နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဧပြီ ၂၄

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက် ကြသည်။

  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ SOEKARNO HATTA လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိရာ အင်ဒိုနီးရှားနိုင်ငံမှ Chief of State Protocol Mr. Andy Rachmianto၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်အိအိခင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဉီးအောင်မျိုးမြင့်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

  ယင်းနောက် အစည်းအဝေး ပြုလုပ်မည့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရှိ Excom Bali ခန်းမသို့ရောက်ရှိကြရာ အာဆီယံ အတွင်းရေးမှူးချုပ် His Excellency Mr. Lim Jock Hoi နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

  အဆိုပါ အစည်းအဝေးသို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ ဘုရင်မင်းမြတ် His Majesty Sultan Haji Hassanal Bolkiah အပါအဝင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

  ဦးစွာ အစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် His Majesty Sultan Haji Hassanal Bolkiah က အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က အစည်းအဝေးကို အပိုင်း(၁) အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်း၊ (၂) အာဆီယံနှင့် ပြင်ပဆက်ဆံရေး၊ (၃)ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများအပေါ် အမြင်ချင်း ဖလှယ်ခြင်း ဟူ၍ အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းသည်များကို ရှင်းလင်း တင်ပြပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် အသီးသီးဆွေးနွေး ကြသည်။

  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးရာတွင် အာဆီယံဒေသတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်း ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှု လုပ်ငန်းစဉ် များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးသွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ဉီးတည်ချက်များ အောင်မြင်စေရန် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်(TAC)ပါ အခြေခံမူများနှင့်အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

  ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာကြရာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဉီးအောင်မျိုးမြင့်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့် အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများက SOEKARNO HATTA လေဆိပ်သို့လိုက်ပါ ပို့ဆောင်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် လေဆိပ်နားနေဆောင်၌ မြန်မာသံရုံး၊ စစ်သံရုံး တို့မှ မိသားစုများနှင့် တွေ့ဆုံ၍ လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးဖြစ်ရပ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

  ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများအတွက် လက်ဆောင် ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက လက်ခံရယူကြသည်။

      ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင် ငံမှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။