နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် ဇူလိုင် ၂၇

 
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၄/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၀)ကြိမ်မြောက်ဖြစ်ပြီး ယခင်အစည်းအဝေး(၉)ကြိမ်၌ ဆုံးဖြတ်ချက် (၃၁၁)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖမ်းဆီးရမိအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲ(၇၀၁၁)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၁၂၇.၀၅၄) ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက် ဖမ်းဆီးနိုင်ခဲ့ကြောင်း။
သို့သော် တရားမဝင်ကုန်သွယ်မှုများသည် လျော့နည်းကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြကြောင်းကို ကြားသိနေရကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၉၃၂) ဘီလီယံဖြစ်ပြီး မိမိတို့ဘက်က စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၂၉၃)ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ(၁.၆၃၉)ဘီလီယံ ကွာခြားနေသည့်အတွက် ၎င်းသည် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများ ဖြစ်သည်ဟု သုံးသပ်ရ ကြောင်း။

 
တရားမဝင် ကုန်သွယ်မှုဖြစ်ပေါ်ရခြင်း အဓိက အကြောင်းအရင်းများမှာ “အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်း မြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန် လုပ်ငန်းဝန်းကျင်” စသော အခြေခံကျသည့် အချက်များအပြင် နိုင်ငံအတွင်း လုံခြုံရေးအရ လိုအပ်ချက်ရှိနေဆဲ နယ်စပ်ဒေသများရှိနေခြင်း၊ နယ်စပ်ဒေသများသည် ရှည်လျားပြီး နှစ်နိုင်ငံချင်း လွယ်ကူစွာ ဖြတ်သန်းနိုင်သည့် နေရာအများအပြားရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အားနှင့် စွမ်းဆောင်ရည် နိမ့်ကျခြင်းနှင့် အကျင့်ပျက်မှုများ ရှိနေခြင်း စသည့်အချက်များကလည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများ ဖြစ်ကြောင်း။
နိုင်ငံ၏ ပထဝီအနေအထားအရ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက် တွင်ရှိသည့် တရားမဝင် ဝင်ထွက်ပေါက်များ၊ မှောင်ခိုရှောင်ကွင်းလမ်းများအပြင် တာဝန်ကျနိုင်ငံ့ဝန်ထမ်းအချို့၏ အားနည်းချက်များကြောင့် တရားမဝင် ကုန်ပစ္စည်း များ နိုင်ငံအတွင်းပိုင်းအထိ ဖမ်းဆီးဖော်ထုတ်သည့်ကြားမှ ဝင်လာဆဲဖြစ်၍ အဆိုပါ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်း နိုင်မည့် သိုလှောင်ရုံများနှင့် ဈေးကွက်များ အထိ ဝင်ရောက် စစ်ဆေး အရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းကိစ္စကို ကုန်သည်အချင်းချင်း သိရှိပြီးဖြစ်၍ နိုင်ငံ့အကျိုးစီးပွား၊ မိမိကိုယ်ကျိုးစီးပွားကြည့်ပြီး သက်ဆိုင်ရာကို သိလျှင် သိခြင်း အသိပေးအကြောင်းကြားပေးရန် လိုအပ်ကြောင်း။

 
နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့ နိုင်ငံ့စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်ကြောင်း”ဟု ပြောကြား ခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ဘက်ဟိုးယန္တရား(၅၇)စီး၊ ခန့်မှန်းတန်ဖိုးကျပ်(၄.၅၃၁)ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂)မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄.၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃.၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်ကြောင်း။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

 
အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်ပြီး လမ်းခရီးတွင် ရှိသောဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်” ဟု မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက်တွင် ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေရေး၊ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ မဖြစ်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လာဘ်ပေးလာဘ်ယူမှု များကို စိစစ်ဖော်ထုတ်တွေ့ရှိပါက တာဝန်ရှိသူ အဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူရန် မှာကြားလိုကြောင်း။
တရားမဝင် ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေး ဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများလည်း ရှိနေကြောင်းကို ဖမ်းဆီးရမိ စစ်ကြောချက်များအရ သိရှိရကြောင်း၊ အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် OSS ဌာနဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးချုပ်များအနေဖြင့် မိမိတို့ တာဝန်ယူရသည့် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင်လာဘ်ပေးလာဘ်ယူမှုများမရှိအောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်းနှင့် ပြည်ထောင်စု အဆင့်က ဝင်ရောက်စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့လျှင် သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းများအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက် အရေးယူသွားမ ည်ဖြစ်ကြောင်း။

