နိုဝင်ဘာ ၁ ရက်မှစတင်၍ အီတလီစီးရီးအေပြိုင်ပွဲတွင် ပရိသတ်များ အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်
ရောမ၊ ဘောလုံး
အီတလီစီးရီးအေဘောလုံးအဖွဲ့ချုပ်သည် နိုဝင်ဘာလမှစတင်ပြီး စီးရီးအေပြိုင်ပွဲတွင် ပရိသတ်ဦးရေအကန့်အသတ်မရှိ ဝင်ရောက် ကြည့်ရှုခွင့်ပြုမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။ အီတလီစီးရီးအေပြိုင်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြီးခဲ့သည့် နှစ်ရာသီ အတွင်း ပရိသတ်ဝင်ရောက် ခွင့်မရရှိဘဲ ကစားခဲ့ကာ ယခုဘောလုံးရာသီမှသာ အကန့်အသတ်ဖြင့် ပြန်လည် ဝင်ရောက် ခွင့်ရရှိခဲ့ ခြင်း ဖြစ်သည်။
လက်ရှိ ဥရောပတစ်ဝန်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ထိန်းချုပ်နိုင်သည့် အခြေအနေများကြောင့် အင်္ဂလန်ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ ပြင်သစ်လီဂူး ပြိုင်ပွဲနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတို့တွင် ပရိသတ် အကန့်အသတ်မရှိ ပြန်လည်ဝင်ရောက်ခွင့်ပြုနေပြီ ဖြစ်သော်လည်း စပိန်လာလီဂါပြိုင်ပွဲနှင့် အီတလီစီးရီး အေပြိုင်ပွဲတို့တွင် ပရိသတ်အကန့်အသတ်ဖြင့်သာ ဝင်ရောက် ခွင့်ပြုထား ခြင်းဖြစ်သည်။
လက်ရှိတွင် စီးရီးအေဘောလုံးအဖွဲ့ချုပ်က ၅၀ ရာခိုင်နှုန်းသာ ခွင့်ပြုထားခြင်းကို အောက်တိုဘာလတွင် ကွင်းဆံ့သည့်ပမာဏ၏ ၇၅ ရာခိုင်နှုန်းအထိတိုးမြှင့်ပြီး ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကာ အဆိုပါ ပမာဏခွင့်ပြုပြီးနောက် မည်သည့်ပြဿနာမျှ မပေါ်ပေါက် ပါက နိုဝင်ဘာ ၁ ရက်မှစတင်ပြီး ယခင်ကကဲ့သို့ ပရိသတ်ဦးရေအကန့်အသတ်မရှိ ပြန်လည်ဝင်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
Ref;Dello Sports