နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
ဖော်ပြပါ ဆရာဝန်များအနက် လွိုင်ကော်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ခိုင်ငြိမ်းအေး (အထူးကု)သည် မင်းသုခ အထူးကုဆေးခန်းနှင့် ဆေးဆိုင်၌ လည်းကောင်း၊ လွိုင်ကော် ပြည်သူ့ဆေးရုံ(နား/နှာခေါင်း/ လည်ချောင်း)မှ ဒေါက်တာ မေသက်ထွန်း(အထူးကု) သည် မြတ်တော်ဝင်အထူးကု ဆေးခန်း၌လည်းကောင်း၊ သထုံပြည်သူ့ဆေးရုံမှ ဒေါက်တာ စိုးအောင်သန်း(ခွဲစိတ်အထူးကု)သည် ဒီဃာယုဆေးခန်း၌ လည်းကောင်း၊ သထုံ ပြည်သူ့ဆေးရုံမှ ဒေါက်တာ နှင်းအေးခိုင်(အထူးကု)သည် ဆေးခန်းဖွင့်လှစ်၍ လည်းကောင်း၊ သထုံပြည်သူ့ဆေးရုံ (ဓာတ်မှန်)မှ ဒေါက်တာ နီလာသန္တာငြိမ်း (အထူးကု)သည် စံပြအထူးကု ဆေးခန်း၌လည်းကောင်း တာဝန်ကျရာ ဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက် ကုသလျက် ရှိကြောင်း မှတ်တမ်း ဓာတ်ပုံများနှင့်အတူ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်။
အဆိုပါ အမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့် ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်း ပိုင်ရှင်များကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်ကျန်းမာရေး ဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များ ထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများသို့ သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်း အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။