နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော် ဧပြီ ၄

  တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ် ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်ကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်းတွင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

  အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစု များ တက်ရောက်ကြသည်။

  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် ယနေ့အထိ တပ်မတော်အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေများအရ နိုင်ငံတော်၏ တာဝန်များကို တာဝန် ယူဆောင်ရွက်ခဲ့ရသည်မှာ ၂ လကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊  ယခုအခြေအနေသို့ မရောက်ရှိမီ ကာလများအတွင်း မိမိအနေဖြင့် တပ်နယ် အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက်ရန် အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေး ချမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်အတွက် ပါတီစုံဒီမိုကရေစီစနစ် မှန်ကန်ပါက အေးချမ်းမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တွင် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူက ရွေးချယ်ခြင်းဖြစ်သဖြင့် မှန်မှန် ကန်ကန်ဖြင့် လုပ်ဆောင်ပါက ကောင်းမွန်မည်ဖြစ်ပြီး မှန်ကန်မှု မရှိပါက အတိုက်အခံများ ပိုမိုများပြား လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမျှတပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

  ရွေးကောက်ပွဲ မတိုင်မီကာလများကို ပြန်လည်လေ့လာကြည့်ပါက ပါတီ မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်ရာတွင်လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တရားမျှတမှုများ မရှိခဲ့သည်ကို သံသယဖြစ်စရာများ တွေ့ရှိရကြောင်း၊ ပါတီ၏မူဝါဒများ ကြေညာ၍ မဲဆွယ်စည်းရုံးရာ၌ပင် ဆင်ဆာဖြတ်တောက်မှုများ ရှိလာ ခဲ့ပြီး COVID-19 အကြောင်းပြ၍ အမိန့်မျိုးစုံ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့် နေရာတိုင်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကထား ဦးတည်၍ ပြောကြားခဲ့ကြောင်း။

  ဒီမိုကရေစီ အစိုးရသက်တမ်း ပထမ ၅ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ဦးသိန်းစိန် အစိုးရသည် အထိုက်အလျောက် အောင်မြင်မှုများ ရရှိအောင် လုပ်ဆောင် နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ တပ်မတော်နှင့် လက်တွဲ၍ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၄ နှစ်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုနိုင်သည်အထိ လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသစ် တက်လာသည့် အစိုးရသည်လည်း ပြည်သူ လူထုမျှော်လင့်ထားသည့် အတိုင်းအတာအထိ စွမ်းဆောင်မှုများ မလုပ်ဆောင် နိုင်ခဲ့သည့် အပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့သည် ကိုပင် တွေ့ရှိလာရကြောင်း။

  ထို့ကြောင့် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရခြင်းကို စိတ်ပျက်လာကြပြီး မဲမပေးကြရေး လှုံ့ဆော်မှုများကို လုပ်ဆောင်လာခဲ့ကြကြောင်း၊ ဒီမိုကရေစီစနစ်တွင် မဲ မပေးပါက မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးများ နစ်နာမည်ဖြစ်သဖြင့် မိမိအနေဖြင့် ရောက်သည့် နေရာတိုင်းတွင် အားလုံးဆန္ဒမဲ ပေးကြစေရေးနှင့် မိမိ ဒေသနှင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည့်သူ၊ ဥပဒေကို နားလည်မည့်သူ ၊ စေတနာ ထား၍ အုပ်ချုပ်နိုင်မည့်သူ ကိုရွေးချယ်မဲပေးကြစေရေး အမြဲတိုက်တွန်းပြောဆိုခဲ့ ကြောင်း။ ရွေးကောက်ပွဲပြုလုပ်ပြီး မဲရလဒ်များထွက်ပေါ်လာသည့် အချိန်တွင် မသင်္ကာဖွယ်ရာ ရလဒ်များ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခဲ့ရာတွင် လည်း စုစုပေါင်း သံသယဖြစ်ဖွယ် မဲမသမာမှု ၁၀ သန်း ကျော်အထိ ရှိခဲ့သည်ကို တွေ့ရှိ ရကြောင်း၊ ထိုသို့ မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့် အပြင် နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန်အထိ ကြိုးပမ်းလာမှုများကိုပါ လုပ်ဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီ သမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က ခေတ္တ တာဝန်ယူထိန်းသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်း ဆောင် ရွက် လျက်ရှိကြောင်း၊ မဲစာရင်းများ ကြီးမားစွာ မှားယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းသည် ဒီမိုကရေစီကို ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်းဖြစ်သဖြင့် မည်သို့မျှ လက်ခံ၍ ရ နိုင်မည် မဟုတ်ကြောင်း၊လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းများကို မြို့နယ်တစ်ခုချင်းစီအလိုက် အသေးစိတ် စစ်ဆေးလျက်ရှိပြီး စစ်ဆေးမှုများ အားလုံးပြီးစီးပါက ပေါင်းချုပ် စာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဂတိ လိုက်စားမှုများကိုလည်း စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း။

