နေပြည်တော် မတ် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဦးစိုင်းလုံးဆိုင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း တို့လိုက်ပါ၍ ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်းက မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းပေါ်ရှိ ကျိုင်းတုံမြို့ရှောင် (ကတ္တရာ-ကွန်ကရစ်) လမ်း၊ လမ်းအရှည် ၁၀ ကီလိုမီတာ၊ အကျယ် ၇ မီတာကို ဖောက်လုပ်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိအချိန်တွင် ၁.၂၃ ကီလို မီတာထိ ဖောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (ကတ္တရာ-ကွန်ကရစ်)လမ်း ခင်းကျင်းရာတွင် သတ်မှတ်ချက်များနှင့် ပြည့်မီစွာ ခင်းကျင်းရေး၊ လမ်းကြောင်းပေါ်တွင် ရေတင်ကျန်ပြီး လမ်းပျက်စီးမှု မရှိစေရေးအတွက် လမ်းကြောင်းတစ်လျှောက် ရေနုတ်မြောင်း ဖောက်လုပ်မှုကို လမ်းအနိမ့် အမြင့်အလိုက် ထားရှိသင့်သည့်မြောင်းအကျယ်ပမာဏကို တွက်ချက်လုပ်ဆောင် နိုင်ရေးနှင့် ကျိုင်းတုံမြို့၏ ရာသီဥတု အခြေအနေကို ချိန်ထိုးကိုက်ညှိ၍ တွက်ချက် ဖောက် လုပ်နိုင်ရေး၊ လမ်းကြောင်းပေါ်တွင် ဆောင်ရွက်ရန် လိုအပ်သည့် တံတားများကို ပုံစံ ဒီဇိုင်းရေးဆွဲထားရှိရေး လိုအပ်သည်များကို ပြန်လည်ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့ရှောင်လမ်း ဖောက်လုပ်ထားမည့် လျာထားမြေသား လမ်းကြောင်း ပေါ်တွင် ယာဉ်ယန္တရားများ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆွေး နွေးမှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြ သည်။ ထို့နောက် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တန်ဆောင်မုန်း လပြည့်နေ့တွင်ကျရောက်မည့် မဟာမြတ်မုနိဘုရားကြီး ရာပြည့်ပွဲတော်အတွက် လိုအပ်သည်များကို ပြင်ဆင်လုပ်ဆောင် ထားရှိရန် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။