နေပြည်တော် မေ ၂၃
၁၃၈၂ ခုနှစ်၊ နိုင်ငံတော်မှ ဆက်ကပ်သော ''အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ'' ဘွဲ့တံဆိပ်တော်ရရှိခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဓမ္မသုခကျောင်းတိုက် ဆရာတော် ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောမ အား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌပူဇာပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ဓမ္မသုခကျောင်းတိုက် ဆရာတော် ပြည်နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ပြည်နယ်သြဝါဒါစရိယ မင်းကန်နိကာယ ပဝါရဏာ ဂိုဏ်းအုပ်/ဂိုဏ်းချုပ်၊ ရသေ့တောင်မြို့နယ်၊ တင်းကုတ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမေဓာဝီထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် ပေါက်တောမြို့နယ်၊ မင်းတဲကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏက ဓမ္မသုခ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီး ပညာမဂ္ဂင်ကျောင်း ဆရာတော် ဘဒ္ဒန္တသုမနက ပူဇာရဟဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ နိုင်ငံတော်မှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ''အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ'' ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသည့်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်သည့် ထပ်ဆင့်ဂုဏ်ပြုလွှာ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အလံတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆိုင်းဘုတ်တို့ကို ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်အား ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဓမ္မသုခကျောင်းတိုက် ဆရာတော်က သြဝါဒကထာ ချီးမြှင့်ပြီး တက်ရောက် လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ ကြကြောင်း သတင်း ရရှိသည်။