နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆူပူအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့ရှိ စက်မှုဇုန်များသို့ သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆူပူအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့ရှိ စက်မှုဇုန်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှု မြို့စီမံခန့်ခွဲရေးရုံးသို့ ရောက်ရှိ ကြရာ ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေလင်ပန်း စက်မှုမြို့အတွင်း  စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ဆောင်ရွက်နေမ ှုအခြေအနေများ၊ မြို့နယ်အတွင်း ပြည်သူများ နေထိုင်နေမှု အခြေအနေနှင့် ရွှေ့ပြောင်း လုပ်သားများ၏ နေထိုင်မှု အခြေအနေများ၊ စက်ရုံအလုပ်ရုံများအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှု အခြေအနေများ၊ ရွှေ့ပြောင်း အလုပ်သမား များအတွက် နေအိမ်အဆောက်အဦ စီစဉ်ဆောင်ရွက်ပေးနိုင်မည့် လျာထား အခြေအနေများ၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက် များအား ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်သူများ အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် စက်ရုံအလုပ်ရုံများ ပုံမှန်အတိုင်းပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ဆူပူအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စက်ရုံအလုပ်ရုံများ၏ အာမခံငွေကြေးများ ထုတ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုကြောင်း၊ အချို့စက်ရုံ အလုပ်ရုံများရှိ အလုပ်သမားများ လစာများ ထုတ်ယူရရှိရန် ခက်ခဲလျက်ရှိကြောင်း တင်ပြချက်အပေါ် အမြန်ဆုံးထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် ငွေကြေးထုတ်ယူ သုံးစွဲမှုများကိုလည်း  စည်းကမ်းချက်များနှင့်အညီ အဆင်ပြေစွာ ထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ လုံခြုံမှုရှိစေရေး အတွက် လုံခြုံရေးဝန်ထမ်းများ ခန့်အပ်တာဝန်ပေးရန် လိုအပ်ကြောင်း၊ နယ်မြေခံပြည်သူလူထုကလည်း  မိမိရပ်ရွာ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကလည်း နယ်မြေလုံခြုံရေး ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်  စက်မှုဇုန်အတွင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် စက်ရုံအလုပ်ရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်ငန်းရှင်များ၏ ဖြစ်စဉ်အကြောင်းအရာ အပေါ်တင်ပြချက်၊ လုပ်ငန်းဆိုင်ရာအပေါ် တင်ပြချက်များအား အဖွဲ့ဝင်များအဖြစ်  လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် မြို့နယ်ခန်းမများသို့ ရောက်ရှိပြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ အတွင်းရှိ ဒေသခံ ပြည်သူများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီ၊ ပဲများ ပေးအပ် လှူဒါန်းပွဲများသို့ သီးခြားစီ တက်ရောက်သည်။

အခမ်းအနားများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း ရန်ကုန်မြို့အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့်  အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံများ မီးလောင် ပျက်စီးခဲ့ရသည့် အခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်းပင် ဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ရသည့် နောက်ခံကြောင်းအရင်းမှာ လူအများ၏ စားဝတ်နေရေး အခက်အခဲများနှင့် နိုင်ငံရေး မကျေနပ်မှုများကြောင့် ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်အရ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို လက်ခံသော်လည်း အကြမ်းဖက် ဖျက်ဆီးမှုများကို လက်ခံ၍ မရကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများရှိသကဲ့သို့ စားဝတ်နေရေးအခက်အခဲများကြောင့် သွေးထိုးလှုံ့ဆော်လိုသူများထံမှ ငွေကြေးများ ရယူ၍ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုများအထိ ကျူးလွန်ခဲ့သူများလည်း ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း စက်ရုံအလုပ်ရုံများ ပိတ်သိမ်းထားမှုကြောင့် ပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်ကလည်း တပ်မတော်မှ လှိုင်သာယာမြို့နယ် အတွင်း ဆန်၊ ဆီနှင့် ပဲများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း။

ယခုကာလတွင်လည်း လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်အိတ် ၃၃၃၃၃ အိတ်၊ ဆီ ပိဿာ ၁ သိန်းနှင့် ပဲပိဿာချိန် ၁ သိန်းတို့အား ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ မိမိတို့လှူဒါန်းသည့် ဆန်၊ ဆီနှင့် ပဲများကိုလည်း အမှန်တစ်ကယ် လိုအပ်နေသည့် ရသင့်ရထိုက်သည့် ဒေသခံပြည်သူများ လက်ဝယ်သို့ရောက်ရှိရေး တာဝန်ရှိသူများကစနစ်တကျ ခွဲဝေပေးအပ်ကြစေလိုကြောင်း၊ အခါအခွင့်သင့်ချိန် များတွင်လည်း ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် 'စုပေါင်းညီညာ အောင်ကြောင်းဖြာ'ဆိုသည့် အတိုင်း ပြည်သူအားလုံး စုပေါင်းအားဖြင့် ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်း မဟုတ်ဘဲ ဒီမိုကရေစီ စနစ်ပိုမိုခိုင်မာစေရန် အတွက် ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်သဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး လုပ်ငန်းများကို ဒီမိုကရေစီစနစ်၊ စည်းကမ်း၊ ကျင့်စဉ်များအတိုင်းသာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ယိုယွင်းနေမှုများကို အမြန်ဆုံးပြန်လည်တည့်မတ်အောင် ကြိုးပမ်းလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုမှ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့် ဆန်၊ ဆီနှင့် ပဲများအားပေးအပ် လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီနှင့် ပဲများ လှူဒါန်းခဲ့မှုအပေါ် မြို့နယ်အလိုက် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လာရောက်၍ ပေးအပ်လှူဒါန်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ၂၃-၂-၂ဝ၂၁ ရက်နေ့ နောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများမှတစ်ဆင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းမကြီးများကို ပိတ်ဆို့ခြင်း၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များ

တွင် လုပ်သားများ မှီခိုလုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံကြီးများအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အခြေခံ လုပ်သားများအနေဖြင့် အလုပ်အကိုင် ခဏတာ ဆုံးရှုံးနေစဉ် ယခုကဲ့သို့ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၁၄ ရက်တွင် အကြမ်းဖက် ရမ်းကားသည့် လူအုပ်စုများက တာမွေ၊ အင်းစိန်၊ ရွှေပြည်သာ၊ သာကေတ မြို့မရဲစခန်းများကို လူအုပ်စုဖြင့် လာရောက်၍ မီးရှို့ပြီး ဝင်ရောက်တိုက်ခိုက် စီးနင်းရန်ကြိုးစားခဲ့ကြောင်း၊ ၎င်းအပြင် လှိုင်သာယာ မြို့နယ်ရှိ လုံခြုံရေးရဲကင်း နေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အအုံနှင့်မော်တော်ယာဉ်များအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့်အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာပမြို့နယ် စက်မှုဇုန်တို့ရှိ စက်ရုံများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ရပ်များ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အား မတ်လ ၁၄ ရက်တွင် တွင်လည်းကောင်း၊ မတ်လ ၁၅ ရက်တွင် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း)နှင့်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) အား ထုတ်ပြန်ခဲ့ရသည်။

ယခုအခါ အဆိုပါနယ်မြေအတွင်း ပြန်လည်တည် ငြိမ်လျက်ရှိကြောင်းနှင့် စက်ရုံအလုပ်ရုံများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လျက် ရှိကြောင်း သတင်းရရှိသည်။