြစ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို စောင့်ကြည့်ကြီးကြပ်ခြင်း (Monitoring)နှင့် အကဲဖြတ်သုံးသပ်ခြင်း (Evaluation)များ ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက်သာမက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် လည်း မိမိတို့၏ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ဖြစ်သကဲ့သို့ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုသည့် လုပ်ငန်းများဖြစ်သည့်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှုး ညွှန်ကြားရေးမှူချုပ် ဒေါ်စန်းစန်းအေး က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးဖြစ်ကြသည့် ဒေါက်တာပွင့်ဆန်း နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယစာရင်း စစ်ချုပ် နှင့် တာဝန်ရှိသူများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း သည့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး ဆုံးဖြတ်ချက် မှုကြမ်း များကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။
ထို့နောက်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။