နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ထွန်းညှိပူဇော်
နေပြည်တော်၊ နိုဝင်ဘာ - ၁၈
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက် လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုး ပြတရားတော်ကို ဟောကြားတော်မူသောနေ့ထူး နေ့မြတ်ဖြစ်သည်။
တန်ဆောင်တိုင်မီးထွန်းတော်များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီကျင်းပပြုလုပ်ကြပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ၊ အဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက တက်ရောက်မီးထွန်းညှိပူဇော်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော တက်ရောက်လာကြသူများက ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက် လာကြသူများက ရွှေဘုန်းပွင့်စေတီတော်တွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ထွန်းညှိပူဇော်ကြပြီး စေတီတော်ရင်ပြင်တော်တွင် ဆီမီးတစ်ထောင်ထွန်းညှိ ပူဇော်ကြသည်။ ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေ စာတမ်းအား ဖတ်ကြား၍ အမျှပေးဝေသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ အား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီပြုလုပ်ခဲ့သည်။ မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံး အေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။