  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံတိုးတက်စေရေးအတွက် ဦးတည်ချက် ၉ ရပ် ချမှတ်ကာ လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ပြီး စွမ်းရည်စွမ်းအား နှင့် ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

  မိမိတို့ တစ်ဦးတစ်ယောက်ချင်း၏ နေထိုင်ပြောဆိုလုပ်ကိုင်မှုများမှ တစ်ဆင့် တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်း စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေး လုပ်ငန်းများကို အလေးထား လုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး အတွက်လည်း လုပ်သင့်လုပ်ထိုက်သည့် ကိုယ်လက်လှုပ်ရှား အားကစားနှင့် စာပေဖတ်ရှု လေ့လာခြင်းများကို မိမိသာမက မိမိ၏ မိသားစုများကိုပါ လုပ်ဆောင်တတ်စေရန် လေ့ကျင့်တိုက်တွန်း ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်း စနစ်တကျရှိပြီး အမိန့် နာခံတတ်သည့် တပ်မတော်ဖြစ်သည်နှင့်အညီ ညီညွတ်မျှတသည့် အုပ်ချုပ်မှု အဆင့်ဆင့် ရှိရမည်ဖြစ်ပြီး လူမှုရေးအရနှင့် အုပ်ချုပ်ရေးအရ အုပ်ချုပ်ခြင်းကို ခွဲခြားသိမြင်ကာ ဦးဆောင်ဦးရွက် ပြုနိုင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

   ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

   အလားတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် သည် မကွေးတပ်နယ်ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ တပ်မတော်မှ နိုင်ငံတော်၏ တာဝန်အရပ် ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် နှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းကာ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

    ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က စားသောက်ဖွယ်ရာများကို ပေးအပ်ရာ လေတပ်စခန်း ဌာနချုပ်မှူး က လက်ခံရယူခဲ့ကြသည်။

   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးညွန့်ဖေ သည် မကွေးတက္ကသိုလ်နှင့် မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ပညာရေး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ COVID-19 ရောဂါဖြစ်ပေါ်မှုကြောင့် ကျောင်းများ ပိတ်ထားရသဖြင့် တိုင်းပြည် နစ်နာသည်သာမက မိဘများနှင့် ကာယကံရှင်ကျောင်းသား၊ ကျောင်းသူ များပါ နစ်နာကသဖြင့် မကြာမီတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ သင်ကြားမှု သင်ယူမှု အထောက်အကူ ပြုပစ္စည်းများကို စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် လိုအပ်သည်များကို တင်ပြတောင်းခံသွားရန် လိုအပ်သည့် အခြေအနေများ၊ လက်ရှိတွင် ဆရာ၊ ဆရာမ များကို အဆင့်မြှင့်တင်ရေး သင်တန်းများ ပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ မိမိတို့တာဝန်ကျသည် ကျေးရွာများ၌ လျှပ်စစ်မီးမရ၊ ရေမရသည့် နေရာများဖြစ်ပါ က ဆိုလာစနစ်ဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး တင်ပြကြရန်နှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။

   အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်လည်း မကွေးတိုင်းဒေသကြီးရှိ ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့်  ပြည်သူ့ဆေးရုံကြီးတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်ပေးသွားရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေး တိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံ ကြည့်ရှု၍အားပေး စကားပြောကြားခဲ့ ကြောင်းနှင့် အသစ်ထပ်မံ ဆောက်လုပ်ထားရှိသည့် ဆေးရုံသစ်ကြီးအား လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။