နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး၌ ဆူပူဆန္ဒပြသူများအား ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်  ဖေဖော်ဝါရီ   ၁ဝ

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ် လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့် အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာနိုင်သဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ- ၁၄၄ ကိုထုတ်ပြန်၍  လူငါးဦး သို့မဟုတ် ငါးဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တား မြစ်ချက်များအား ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့   ထုတ်ပြန်ထားရှိသော်လည်း နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်း အနီး၌ လူအင်အား ၁၅ဝ  ခန့်ပါဝင်သော  ဆူပူဆန္ဒပြသူများသည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှ စတင်၍ ကြွေးကြော်သံများကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့    လုပ်ဆောင်လျက်ရှိသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် မေတ္တာရပ်ခံ ပြောဆိုခဲ့သော်လည်း လူစုခွဲခြင်း မရှိဘဲ ဆူပူဆန္ဒပြသူ ၁ဝဝဝ ကျော်ခန့်အထိစုဝေးလာခဲ့ကာ ကြွေးကြော်သံများကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းတို့ကို လုပ်ဆောင်လာခဲ့သောကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကြေညာထားရှိကြောင်းနှင့် လူစုခွဲရန် လက်ကိုင် အသံချဲ့စက်များဖြင့် ထပ်မံသတိပေးပြောကြားခဲ့သည်။

ရာဇဝတ်ကျင့်ထုံး  ဥပဒေပုဒ်မ-၁၄၄ ကြေညာထားရှိသဖြင့် ဥပဒေကို လေးစား လိုက်နာရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း ဆူပူဆန္ဒပြသူများသည် မွန်းလွဲပိုင်း အထိ လူစုခွဲခြင်းမရှိသည့်အပြင် ပိုမိုအရှိန်မြှင့်၍ ဆူပူမှုအသွင် ဖန်တီးလာသဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက် မှုဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်း ဥပဒေ နှင့်အညီ ဆန္ဒပြလူအုပ်ကြီးအား လူစုခွဲနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများက လေးခွများ၊ ကျောက်ခဲ၊ အုတ်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေနိုင်သော   ကုန်းသီး၊ သံမူလီခေါင်းတို့ဖြင့် ပစ်ခတ်ခြင်းများ စသည့် အကြမ်းဖက် လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ခဲ့ခြင်း၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဆူပူဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များအား ရန်လိုသည့် အပြုအမူများပါ ကျူးလွန်လာ သဖြင့် မလွှဲသာမရှောင်သာဘဲ ပစ်ခတ်ထိန်းသိမ်းခဲ့ရာ ဆန္ဒပြသူခြောက်ဦး ဒဏ်ရာရရှိ ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်မှသာ လူစုကွဲခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆူပူဆန္ဒပြသူများအား ထိန်းသိမ်းစဉ် ၎င်းတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများ ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီးရဲအသုံးအဆောင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ဆန္ဒပြသူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များကို  ယခုလိုပဲ ကြားသိရပါသည်။

''ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်း ရုံးတက်ချိန်မှာ ဆန္ဒပြလူအုပ် ၃ဝဝဝ ခန့်ဟာ သပြေကုန်းအဝိုင်း ပတ်လည်အား ဝိုင်းပိတ်ဆို့၍ ရုံးဝန်ထမ်းများ ရုံးသွားလာမှုမပြုနိုင်ရေးအတွက်  ဟန့်တားခြင်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သွားလာမှုအဆင်ပြေစေရေး အတွက် သပြေကုန်းအဝိုင်းပတ်လည်မှာ လုံခြုံရေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ ပျဉ်းမနား၊ တောင်ညိုလမ်း  သပြေကုန်းအဝိုင်းလမ်း အနီးမှာရှိသည့် စိန်ဒေါင်းမီနီမတ် အနီးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တာဝန်ယူဆောင်ရွက်နေတဲ့ ရှေ့ကို လူအုပ်စုကြီး ရောက်ရှိလာတာ ဖြစ်တယ်။ ဆန္ဒပြတဲ့အုပ်စုဟာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို တရားဝင် ခွင့်ပြုချက်ရယူခြင်း မဟုတ်တဲ့အတွက် ဥပဒေနဲ့ ဆန့်ကျင်သဖြင့် လူစုဝေးခြင်းမပြုရန်နှင့် လူစုခွဲဖယ်ရှားဖို့ အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် သတိပေးပန်ကြားခဲ့သော်လည်း ရှင်းလင်းသွားခဲ့ခြင်း မရှိတဲ့အတွက် ကျွန်တော် တို့တပ်ဖွဲ့အနေဖြင့် လူစုလူဝေး ကြီးကြပ်ထိန်း သိမ်းခြင်း၊ သင်ခန်းစာပါ လုပ်ငန်းစဉ်သုံးဆင့်အတိုင်း လူစုဖယ်ရှားရန် ဆောင်ရွက်ခဲ့ပါတယ်။

လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာလည်း ထိခိုက်မှု အနည်းဆုံးဖြစ်နိုင်မည့် နည်းလမ်း တွေသာ အဓိကထား သုံးစွဲခဲ့ပါတယ်။ သို့ပေမယ့် အဆိုပါ လုပ်ငန်းစဉ်များဆောင်ရွက်ရန် ပြင်ဆင်စဉ်မှာပဲ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ဆန္ဒပြလူအုပ်စုမှ ရှေ့ဝဲ/ယာမှနေ၍ လူကိုသေစေနိုင်သော ကျောက်စရစ်ခဲကြီးများ၊ သံလုံးများ၊ အုတ်များ၊ ကုန်းသီးများ၊လေးသီးများ၊ အရက်ပုလင်းခွံများ၊ တုတ်များ၊ ဝါးများကို အသုံးပြု၍  စတင်တိုက်ခိုက်ရန်ပြုခြင်းခံရပါတယ်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့်  ကျွန်တော်တို့ အရာရှိနှင့်တပ်ဖွဲ့ဝင်များ ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အရာရှိ နှစ်ဦး၊ တပ်ဖွဲ့ဝင် ခြောက်ဦးကိုတော့ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဒါ့အပြင်  ရဲတပ်ဖွဲ့ပိုင်ပစ္စည်းများလည်း   ထိခိုက်ပျက်စီး ခဲ့ရပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့အနေဖြင့် အများပြည်သူနဲ့ ဝန်ထမ်းများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက်   ဆူပူဆန္ဒပြမှု ပြီးဆုံးချိန်အထိ ဆက်လက် ဆောင်ရွက်သွားမှာ   ဖြစ်ပါတယ်။''

''ကျွန်တော်တို့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အနေအထားနဲ့ သိမ်းဆည်းထားရှိခဲ့တဲ့ သက်သေခံ ပစ္စည်းတွေအရ ကုန်းသီးတို့၊ လောက်စာလုံးတို့၊ နက်တိုင်၊ သံမူလီတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဒါတွေကို အသုံးပြုပစ်ခတ်တာကြည့်ရင် လက်နက်တွေကို ကြိုတင်ပြီးတော့ ယူဆောင်လာတဲ့ အနေအထားတွေ တွေ့ရှိရပါတယ်ခင်ဗျ။ သာမန်ဆန္ဒပြမှုမဟုတ်ဘဲနဲ့ အကြမ်းဖက်မှုဆန်တဲ့ ဆန္ဒပြမှုကို ဦးတည်တယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်ခင်ဗျ။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ရုံးတက်၊ ရုံးဆင်း နေပြည်တော်အဝိုင်းဆိုတာက   နေပြည်တော်ရဲ့ အလယ်ချက်မဖြစ်ပါတယ်။ ဝန်ထမ်းများစွာလာတဲ့အတွက် ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများ စိတ်ချမ်းမြေ့စွာသွားရောက်နိုင်ဖို့အတွက် ကျွန်တော်တို့ လုံခြုံရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့လည်း ထိခိုက်မှု အနည်းဆုံးဖြစ်အောင်ဖြစ်နိုင်မယ့် နည်းလမ်းတွေကို   သုံးသော်လည်း ဆန္ဒပြတဲ့ လူအုပ်စုဘက်က စတင်ပြီးအကြမ်းဖက်တဲ့ အနေအထား ဖြစ်တာနဲ့ ကျွန်တော်တို့လည်း ပြန်ပြီးတော့ တုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ'' ဟု လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

