နေပြည်တော် မတ် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် ကျိုင်းတုံ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြား လို ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေး ပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ကြောင်း၊ နိုင်ငံတကာ၌ သဘာဝဘေးအန္တရာယ်ကြုံ တွေ့ချိန်၊ ကပ်ရောဂါကြုံတွေ့ချိန်၊ လုံခြုံရေးအရ ဥပဒေကြောင်းအရ ပိုမိုထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်ချိန်များတွင် အရေးပေါ်အခြေအနေကို ကြေညာလေ့ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲသမာမှုများ နှင့် မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရ သည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မ ကြံစည်ကြိုးပမ်းလာမှုများကြောင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ကာ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ယာယီသမ္မတက တပ်မတော်ကို ထိန်းသိမ်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်လာခဲ့ခြင်းဖြစ်ကြောင်း။
မိမိအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရွေးကောက်ပွဲမတိုင်မီကာလတွင် လည်းလာရောက်ခဲ့ပြီး တပ်မတော်သားများ၊ မိသားစုများနှင့် တွေ့ဆုံစဉ် ရွေးကောက် ပွဲနှင့် ပတ်သက်၍ တရားမျှတ ပြီး ရိုးသားသည့် ရွေးကောက်ပွဲဖြစ်စေလိုကြောင်း၊ မိမိဒေသနှင့် တိုင်းပြည်၏ အကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူများကို ရွေးခြယ်မဲပေး ကြစေလိုပြီး မဲမပေးပါက မိမိတို့၏ သဘောထားနှင့် ကိုက်ညီမှုမရှိသူကို ရရှိမည်ဖြစ် သဖြင့် အားလုံးဆန္ဒမဲ ပေးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူအားလုံး လိုလားတောင့်တနေကြသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဖော်ဆောင်ပေးခဲ့ ကြောင်း၊ တိုင်းပြည်တိုးတက် ကောင်းမွန်ရေးကိုသာ အဓိကလိုလားပြီး မည်သည့် အစိုးရ တက်လာသည်ဖြစ်စေ အတူတကွလက်တွဲ၍ နိုင်ငံ၏ ကောင်းရာကောင်းကျိုး များကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမစတင်မီ ကြိုတင်ပြင်ဆင်မှု ကာလ၌ နိုင်ငံရေးပါတီများ၏ ပါတီမဲဆွယ် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာ များကို တွေ့ရှိရကြောင်း၊ ထို့ပြင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဆောင်ရွက်၍ မရသော်လည်း COVID-19 ကို အကြောင်းပြ၍ အမိန့် အမျိုးမျိုးထုတ်ပြန်ကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် လုပ်ဆောင်မှုများကို တွေ့ရှိ ရကြောင်း၊
လက်ရှိအချိန်တွင် မဲစာရင်းများ စစ်ဆေးခြင်းကို အသစ်ဖွဲ့စည်းထားရှိသည့် ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ရွေးကောက်ပွဲ ကော်မရှင်မှ ထိပ်ပိုင်းတာဝန်ရှိသူများကို စစ်ဆေး မေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့ ကော်မရှင်အနေဖြင့် လွတ်လပ်မှုမရှိဘဲ သမ္မတ၏ ထိန်းချုပ်မှု၊ ပြောဆိုမှုများ အတိုင်းသာဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ကို သတင်းစာရှင်းလင်းပွဲ များ၌လည်း ထည့်သွင်း ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မြေပြင်စစ်ဆေး တွေ့ရှိချက်များကို မြို့နယ်တစ်မြို့နယ်ချင်း အလိုက် နေ့စဉ်အသေးစိတ် ထုတ်ပြန်ပေးလျက်ရှိပြီး ယခင် တပ်မတော်မှ ထုတ်ပြန်ခဲ့သည့် စစ်ဆေးတွေ့ရှိချက်ထက်ပင် မဲသမာမှုများ ပိုမိုများပြားနေသည်ကို တွေ့ရှိရ ကြောင်း။
