နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 
နေပြည်တော် နိုဝင်ဘာ ၁၁

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) နှင့် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အား တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း) စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူး ဦးခိုင်ရွှေ က စက်ရုံသမိုင်းအကျဉ်းနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများ၊ စက်ရုံမှချည်မျှင်များ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများအား အရည်အသွေး ပြည့်မီစွာဖြင့် ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်၍ တပ်မတော်၏လိုအပ်ချက်များနှင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများ၊ တိုင်းရင်းသားများနှင့် ကျေးလက်နေ ပြည်သူလူထု ဝယ်ယူသုံးစွဲနိုင်မည့် ပစ္စည်းများထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ သင်္ကန်းများအားဝိနည်းတော်နှင့်အညီ ထုတ်လုပ်ရောင်းချ နိုင်ရေး ဆရာတော်ကြီးများ၏ ဩဝါဒများ ခံယူ၍ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စက်ရုံသန့်ရှင်းသပ်ရပ်ရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေး လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည် ထုတ်လုပ်သုံးစွဲမှုတွင် လိုအပ်ချက်များ ရှိသဖြင့် ပြည်တွင်း၌စက်ရုံများတည်ဆောက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသွင်းကုန် များလျှော့ချရန်အတွက် ပြည်တွင်းစက်ရုံများမှ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စက်များကြံ့ခိုင်မှုရှိရန်လိုအပ်သဖြင့် ထိန်းသိမ်းမှုများအား စဉ်ဆက်မပြတ် ပြုလုပ်နေရန်လိုအပ်ကြောင်း၊ ထို့ကြောင့်စက်ရုံ သန့်ရှင်းရေးနှင့် စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိပြီး ယိုယွင်းမှုမရှိစေရေး အသေးစိတ်မှအစ ထိန်းသိမ်း ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံအတွင်းလေဝင်လေထွက် ကောင်း မွန်မှုမရှိခြင်းသည် ဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုကိုဖြစ်စေနိုင်ပြီး လုပ်ငန်းခွင်တွင် လုပ်အားများဆုံးရှုံးမှုရှိစေနိုင်ကြောင်း၊ ယခုကာလသည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေ သည့်ကာလ ဖြစ်သဖြင့် ဝန်ထမ်းများကျန်းမာရေး ကောင်းမွန် စေရေးကို အထူးဂရုပြု ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူတို့၏ အသုံးအဆောင် အဝတ်အထည်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ ဥပမာ အားဖြင့် မျက်နှာသုတ်ပဝါ၊ စွပ်ကျယ်၊ စောင်၊ ခြင်ထောင် များဖြစ်ကြောင်း၊ မိမိတို့ အနေ ဖြင့်အမြတ်ကို အဓိကမထားဘဲ ပြည်သူများ ဈေးနှုန်း သက်သာစွာရရှိ‌ရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ စက်စွမ်းအားပြည့် လည်ပတ်၍ ပြည်တွင်းလိုအပ်ချက်ကို တတ်စွမ်း သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင် မည်ဖြစ် ကြောင်း၊ ထို့ကြောင့် အဝတ်အထည်များအား အရည်အသွေး ပြည့်မီစွာဖြင့် အဆင့်အတန်း မီထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင် ‌ရောင်းချနိုင်ရန်လိုကြောင်း၊ အဝတ်အထည်များ အား အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစား အလိုက် ထုတ်လုပ်ရောင်းချသွားရန်လိုကြောင်း၊ အခြားဈေးကွက် လိုအပ်ချက် ရှိသည့် ဟိုတယ်သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံး ပစ္စည်းများကိုလည်း အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်၍ ဈေးကွက်ရရှိရေး စဉ်းစားဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ လုပ်ငန်း အောင်မြင်တိုးတက်စေရေးအတွက် သုတေသနပြုလုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည် အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများ များစွာလိုအပ်လျက် ရှိကြောင်း၊ ချည်ထည်များ ထုတ်လုပ်နိုင်ရန် အဓိက