နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့်

နေပြည်တော်  မတ်  ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရန်အောင်မြင်ခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ရဲသူရိန်ခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံ၍ အားပေးအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မန္တလေး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်    မိသားစုများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ၂ဝ၂ဝ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ၁ဝ ဒသမ ၄ သန်းကျော် သံသယဖြစ်ဖွယ် မဲစာရင်း မှားယွင်းမှုများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးမှု မရှိသည့်အပြင် လွှတ်တော်၊NLD  အစိုးရအဖွဲ့မှ ငြင်းပယ်ခဲ့သည့် အခြေအနေများ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့မှုကို ငြင်းပယ်ခဲ့သည့် အခြေအနေများ၊  နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပါ ပေးအပ်ထားသည့် တာဝန်များအရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ထိန်းသိမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကာလများအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ကာ    နိုင်ငံတော်၏ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအား   ဆောင်ရွက်သွားမည့် အခြေအနေများအား    အသေးစိတ် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြောကြားရာတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် မီဒီယာများက တစ်ဖက်သတ် သတင်းမှားများ ထုတ်လွှင့်နေမှုများကို သတိပြုဆင်ခြင်၍ အမှားနှင့် အမှန်ခွဲခြား သိမြင်ရန်လိုအပ်သည့် အခြေအနေများ၊ အတိတ်သမိုင်း သင်ခန်းစာများကို သိရှိစေရေးအတွက် ၁၉၈၈ ခုနှစ်၊ အရေးအခင်းတွင် ကိုယ်တွေ့ကြုံခဲ့ရသူများ၏ ဆွေးနွေးမှုများကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်လွှင့်ပေးနေမှု အခြေအနေများ၊ တပ်တွင်း စည်းလုံးညီညွတ်ရေးကို ရေပက်မဝင်သည်အထိ တည်ဆောက်၍ အထက်အောက် ညီညွတ်မျှတစွာ တာဝန်ခွဲဝေ၍ ပေါင်းစပ် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့်   ကျန်းမာရေး ကောင်းမွန်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်သော အသောက်အစား၊ အနေအထိုင်များကို ရှောင်ရှားနေထိုင်ရန် လိုအပ်သည့် အခြေအနေများအား အသေးစိတ်ရှင်းလင်း မှာကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့က မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မန္တလေးတိုင်း ဒေသကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ဖွယ်ရာများ၊လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ကြပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။