တပ်မတော်မှ စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ် အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှစတင်၍ NLD ပါတီဝင်များနှင့် ထောက်ခံသူ များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခု အခါဆူပူ ဆန္ဒပြသည့် အဆင့်မှ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုးဖောက်မှုအဆင့်များမှ တစ်ဆင့် ပွိုင့် ၂၂ သေနတ်၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်၊ လက်လုပ်လက်ပစ်ဗုံးများ၊ မီးပုလင်း၊ မီးကွင်း ကဲ့သို့သော အဖျက်အမှောင့်လက်နက် များကို ကိုင်ဆွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေး ဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ် အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်း ရန်ကြိုးပမ်းအားထုတ်မှုများ စသည့် လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင့် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက် လာခြင်းတို့ ပြုလုပ်လာကြောင်း၊ ထို့ကြောင့် မည်သို့မျှ မတတ်သာသည့်အဆုံး လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းသို့ ဆူပူဆန္ဒပြမှုများသည် အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး ငြိမ်းချမ်းစွာသတ်မှတ်ချက်များနှင့်အညီ ဆန္ဒပြခြင်းများရှိသကဲ့သို့ စည်းကမ်းနှင့်ကိုက်ညီမှုမရှိသဖြင့် ဥပဒေနှင့်အညီ ဖြိုခွင်းခဲ့ရမှုများလည်း ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လူကိုသေစေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း၊ အမိန့်ပေးခြင်းများ မရှိခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အေးချမ်းစွာ နေထိုင်လိုသူများ၏ အသက်အန္တရာယ် ထိခိုက်စေသည်အထိလုပ်ဆောင်လာခဲ့၍သာလျင် မလွှဲသာမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်းများ ရှိခဲ့ကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေး အနေဖြင့် မဲစာရင်းများ ကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများ ပိတ်ထားရခြင်းသည် ကျောင်းသားကျောင်းသူများနှင့် မိဘ တစ်ဦးချင်းစီ၏ နစ်နာ ဆုံးရှုံးမှုအပြင် တိုင်းပြည်အတွက်လည်းနစ်နာဆုံးရှုံးမှုပင် ဖြစ်သောကြောင့် ကျောင်း များ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း။
တပ်မတော်သည် တိုင်းပြည်အကျိုးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ပြည်သူက အားကိုးရသည့် တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်စေရေး အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးရန်၊ တိုင်းပြည်ကို ကာကွယ်နိုင်ရန် အမြဲအသင့်ပြင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ် မတော်သားများနှင့် မိသားစုဝင်များ၏ တပ်မတော်အပေါ်၊ တိုင်းပြည်အပေါ်ထားရှိ သည့် ကောင်းမွန်သည့် စိတ်ရင်း၊ စိတ်ဓာတ်များအတွက်လည်း လေးစားချီးကျူးပါ ကြောင်း၊ တပ်ရင်းတပ်ဖွဲ့များအားလုံးအနေဖြင့် စစ်သည်တစ်ဦးချင်းမှစ၍ အရည် အချင်းရှိအောင်၊ တိုးတက်အောင် တည်ဆောက်ပြီး မိမိတို့၏ လုပ်ဆောင်ချက်အားလုံးသည် တိုင်းပြည်အတွက် ဖြစ်ရမည်ဟူသည့် စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အောင်မြင်အောင်၊ အကျိုးရှိအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားနှင့် အဖွဲ့လိုက်လုပ်ဆောင်ရသည့် အားကစားပြိုင်ပွဲများကို လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ အသိပညာဗဟုသုတများ ကြွယ်ဝစေရေးအတွက် မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်ပြီး မိမိတို့၏ ကလေးငယ်များကိုလည်း စာဖတ်အောင် တွန်းအားပေးကြရ မည်ဖြစ်ကြောင်း၊ ထို့ပြင် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို သိရှိအောင် လည်း သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ဆောင်ရန်မှာ မိမိတို့ပစ္စုပ္ပန်တွင် တာဝန်ထမ်းဆောင်နေကြသူ များ၏ တာဝန်ဖြစ်ပြီး ကောင်းမွန်သော အမွေများကို လက်ဆင့်ကမ်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်ကို စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး ခိုင်ခိုင်မာမာ ယုံကြည်ချက်ရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တိုင်းစစ်ဌာနချုပ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များ၏ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တပ်မိသားစု သက်သာချောင်ချိရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်အနေဖြင့် မိမိတို့နိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေသည့် ထိုင်း၊ လာအို၊ တရုတ် နိုင်ငံတို့နှင့် နယ်စပ်ဒေသများ တစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် သတင်း အချက်အလက် ပူးပေါင်းဆောင်ရွက်ရေးများကို ထိရောက်စွာ လုပ်ဆောင်ကြရန်လို ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မတရားသောနည်းလမ်းများ အသုံးပြုကာ နိုင်ငံတော်၏ အာဏာကိုရယူရန် ဆောင်ရွက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်ကို ထိန်းသိမ်းတာဝန်ယူခဲ့ရသည်ကို သိရှိကြမည်ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် မသင်္ကာဖွယ် မဲစာရင်းပေါင်း ၁၀ သန်း ကျော်အထိ မသမာမှုများ လုပ်ဆောင်ခဲ့ခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျသည့် လုပ်ရပ်ဖြစ်သဖြင့် လက်ခံ၍ရနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို အရေး ပေါ် အခြေအနေအဖြစ်ကြေညာလုပ်ဆောင်ခဲ့ရကြောင်း၊ တပ်မတော်၏ တရားဥပဒေ နှင့်အညီလုပ်ဆောင်ခဲ့မှုအပေါ် NLD ပါတီအဖွဲ့ဝင်များနှင့် မလိုလားသူများက လက်မခံ နိုင်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်လာသည်ကို တွေ့ရှိရပြီး EAOs များကလည်း သံယောင်လိုက် ပြောဆိုမှုများလုပ်ဆောင်လာကြကြောင်း၊ RCSS/SSA အဖွဲ့အနေဖြင့် တပ်မတော်၏ နိုင်ငံတော်၏တာဝန်ထိန်းသိမ်း ဆောင်ရွက်မှုများကို ဦးစွာဝေဖန် ပြောကြားခဲ့ကြောင်း၊ KNLA တပ်မဟာ(၅) အနေဖြင့် KNU ဗဟိုဦးစီးကော်မတီဝင် များ နှင့် KNLA စစ်ဦးစီးချုပ်တို့၏ တားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ ယခုလ ၂၇ ရက်နေ့တွင် တပ်မတော်က အခြေပြုထားသည့် ထီးမူထစခန်းအား NCA ကိုလိုက်နာမှု မရှိဘဲ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း။
ထိုကဲ့သို့ဆောင်ရွက်နေခြင်းများမှာ ၎င်းတို့၏ နောက်ကွယ်မှ ထောက်ပံ့နေ သည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အလိုကျပြောဆို လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း၊ ၎င်းနိုင်ငံများနှင့် အဖွဲ့အစည်းများသည်လည်း NLD အစိုးရ ဆက်လက်ရှိ နေမှသာလျင် ၎င်းတို့လိုချင်သည့် ပုံစံနှင့် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်သည့် အစိုးရကို ရရှိမည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြောကြားစေခြင်းဖြစ်ကြောင်း၊ EAOs များ၏ လုပ်ဆောင်မှုများကို မပြတ်စောင့်ကြည့်ပြီး ဆက်စပ်နိုင်ငံများကိုလည်း သတင်း ဖလှယ်မှု အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေရန်လိုကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့် တိုင်းစစ်ဌာနချုပ်အလိုက် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန် စွာထမ်းဆောင်နိုင်ရေး အမြဲစစ်ရေးသတိ၊ စစ်ရေးအသိ ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။