အကျဆုံးဖြစ်သည့် ဝါစိုက်ပျိုးမှုများအား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့် ဝါများ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝါများအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါစိုက်တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မည်ဖြစ်သကဲ့သို့ ပြည်တွင်း လိုအပ်ချက် ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဝါထွက်ကုန်များမှတစ်ဆင့် ဝါဂွမ်းကိုသာမ က ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်များကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဝါထွက် ကုန်ဖြစ်သည့် ဝါစေ့ဆီမှစားဆီနှင့်စက်သုံးဆီများ၊ ဝါကြိတ်ဖတ်များအား တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းများကိုပါဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဝါ စိုက်ပျိုးမှု တိုးတက်စေရေး ဝါစိုက် တောင်သူ များအား နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည် စက်ရုံများသည် နိုင်ငံအတွက်လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက် များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည် များအားအသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ခင်းကျင်းပြသထား သည့် စက်ရုံမှထုတ် အဝတ်အထည်ပစ္စည်းများကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်မျှင်နှင့်အထည်များအား အဆင့်ဆင့်ထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။
အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း) မှ ချည်မျှင်ညို၊ တက်ထရက် ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါ ပိတ်ညို၊ သင်္ကန်းများ၊ တက်ထရက်ပိတ်ရောင်စုံ၊ စွပ်ကျယ် ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန်တာဖက်တာများ၊ ဆေးဂွမ်း လိပ်များ၊ အိပ်ယာ ခင်းရောင်စုံ တို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ တပ်မတော်၏ လိုအပ်ချက်နှင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်အား ဈေးနှုန်းသက်သာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိကြပြီး စက်ရုံမှ ထုတ်လုပ်ထားသည့် ဆေးပစ္စည်းများအား ကြည့်ရှုကာ စက်ရုံ အစည်းအဝေး ခန်းမတွင် စက်ရုံမှူး ဦးသောင်းဦးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဖွဲ့စည်းမှု၊ စက်ရုံမှ ဆေးဝါးများ ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများ၊ မြွေဆိပ်ဖြေဆေးများ အဆင့် ဆင့်ထုတ်လုပ်နေမှုအခြေအနေများ၊ စက်ရုံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် (6 M) ဆိုင်ရာ စိစစ်သုံးသပ်ချက် အခြေအနေများ၊ နည်းပညာမြင့် စက်များ တပ်ဆင်အသုံးပြုလျက်ရှိမှုအခြေအနေများ၊ ကုန်ကြမ်းရရှိ၊ သုံးစွဲမှုအခြေအနေများ၊ ဆေးဝါး များထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်လျက်ရှိသည့် နည်းစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပုဂ္ဂလိက ဆေးဝါး စက်ရုံများအား ကူညီဆောင်ရွက်ပေးနေမှုနှင့် ပြည်ပမှတင်သွင်းလျက်ရှိသည့် ဆေးဝါးများ အား အစားထိုးနိုင်ရေးအတွက် စက်ရုံမှထုတ်လုပ်သွားမည့်အခြေအနေများနှင့် ပြည်တွင်း၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆေးထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)သည် ကောင်းမွန်သည့် သမိုင်းကြောင်းများရှိသည့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံနှင့် ပတ်သက်သည့် သမိုင်းကြောင်းမှတ်တမ်းများအား စနစ်တကျဖြင့် ထိန်းသိမ်း ထားရှိရန်လိုအပ်ကြောင်း၊ ဆေးဝါးထုတ်လုပ်ရာတွင် အမြတ်ရရှိမှုကို အဓိက မထားဘဲ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် ဦးစားပေးစဉ်းစား ဆောင်ရွက် ကြရန်လိုကြောင်း၊ ဆေးဝါးများ ထုတ်လုပ်ရာတွင် ဆေးများ၏အရည်အသွေးပြည့်မီရန် လိုအပ်သကဲ့သို့ ထုပ်ပိုးမှုပုံစံများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ပြည်သူများ အမှန်တကယ် လိုအပ်သည့် ဆေးဝါးများ ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား