နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၁

     ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား ပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

  ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ် (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အိမ်အမှတ်(၁၅၃)နေ NLD ပါတီသတင်းနှင့် ပြန်ကြားရေး တာဝန်ခံဖြစ်သူ နေလင်းထွန်း(ခ)ဖိုးချွန်(ဘ)ဦးစိန်ဝှီးသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း၊ ၎င်းပိုင်ဆိုင်သော မီဂါ မိတ္တူဆိုင်မှ ကြွေးကြော်သည့် စာများဖြန့်ဝေခြင်း၊ ကျိုက်လတ်ဟစ်တိုင် Group ၌ Admin အဖြစ်ပါဝင်ကာ မြို့နယ်အတွင်းရှိ ပြည်သူများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပြည်သူ များ အထိတ်တလန့်ဖြစ်စေရန် မမှန်သတင်းများဖြန့်ဝေခြင်း၊ အကြမ်းဖက် ဖောက်ခွဲ ရေးလုပ်ငန်းများ လုပ်ကိုင်ရန် သင်တန်း တက်ရောက်လိုသူများအား လက်နက်ကိုင် သောင်းကျန်းသူများနှင့် ဆက်သွယ်ပေးခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ဧပြီ ၁၉ ရက် တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

  ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ဗိုလ်ဗထူး လမ်း၌  ယနေ့တွင် ဆူပူအကြမ်းဖက်သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ နိုင်လင်းထွန်း(ဘ)ဦးမောင်ကျော်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်ဆေးမေးမြန်းခဲ့ရာ ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ ဒက္ခိဏ (Dakkhina Insight) Page တာဝန်ခံ လုပ်ဆောင်၍ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် ရေးသား သွေးထိုး လှုံ့ဆော်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ မတည်မငြိမ်ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရေးသားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ၊ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

    ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဆူပူအကြမ်းဖက် ဆန္ဒပြမှုဖြစ်စဉ် များနှင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများအား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသည့် လာမူဒိတ်ကာ(ခ)ထက်မြတ်ကျော်(ဘ) ဦးလားပတ်လျန်နာ အပါအဝင် အမျိုးသား ၄ ဦးအား တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ PEAK& TLUANG PULL အထည်အလိပ်အရောင်းဆိုင်၌ ယနေ့တွင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ၊ ၅၀၅(က)ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။