နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား  ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၇

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသူ များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး သတင်းထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် Beauty   Blogger မဝင်းမင်းသန်း အား ဧပြီ ၆ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ BH Hotael တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ စံပြမြို့သစ်ရပ်၊ အမှတ်(၁၅) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ဝင်းဝင်းမြ အား ဧပြီ ၆ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

    ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ အိမ်အမှတ်(၅၀)တွင် နေထိုင်သော ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် ခရေစုမြတ်ကျော်(ဘ)ဦးကျော်စွာဝင်းသည် ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသား၍ CDM တွင် ပါဝင်လာအောင် ဦးဆောင်လှုံ့ဆော်ခြင်း၊ ရန်ပုံငွေကောက်ခံခြင်းနှင့် CDM မလုပ်ဆောင်သည့် အခြားပညာရေး ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ဧပြီ ၅ ရက်တွင် ခရေစုမြတ်ကျော် အား ၎င်းကိုင်ဆောင်သည့် ဖုန်း ၂ လုံးနှင့်အတူ နေအိမ်၌ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

    အဆိုပါဖမ်းဆီး ထိန်းသိမ်းထားသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။