နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၉

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလိုအရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင်ပူးပေါင်းပါဝင် ရန်လှုံ့ဆော်ခြင်း၊ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ်စေရန် နှင့် ပြစ်မှုကျူးလွန်လာစေရန် လူမှုကွန်ယက်ပေါ်မှတဆင့် သွေးထိုးလှုံ့ဆော်ရေးသား ခြင်းနှင့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ကျောက်ဖျာ(၁)လမ်းနေ စံငြိမ်း(ခ)စိုးညီ(ဘ)ဦးစိုးအောင်ကို ဇွန် ၈ ရက် ညနေ ၆ နာရီခန့်တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကော့သောင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။