နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သင်ကြားရေးနှင့်ပတ်သက်၍ နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်သားသမီးများ များစွာ ရှိသော်လည်း အဆင့်မြင့်ပညာ သင်ကြားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သစ်တော တက္ကသိုလ်များသာရှိပြီး အခြားတက္ကသိုလ်မရှိကြောင်း၊ ဝန်ထမ်းမိသားစု များရှိ မျိုးဆက်သစ်သားသမီးများ၏ ပညာရေးအဆင့်မြှင့်တင်ရာတွင် အဆင့်မြင့် ပညာရေး အဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေလိုအပ်မည် ဖြစ်သည့် အတွက် တာဝန်ရှိသူအသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တက္ကသိုလ် နေရာသည် ယခင်အားကစားတက္ကသိုလ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် အားကစားတက္ကသိုလ်မဖွင့်နိုင်ခဲ့ကြောင်း၊ ယင်းကိုအခြေခံ၍ တက္ကသိုလ်အင်္ဂါရပ်နှင့်ပြည့်စုံအောင် အဆောက်အဦများဖြည့်တင်းတည်ဆောက် ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းအတွင်းလိုအပ်သည့် သင်ကြားရေးအဆောက်အဦများ၊ အုပ်ချုပ်မှု အဆောက်အဦများဆောက်လုပ်ရာတွင် စနစ်တကျတွက်ချက်ပြီး ရေရှည်ကို မျှော်တွေး၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုစီမံကိန်းနှင့်ပတ်သက်၍ အခေါ်အဝေါ်သတ်မှတ်ခြင်းနှင့် ဌာနဖွဲ့စည်းမှုများကို သတ်မှတ်ရာ၌ အခြားနိုင်ငံ ကြီး များတွင် အသုံးပြုသည့် ဘာသာရပ်ဆိုင်ရာ အသုံး အနှုန်းများနှင့် လုပ်နည်းစနစ်များကို လေ့လာဆောင်ရွက်၍ စနစ်တကျ သတ်မှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော် ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်မှ သတ်မှတ် အရည်အချင်းကိုက်ညီသူများကို အဓိကထားရွေးချယ်ရန်လိုပြီး ဘာသာရပ်အလိုက် ထူးချွန်သူများကို ဦးစားပေးရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ ယခုနှစ် ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသား များကို လက်ခံသင်ကြားပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့မှတဆင့် ပညာသင်နှစ်အလိုက် ဆင့်ကဲ့ဆင့်ကဲ စနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသားများကို ဆက်လက် ခေါ်ယူသင်ကြား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏ နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိအဆောင်များတွင်နေထိုင်၍ တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ NSA တွင် ရွေးချယ် ထားသော ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း၊ အဓိကကျသည့် ဘာသာရပ်များကို စနစ်တကျဖြင့်သင်ကြားပေးပြီး နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်သည်အထိ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ယခု တက္ကသိုလ်တွင် အဆင့်မြင့်ပညာ ပါရဂူဘွဲ့များ ပေးအပ်နိုင်သည်အထိ သင်ကြား ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည်တော် တက္ကသိုလ်တို့ သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင်ပါဝင်နိုင်သည် အထိလုပ်ဆောင်ပေးနိုင် ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုကြောင်း၊။
ဆောက်လုပ်ရေးနှင့်ပတ်သက်၍ အဆောက်အဦများဆောက်လုပ်ရာတွင် ရေရှည် တည်တံ့ကောင်းမွန်စေရန်အတွက် စနစ်တကျတွက်ချက်၍ မျှော်တွေးဆောင်ရွက်ရန် လိုကြောင်း၊ တက္ကသိုလ် ဆရာ၊ ဆရာမ များအတွက် နေထိုင်ရေး အဆောက်အဦများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားရန်လိုပြီး ကျောင်းဆောင်များ ဆောက်လုပ်ရာ တွင် ဂုဏ်ထူးတန်းများအတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာသင်ကြားရေးတွင် ဓာတ်ခွဲခန်းနှင့် စာကြည့်တိုက်များသည် မဖြစ်မနေ လိုအပ်ပြီး E-library ကိုလည်း တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ဧည့်ပါမောက္ခ၊ ဧည့်ဆရာ၊ ဆရာမများ တည်းခိုနေထိုင်ရေးအတွက်လည်း ကြိုတင် စဉ်းစားထားရန်လိုကြောင်း၊ အဆောက်အဦများ စနစ်တကျပြည့်စုံစွာတည်ဆောက် နိုင်ရေးအတွက် တစ်ဆင့်ချင်း စဉ်းစားပြီးလုပ်ဆောင်သွားရန်လိုကြောင်းဖြင့် မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Naypyitaw State Academy Main အဆောက်အဦကြီးအတွင်း လှည့်လည်၍ စာသင်ခန်းမဆောင်များ၊ သင်ထောက်ကူပြုပစ္စည်းများ ခင်းကျင်း ထားရှိမှု၊ Hall ခန်းမကြီး တည်ဆောက် ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်ကျ စရိတ်သက်သာပြီး အဆင့်မီစေရန်၊ ဂုဏ်သိက္ခာနှင့် လျော်ညီမှုရှိစေရန် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားသည်။
အဆိုပါ Naypyitaw State Academy စီမံကိန်းကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မေွးထုတ် ပေးနိုင်ရေးအတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိ မြို့နယ်တွင် ယခုနှစ် ဧပြီလမှစတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှုများ အဆင် ပြေချောမွေ့ စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက် တို့ကို ပြည့်စုံ စွာဖြင့် ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း၊ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏ သားသမီးများ အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့်လည်း အဆင့်မြင့်ပညာ များကိုသင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။