နိုင်ငံတော် အစိုးရမှ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအစဉ်ရေးဆွဲ၍ စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ဆေးဝါးထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများအား လုံလောက်စွာ ရရှိရေး နှင့် စက်ရုံမှထုတ်လုပ်သည့် ဆေးဝါးများအား ဖြန့်ဖြူးနိုင်ရေး ဈေးကွက်သုတေသနပြု ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများ အား သုတေသနပြုလုပ်၍ လိုအပ်သည့် ဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံ အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ပမှတင်သွင်းလျက်ရှိသည့်ဆေးဝါးများအား ဈေးကွက် သုတေသနပြုလုပ် ဆောင်ရွက်၍ ပြည်ပတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် စက်ရုံမှထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့် စက်ပစ္စည်းများအား ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဆေးစတင် ထုတ်လုပ်နိုင်သည့် အချိန်မှစ၍ ပြည်သူများအတွက် လိုအပ်ချက်များ ပြည့်မီစွာ ထုတ်လုပ် နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ထုတ်လုပ် သည့် ဆေးဝါးများ၏အရည်အသွေးနှင့် ဈေးနှုန်းများသည် ပြည်ပဈေးကွက်ဖြင့် ယှဉ်နိုင်ရန်လိုကြောင်း၊ အခြားအရေးကြီး ဆေးဝါး များမှအပ ပြည်ပမှတင်သွင်းသည့်ဆေးနှင့် မိမိတို့ စက်ရုံမှ ထုတ်လုပ်သည့် အမျိုးအစားတူ အခြေခံဆေးဝါးများ၏ ဈေးနှုန်းများကို နှိုင်းယှဉ်၍ ခိုင်မာသည့် ဈေးနှုန်း၊ ဈေးကွက် အဖြစ်ရပ်တည်နေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်များအား ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်၍ ပြည်ပမှတင်သွင်းမှုကိုလျှော့ချနိုင်ပါက ပြည်ပငွေ သုံးစွဲမှုကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်အကျိုးရှိသည့် စက်ရုံဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်များအား လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့ ထုတ် နိုင်သည့် ဆေးဝါးများအား တိုးမြှင့်ထုတ်လုပ်သွားရန်လိုကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ဆေးဝါးစက်ရုံများကိုလည်း အားပေးကူညီမှုများ ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း ယခု မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဝန်ထမ်းများအနေဖြင့် နားရက်မရှိတာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်၏ ကျန်းမာရေးအခန်းကဏ္ဍကိုများစွာ အထောက်အကူပြုခဲ့သည့်အတွက်လည်း အသိအမှတ် ပြုချီးကျူးပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် စက်ရုံအတွင်းရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန၊ ပဋိဇီဝဆေးဝါး ထုတ်လုပ်ရေးဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာန၊ ဆေးဝါးထုတ်လုပ်မှုဌာနတို့အတွင်း လှည့်လည်ကြည့်ရှု၍ ကောင်းမွန်သည့် ထိန်းသိမ်းထားသိုမှုကျင့်စဉ်နှင့်အညီ ကုန်ကြမ်း၊ ကုန်ချောနှင့် ထုပ်ပိုးပစ္စည်းများ သိုလှောင်ထားရှိမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံမှူး နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)ကို ၁၉၅၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ ကာ ၁၉၅၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စက်ရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပေးခဲ့ပြီး စက်ရုံတည် ဆောက်ပြီးစီးခဲ့သည့် ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမောင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်မှ လိုအပ်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနိုင်ခဲ့သည့် သမိုင်းမှတ်တမ်း ကောင်းရှိသည့် ဆေးဝါးစက်ရုံကြီးတစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO Guidelines အတိုင်း တိကျစွာ လိုက်နာကာ ပြည်သူများအတွက် အရည်အသွေး ကောင်းမွန်ယုံကြည်စိတ်ချရသည့် ဆေးဝါး အမယ်ပေါင်း ၁၉၅ မျိုးကို ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သတင်းရရှိသည်။