 
၂၀၂၃ ခုနှစ်၊ ဇွန်လ၏ ဖမ်းဆီးရမိမှုကို သုံးသပ်ရလျှင် ယခင်လထက် ဖမ်းဆီးရမိမှုများသော်လည်း ကုန်ပစ္စည်းအုပ်စုအလိုက် သုံးသပ်ချက်အရ ဖမ်းဆီးရမိမှု လချုပ် ခန့်မှန်းတန်ဖိုးကျပ် (၁၁.၈၁၆)ဘီလီယံသည် မော်တော်ယာဉ်အုပ်စုက ကျပ်(၇.၈၂၂)ဘီလီယံဖြစ်ပြီး ယခင်လထက် ကျပ်(၄.၂၅၄)ဘီလီယံ ပိုလာသော်လည်း ကျန်အုပ်စုများဖြစ်သည့် လယ်ယာထွက်ကုန်၊ သစ်မျိုးစုံ၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် တိရစ္ဆာန်အရှင်များမှာ ဖမ်းဆီးရမိမှု လျော့နည်း ကျဆင်းလာသည်ကို တွေ့ရကြောင်း၊ စခန်းအလိုက် ပြန်ကြည့်ပါက ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ အဓိကစစ်ဆေးရေးစခန်းများဖြစ်သည့် မရမ်းချောင်၊ ကော့ကရိတ် တံတားကျိုး၊ မူဆယ်(၁၀၅)မိုင်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများမှာ သိသိသာသာ ဖမ်းဆီးရမိမှု လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ တရားမဝင် ကုန်သွယ်မှုများ ရှိနေသော်လည်း ဖမ်းဆီးရမိမှုလျော့နည်းကျဆင်း ရခြင်းသည် သက်ဆိုင်ရာ အထူးအဖွဲ့များနှင့် တာဝန်ကျဌာနဆိုင်ရာများ၏ တားဆီး စစ်ဆေးမှုများ အားနည်းသည်ဟု သုံးသပ်ရမှာဖြစ်ကြောင်း။
ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်တင်ယာဉ်များ စစ်ဆေးမှု လွယ်ကူ စေရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကုန်တင်လွှာစနစ် စမ်းသပ် အသုံးပြု ခဲ့ကြောင်း၊ စမ်းသပ်ကာလ(၆)လပြည့်ပြီ ဖြစ်သည့်အတွက် ဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ကုန်သည်လုပ်ငန်းရှင်များ ကြုံတွေ့ရသည့် အခက်အခဲ များကို မေးမြန်းပြီး သုံးသပ်တင်ပြပေးရန် လိုကြောင်း၊ သို့မှသာ ၎င်းစနစ်ကို ဆက်လုပ်ရန် သင့်/ မသင့် ဆုံးဖြတ်ပေး၍ရမည် ဖြစ်ကြောင်း။
ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ်ကို အိမ်နီးချင်းနိုင်ငံများတွင် အသုံးပြု နေကြသည်မှာ ကြာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း E-Lock စနစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ကြရန် တွန်းအားပေး ပြောကြားလို ကြောင်း။ ပို့ကုန် ကုန်တင်ယာဉ်များကို စစ်ဆေးရာတွင် လွယ်ကူ လျင်မြန်စေရန် QR ကုဒ် စနစ်နှင့် စစ်ဆေးနေကြောင်း။ QR ကုဒ်တွင် ပါသည့် ပို့ကုန် အမျိုးအစား၊ တန်ချိန်နှင့် ကုန်တင်ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးအစား၊ တန်ချိန် ကိုက်ညီရန် လိုကြောင်းကိုလည်း စစ်ဆေးသည့် ဝန်ထမ်းများက အထူးဂရုပြု စစ်ဆေးရန် မှာကြားလိုကြောင်း။
ကုန်ပစ္စည်းများစစ်ဆေးရာတွင် Manual စစ်ဆေးခြင်းထက် ICT နည်းပညာ အသုံးပြုသည့်နည်းလမ်း၊ X-ray စက်များနှင့် ရှာဖွေစစ်ဆေးနိုင်လျှင် အချိန်ကုန် သက်သာပြီး တွေ့ရှိ ဖမ်းဆီးမှု ပိုတက်လာနိုင်သလို ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးကိုလည်း အထောက်အကူပြုမည်ဖြစ်သည့်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှာ အသုံးပြုနေသည့် ရှာဖွေတားဆီးစစ်ဆေးခြင်း စနစ်များကိုလည်း လေ့လာပြီး စီမံဆောင်ရွက်ထား သင့်ပါကြောင်းနှင့် ယခုစစ်ဆေး မှုပုံစံထက် ပိုမိုခေတ်မီစနစ်ကျသည့် အစီအမံရှိပါကလည်း တင်ပြရန်လိုကြောင်း။
ကုန်သွယ်မှုလုပ်ငန်းများတွင် Online စနစ်များဖြစ်သည့် အကောက်ခွန် ဦးစီးဌာနမှ သွင်းကုန်၊ ပို့ကုန်ကြေညာလွှာ ထုတ်ပေးရာတွင် အသုံးပြုနေသည့် MACCS စနစ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန် သွင်းကုန် လိုင်စင်ထုတ်ပေးရာတွင် အသုံးပြု နေသည့် Myanmar Tradenet 2.0 စနစ်၊ တစ်ဘက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်ရာ အသုံးပြုသည့် MyCo စနစ်များကို အသုံးပြု ဆောင်ရွက်ခြင်းသည် အင်မတန်ကောင်းမွန်သည့် စနစ်များဖြစ်ကြောင်း။ သို့သော် မည်သည့်စနစ်တွင်မဆို အလုံးစုံပြီးပြည့်စုံသည်ဟု မရှိကြောင်း၊ စနစ် အသုံးပြုရာ တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်များကို အမြဲမပြတ်စောင့်ကြည့်သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း။ အချို့ခေတ်မီ သည့် နိုင်ငံများတွင် နည်းစနစ်များ၏ ကောင်းမွန်မှုများကြောင့် ဝန်ထမ်းအင်အား အနည်းငယ်ကိုသာ အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
ထို့အပြင် ဦးဆောင်ကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဌာနဆိုင်ရာအချင်းချင်း Online စနစ်နှင့် လုပ်ငန်း ဆောင်ရွက်နိုင်မည့် National Single Window စနစ်နှင့် မြန်မာ-ထိုင်းနယ်စပ်တွင် စတင်စမ်းသပ် ဆောင်ရွက်နိုင်မည့် Single Window Inspection(SWI)နှင့် Single Stop Customs Inspection(SSCI) လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး တိုးတက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ဌာနများက စဉ်ဆက်မပြတ် တင်ပြပေးရန်လိုကြောင်း၊ ဝန်ထမ်းများနှင့် ဆောင်ရွက်သည့်နေရာတွင် နည်းစနစ်နှင့် အစားထိုးဆောင်ရွက်မှသာ ပိုမိုထိရောက် မှန်ကန်မှာဖြစ်ပြီး အချိန်နှင့် ကုန်ကျစရိတ်လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနများက နည်းစနစ်များ မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက် နိုင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