''ဆန္ဒပြပြည်သူ   ၂ဝဝဝ   ကျော်ခန့် ကျွန်တော်တို့ စိန်ဒေါင်းရှေ့ လာရောက်ပြီး စုဝေးဆန္ဒပြသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုဒ်မ ၁၄၄ လာရောက် ထုတ်ပြန်ထားတဲ့အတွက် ဆန္ဒပြပြည်သူများ လူစုခွဲရန်   အမိန့်ပေးသော်လည်း    ဆန္ဒပြသူများမှ ဆက်လက်ဆန္ဒပြနေသည့်အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုဝေးဆန္ဒပြခြင်း မပြုရန် အကြိမ်ကြိမ် သတိပေးသော်လည်း ပြည်သူတွေက  ဆက်လက်ဆန္ဒပြနေသည့်အတွက်   ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လူစုလူဝေးဆန္ဒပြခြင်း သင်ခန်းစာအတိုင်း ဆန္ဒပြပြည်သူများအား လူစုခွဲရာ ဆန္ဒပြ  ပြည်သူများက  တုတ်၊ ကျောက်ခဲ၊   ကုန်းသီး၊  ပုလင်းကွဲတွေနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့မှ အရာရှိခြောက်ဦး၊ အခြားအဆင့် ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး အရာရှိနှစ်ဦးနှင့်  အခြားအဆင့်ခြောက်ဦး ဦးခေါင်းနောက်စေ့၊ မျက်ခုံး၊ ခြေထောက်၊ လက်တို့မှာ  ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံမှာ တက်ရောက်ကုသလျက် ရှိပါတယ်''ဟု ဆေးရုံတက်ရောက် ကုသနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

''ကျွန်တော် တာဝန်ကျတာကတော့ ဖြစ်စဉ်ကတော့ ဆန္ဒပြပြည်သူတွေကို ပုဒ်မ ၁၄၄ အရ ကျွန်တော်တို့ အကြိမ်ကြိမ် သတိပေးတယ်။ ပြည်သူတွေက လက်မခံတော့ ကျွန်တော်တို့အယောက် ၃ဝ လောက် လူစုခွဲပြီးတော့ သွားတဲ့အချိန်မှာ ပြည်သူတွေကစ ပြီးတော့ အုတ်နီခဲတွေ၊ ပုလင်းတွေနဲ့ စပစ်ပါတယ်ခင်ဗျ။ စပစ်တဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့တွေ အယောက် ၂ဝ လောက်က မျက်နှာထိတဲ့သူတွေ၊ ခြေထောက်ကျိုးတဲ့လူတွေ၊  ခေါင်းထိတဲ့လူတွေ၊ လက်ကျိုးတဲ့လူတွေရော ပါပါတယ်။ ကျွန်တော်က နောက်စေ့မှာဆိုရင် လေးချက်လောက် ချုပ်ရတယ်။ နားနောက်မှာဆိုရင် သုံးချက်လောက် ချုပ်ရပါတယ်ခင်ဗျ'' ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

''ကျွန်တော် သပြေကုန်းအဝိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန် ဆန္ဒပြနေတဲ့ ပြည်သူတွေ ဆန္ဒပြတဲ့အချိန်မှာ ပုဒ်မ ၁၄၄ အရ ကျွန်တော်တို့က လူစုခွဲဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်။ လူစုခွဲဖို့ အကြိမ်ကြိမ်ပြောဆိုပေမယ့်လည်း သူတို့ကလူစုမခွဲတဲ့အတွက် ကျွန်တော်တို့က အင်အားသုံးပြီး လူစုကိုဖြိုခွဲဖို့ သွားခဲ့တယ်။ အဲဒီအချိန်မှာ သူတို့က တုတ်တွေ၊ ခဲတွေ၊ ကျောက်စရစ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်အပါအဝင်   အခြားရဲတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာအများအပြား ရရှိခဲ့ပါတယ်။

ကျွန်တော်ဆိုရင် လက်နဲ့ခြေထောက်မှာ  ဒဏ်ရာရရှိခဲ့ပါတယ်'' ဟု  ဆေးရုံ တက်ရောက် ကုသနေသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။