နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၈

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ Social Punish-ment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင်  ရည်ရွယ်ချက် ရှိရှိဖြင့် ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိသူများအား ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး သတင်းထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၄၁)ရပ်ကွက်၊   မဉ္ဇူသကလမ်း၊   အမှတ်(၁၁၆၁)နေ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် (ခ)စစ်ကိုပိုင် (၂၄)နှစ် (ဘ)ဦးထွန်းထွန်းမိုးအား  ယနေ့နံနက်  ၅ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင်   တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်သော ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်သည့် ကောင်းမြတ်ထွန်း (ဘ)ဦးငွေကောင်း(၂၉)နှစ်သည် ဆူပူအကြမ်းဖက်မှုများနှင့် ဝန်ထမ်းများအား   CDM  တွင်ပါဝင်လာစေရန် ဖိအားပေးခြင်း၊ ဦးဆောင် ပါဝင်ခြင်းကြောင့် လည်းကောင်း၊ ဆူပူအကြမ်းဖက်မှုများတွင် ဦးဆောင်လှုံ့ဆော် ပါဝင်ခဲ့သည့် အဆိုပါကျေးရွာနေ NLD ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းလွင်အား လည်းကောင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးရပ်၊ ရွှေပြည်သူ(၂) လမ်းတွင် နေထိုင်သည့် ကျော်မြတ်အောင်(ဘ)ဦးမြတ်ဇော်(၂၇)နှစ် သည် ၎င်း၏့ U Kyaw Myat Aung  Facebook Account ဖြင့် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသား၍ မြို့ပေါ်နေပြည်သူများအား ဆူပူအကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ခြင်းကြောင့် လည်းကောင်း၊     ရွှေပြည်တန်ရပ်ကွက်၊  ဗိုလ်ချုပ်လမ်းနေ  ဇော်ဇော်(မဇ္ဈိမအလွတ်တန်း သတင်းထောက်)သည် ၎င်း၏   တောင်ပိုင်းသား သတင်းအေဂျင်စီ Page  မှတစ်ဆင့်  တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆန္ဒပြမှုများနှင့် ပတ်သက်၍ လှုံ့ဆော်ရေးသားခြင်း၊ မဟုတ်မမှန်သော သတင်းများ ဝါဒဖြန့်ရေးသားခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် သမားများအဖြစ် ဝါဒဖြန့် ရေးသားခဲ့ခြင်းများကြောင့် လည်းကောင်း၊  ဧပြီ ၇ ရက်တွင် ၎င်းတို့၏ နေအိမ်များ၌ အသီးသီး ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်။

အဆိုပါဖမ်းဆီး ထိန်းသိမ်းထားသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ    ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။