 
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် မည်သို့သော စိန်ခေါ်မှုများ ရှိနေပါစေ အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီးစစ်ဆေးမှုအပြင် သိုလှောင်ရုံ များနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပြည်တွင်းက သယံဇာတ ပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုကိုလည်း ထိထိရောက်ရောက် တားဆီးစစ်ဆေးအရေးယူကြရန်လိုကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ် များနှင့် အချိန်ကြန့်ကြာမှုများမရှိစေရေး အထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။
ကုန်တင်လွှာစနစ် ဆောင်ရွက်မှု သုံးသပ်တင်ပြရန်လိုကြောင်းနှင့် E-Lock စနစ် ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေ သည့် နည်းပညာပိုင်းဆိုင်ရာစနစ်များကို အမြဲမပြတ် စောင့်ကြည့်သုံးသပ် ပြင်ဆင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းအင်အားအသုံးပြု လုပ်ငန်းဆောင်ရွက်ရသည့် နေရာတွင် ခေတ်မီနည်းစနစ်နှင့် အစားထိုးနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အထူး အဖွဲ့များနှင့် One Stop Service ဌာနဆိုင်ရာများ အပြန်အလှန် ပူးပေါင်းဆောင်ရွက် သွားကြရန် လိုကြောင်းဖြင့်ပြောကြားသည်။

 
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင် ကော်မတီအစည်းအဝေး (၃/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်သွင်ဦး ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်၊ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌတို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဦးဝင်းရှိန် ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦး တို့က မြန်မာ - ထိုင်း နှစ်နိုင်ငံ ပို့ကုန်သွင်းကုန် နှိုင်းယှဉ်ချက်၊ တရားမဝင်လမ်းကြောင်းများမှ တရားမဝင်ကုန်ပစ္စည်း များ တင်သွင်းမှု မရှိစေရေး၊ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင် ယာဉ်များ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများ၊ တရားမဝင်ကုန်သွယ်မှု ဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ E-Lock စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ တရားမဝင် Online မှ ကုန်ပစ္စည်းများ ရောင်းချနေမှု၊ QR Code ဖြင့်စစ်ဆေး ဆောင်ရွက်နိုင်မှုများနှင့် ကုန်သွယ်ရေးစခန်းများ၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေး နွေးတင်ပြကြသည်။

 
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၄/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

 
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။